အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်မလေးရှား နိုင်ငံများတွင် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ သန်းချီ ရှိနေပြီး အများစုသည် လာမည့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲပေးနိုင်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုင်းနှင့်မလေးရှား နှစ်နိုင်ငံ၌ တရားဝင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ သန်း နီးပါးတွင် ကြိုတင်မဲ ပေးရန် လျှောက်ထားသူ ဦးရေသည် ရှိနေသည့် လူဦးရေနှင့်နှိုင်းယှဉ်ပါက အလွန်ပင် နည်းပါးကြောင်း သက်ဆိုင်ရာ သံရုံး တာဝန်ရှိသူများ က ပြောပြကြသည်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိသည့် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁ ဒသမ ၇ သန်း ရှိသော်လည်း မဲပေးရန် လျှောက်ထားသူ တသောင်းဝန်းကျင်သာ ရှိ ကြောင်း၊ ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင် က ပြောသည်။
ထိုင်းရောက် မြန်မာနိုင်ငံသားများ အနက် ကြိုတင်မဲ ပေးလိုပါက သံရုံး၌ သြဂုတ်လအတွင်း လျှောက်ထားကြရန် ရက်သတ်မှတ်ပေး ခဲ့ရာ လျှောက်ထားသူ ၅၀၀ ဝန်းကျင်သာရှိပြီး ၂၂၄ ဦးသာ မဲပေးပိုင်ခွင့်ရှိကြောင်း မြန်မာသံရုံး က ထုတ်ပြန်ခဲ့သည်။
သံအမတ်ကြီး ဦးဝင်းမောင် က“ပထမ တကြိမ်မှာတော့ အလွန်နည်းတယ်၊ ဒုတိယ အကြိမ် ရက်တိုးပေးလိုက်တော့ လျှောက်ထား သူ တသောင်းကျော်လောက် တိုးလာတယ်၊ အဲဒီလူတွေကို မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံ မဲစာရင်းတွေနဲ့ စိစစ်လိုက်ရင်တော့ ပေးခွင့် ရသူ ထောင်ဂဏန်းတော့ ကျန်မယ်ထင်ပါတယ်၊ ပေးပိုင်ခွင့် ရသူတွေရဲ့ စာရင်းကိုတော့ ဒီလအတွင်း ကြေညာပေးသွားမှာပါ”ဟု ဆိုသည်။
ပြည်ပနိုင်ငံ ၃၈ ခု ၌ သန်းချီရှိသည့် မြန်မာများ အနက် ကြိုတင်မဲ ပေးရန် လျှောက်ထားသူ သောင်းဂဏန်းသာရှိသည့်အတွက် လျှောက်လွှာတင်မည့်ရက်ကို စက်တင်ဘာလ ၁၉ ရက် အထိ ဒုတိယ အကြိမ် ထပ်မံ တိုးပေးခဲ့ကြောင်း၊ ထိုသို့ ရက်တိုးပေးသော်လည်း သိသိသာသာ တိုးလာမှု မရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံ၌ အနည်းငယ်တိုးလာကြောင်း သံရုံးက ဆိုသည်။
သံအမတ်ကြီး ဦးဝင်းမောင်က“တချို့က သံရုံးနဲ့ဝေးတော့ သွားလာရ ခက်လို့ မပေးနိုင်ကြတာလည်းရှိမယ်၊ တကယ်လို့ ဒီမှာမပေးချင် ဘူး၊ မြန်မာနိုင်ငံကို ပြန်ပြီးပေးမယ်ဆိုရင်လည်းပဲ အလွယ်တကူ ပြန်လို့ရအောင် ထိုင်း လ.ဝ.က နဲ့ ညှိနှိုင်းဆောင်ရွက်ပေးပါမယ်၊ ဒါပေမယ့် အလုပ်သမားတွေ အနေနဲ့ အလုပ်နားလို့ရမှာ မဟုတ်ဘူး ဆိုတော့ ပြန်နိုင်ကြမယ်လည်း မထင်ပါဘူး”ဟု ဆိုသည်။
ပြည်ပရောက် မြန်မာအများစု မဲပေးခွင့် မရကြခြင်းသည် သက်ဆိုင်ရာ သံရုံးများမှ အာဏာပိုင်အဖွဲ့၏ အလေးထားမှု အားနည်းခြင်း ကြောင့် ဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများက ဝေဖန် ပြောဆိုကြသည်။
သံရုံးတာဝန်ရှိသူများ အနေဖြင့် လူမှုအဖွဲ့ အစည်းများ၊ အလုပ်သမား အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်၍ မဲပေးခြင်းဆိုင်ရာများကို ကြိုတင် အသိပညာပေးမှုများ လုပ်ဆောင်သင့်သည်ဟုလည်း ဆိုကြသည်။
လူတိုင်းသည် နိုင်ငံသားတဦး၏ အခွင့်အရေး အရ မဲပေးချင်နေကြကြောင်း၊ သို့သော် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို မသိကြ ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် စနစ်တကျ ပညာပေးမှု မရှိကြောင်း၊ အလုပ်သမားများ အနေဖြင့် မြန်မာပြည် ပြန် ၍ မဲပေးရန် မဖြစ်နိုင်ကြ၍ ထိုင်းနိုင်ငံ၌သာ ပေးလိုကြကြောင်း မဟာချိုင် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့် အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။
၎င်းက“ရွှေ့ပြောင်း အလုပ်သမားအများစုက သံရုံးတို့၊ အင်တာနက်တို့ကို လက်လှမ်း မမီကြပါဘူး၊ အဲဒါကြောင့် သက်ဆိုင်ရာ လူမှုအဖွဲ့တွေနဲ့ ပူးပေါင်းသင့်တယ်”ဟုလည်း ပြောဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအများစုသည် မဲပေးလိုသည့် ဆန္ဒရှိကြသော်လည်း မည်သည့်နေရာ၊ မည်သည့်ရက်၌ မည်သို့ ပေး ရမည်ဆိုသည်ကို သေချာစွာ မသိကြကြောင်း၊ ဘန်ကောက် မြို့ ပတ္တရား ကမ်းခြေ၌ အလုပ်လုပ်နေသည့် မြန်မာအများစုက မဲပေး လိုကြကြောင်း၊ ကမ်းခြေ၌ အလုပ်လုပ်နေသူ မအေးမျိုးသူ က ပြောသည်။
၎င်းက“ပတ္တရားမှာ မြန်မာနိုင်ငံသားတွေအများကြီးရှိတယ်၊ အကုန်လုံးက တရားဝင်အလုပ်သမားကတ် ရှိကြတော့ ရွေးကောက်ပွဲနေ့ မှာ သံရုံးမှာ မဲသွားပေးကြမယ်ဆိုပြီး ပြောနေကြတယ်၊ ကြိုတင် လျှောက်ရတယ်ဆိုတာ အများစုက မသိကြဘူး”ဟုလည်း ဆိုသည်။
ထိုင်းနိုင်ငံ၏ မြောက်ပိုင်း ဒေသတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ အတွက် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံး၌ ကြိုတင်မဲ ပေးနိုင် ရန် စီစဉ်ထားကြောင်း သံအမတ်ကြီး ဦးဝင်းမောင် က ပြောသည်။
သို့သော် ချင်းမိုင်ခရိုင်တွင် မြန်မာနိုင်ငံသား အများအပြားရှိသော်လည်း ကြိုတင်မဲပေးရန် စာရင်းပေးသူ အနည်းငယ်သာရှိကြောင်း သိရသည်။
ပထမ အကြိမ် လျှောက်လွှာတင်သွင်းချိန်၌ ချင်းမိုင် ကောင်စစ်ဝန်ရုံးမပါဘဲ ဘန်ကောက် သံရုံး၌သာ ပေးရမည်ဖြစ်၍ ချင်းမိုင်ခရိုင် တွင် နေထိုင်သူအများစုက မလျှောက်ထားလိုကြကြောင်း၊ ယခုအခါ ချင်းမိုင် ကောင်စစ်ဝန်ရုံး၌ ကြိုတင်မဲ ပေးခွင့်ရမည်ဖြစ်၍ စိတ် ဝင်စားသူတချို့ ရှိလာကြောင်း ချင်းမိုင်မြို့တွင် နေထိုင်သူ ကိုဂျွန်နီ က ပြောပြသည်။
ကိုဂျွန်နီက“မြန်မာနိုင်ငံကို အပြောင်းအလဲဖြစ်ချင်ကြလို့ လူတိုင်းနီးပါးက မဲပေးချင်ကြတယ်၊ ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ မဲက တခြား သူဆီရောက်သွားမှာ စိုးရိမ်လို့ မပေးချင်သူတွေလည်း ရှိတာပေါ့၊ ကျနော်နဲ့ မိတ်ဆွေတွေ၊ အသိတွေ ၂၀ ကျော်လောက်ကတော့ ကြိုတင်မဲပေးဖို့ လျှောက်ထားလိုက်ပါပြီ၊ ရွှေ့ပြောင်းအလုပ်သမား အများစုကတော့ မဲထည့်ချင်ကြပေမယ့် ဘယ်လိုထည့်ရမယ် ဆို တာ မသိကြဘူး”လည်း ပြောဆိုသည်။
အလားတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင်လည်း ကြိုတင်မဲပေးရန် လျှောက်ထားသူ ၅၀၀ ကျော်သာရှိပြီး ထိုသူ များအား မြန်မာနိုင်ငံရှိမိသားစု အိမ်ထောင်စု စာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးရန် ပေးပို့ထားကြောင်း၊ စိစစ်ပြီးပါက မဲပေးခွင့်ရသူများ စာရင်းကို သံရုံး၌ အမြန်ဆုံး ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံး တာဝန်ရှိသူ တဦးက ပြောသည်။
၎င်းက“လျှောက်ထားသူ အရမ်းနည်းပါတယ်၊ ပထမတကြိမ်တုန်းက ဆိုရင် ၂၀၀ ကျော်ပဲရှိတယ်၊ ဒုတိယအကြိမ် သက်တမ်းတိုးပေး တာတောင် ၅၀၀ ကျော်ပဲရှိပါတယ်၊ အများစုကတော့ အလုပ်သမားတွေ ဖြစ်နေတယ်၊ အဲဒါကြောင့် အခက်အခဲတွေရှိနေကြလို့ လျှောက်ထားသူ နည်းတာဖြစ်မှာပါ”ဟု သံရုံး တာဝန်ရှိသူ က ဆိုသည်။
မလေးရှားရောက် မြန်မာအများစုသည် မဲပေးလိုကြကြောင်း၊ သို့သော် မည်သို့ မဲပေးရမည်ကို မသိကြကြောင်း၊ မဲစာရင်း လျှောက် ထား ရမည်ကိုပင် သေချာစွာ နားမလည်ကြကြောင်း၊ သံရုံး တာဝန်ရှိသူများ အနေဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့် နိုးဆော်ပေးမှု၊ အသိ ပညာပေးမှု မရှိကြောင်း၊ ၇ ရက်သားသမီးများ နာရေးကူညီမှု အသင်း (ကပုန်း) ဥက္ကဋ္ဌ ဦးဆန်းဝင်း ကလည်း ပြောသည်။
မြန်မာနိုင်ငံသား အများစု မဲပေးခွင့် ရရှိရန် သံရုံး တာဝန်ရှိသူများ အနေဖြင့် မလေးရှားနိုင်ငံရှိ ပြည်နယ် အသီးသီးမှ မြန်မာ အလုပ် သမားအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ နာရေးကူညီမှု အသင်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မည်ဆိုပါက အများစုသည် မဲပေး ပိုင်ခွင့်ရမည် ဖြစ်ကြောင်း၊ ယခုအခါ လျှောက်လွှာတင်ရက် ကုန်ဆုံးသွားပြီဖြစ်၍ မလေးရှားနိုင်ငံရှိ မဲပေးနိုင်သူ မြန်မာ ၄ သိန်း ဝန်း ကျင် မဲပေးခွင့် ဆုံးရှုံးသွားရကြောင်းလည်း ဦးဆန်းဝင်း က ဆက်ပြောသည်။
၎င်းက“ကျနော်ကိုယ်တိုင်ကတော့ မဲပေးဖို့ စာရင်းမပေးထားပါဘူး၊ ဘာကြောင့်လဲဆိုတော့ အယုံအကြည် မရှိလို့ပါ၊ ကိုယ်ကြိုက်တဲ့ လူကို ထည့်ပေမယ့် အဲဒီမဲက တခြားသူဆီ ရောက်သွားမှာစိုးရိမ်လို့ပါ၊ အရင် ရွေးကောက်ပွဲတွေတုန်းက ခံခဲ့ရဖူးထားလို့ပါ၊ ဒီမှာရှိတဲ့ လူ အများစုကတော့ NLD ကို ပေးချင်နေကြတယ်”ဟု ပြောဆိုသည်။
မလေးရှိ မြန်မာအများစုသည် ကွာလာလမ်ပူမြို့နှင့်ဝေးလံသည့် နေရာများ၌ အလုပ်လုပ်နေကြကြောင်း၊ ထို့ကြောင့် မြန်မာအများစုရှိသည့် ပြည်နယ်အားလုံး၌ မဲပေးခွင့် ရရှိရန် ကြိုတင်ဆောင်ရွက် ပေးသင့်ကြောင်း၊ သံရုံးသို့သွား၍ မဲပေးမည့်သူများကိုလည်း မလေးရှား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးမှု မပြုလုပ်နိုင်ရန် မြန်မာသံရုံး အနေဖြင့် မလေးရှား အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင် ရွက် ပေးသင့်ကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။
ကွာလာလမ်ပူမြို့နှင့်အလှမ်းဝေးသည့် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမား တချို့သည် မဲပေးလိုပြီး၊ တချို့က စိတ်ဝင်စားမှု နည်းပါးကြောင်း၊ ထို့အတူ ကွာလာလမ်ပူမြို့သို့ သွားပြီး ပေးရမည်ဖြစ်၍ အလုပ်မှ ခွင့်ယူခြင်း၊ ခရီးစရိတ်ကုန်ကျခြင်း၊ ရဲ ဖမ်းခံရမည်ကို စိုးရိမ်ခြင်း စသည်တို့ကြောင့် မဲမပေးလိုသူများလည်းရှိကြောင်း ပီနန် အရပ်၌ အလုပ်လုပ်သူ ကိုစိုးနိုင် က ပြောသည်။
၎င်းက“ကြိုတင်လျှောက်ရတာကို မသိတဲ့သူတွေလည်းရှိတယ်၊ တချို့ကတော့ မဲပေးရင်လည်းပဲ ဘာမှထူးလာမှာ မဟုတ်ပါဘူးလို့ ပြောသူတွေလည်းရှိတယ်၊ ကိုယ့်နိုင်ငံပြန်ပြီး မဲပေးမယ်ဆိုတာကတော့ အခြေခံ အလုပ်သမားတွေ အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်၊ ကျနော့်ရဲ့ အသိ၊ မိတ်ဆွေတွေထဲမှာတော့ ကိုယ့်နိုင်ငံပြန်ပြီး မဲပေးမယ်လို့ပြောတာ တယောက်မှ မရှိသေးဘူး”ဟု လည်း ပြောဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ပြည်ပရောက် မြန်မာများ၏ ဆန္ဒမဲများ တခြားသို့ ရောက်သွားမည်ကို မလိုလားမှုများနှင့် မဲမသမာမှုများ ဖြစ်ပွားမည်ကို စိုးရိမ်မှုများလည်း ရှိနေကြသည်။ ။