ကမ္ဘာမှာ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတွေ ထွက်ရှိတယ်လို့ နာမည်ကျော်တဲ့ ကချင် ပြည်နယ်က ဖားကန့်မြို့ဟာ ပကာသန တစုံတရာ မရှိတဲ့ တခြား နယ်မြို့လေးတမြို့လောက်တောင် ကြည့်မကောင်းပါဘူး။
ဖားကန့်မြို့ရဲ့လမ်းထောင့်တွေတိုင်းမှာ ဘိန်းဖြူကို အကြောထဲ ထိုးသွင်းပြီးလို့ လက်လွတ်စပယ် လွင့်ပစ်ထားတဲ့ ဆေး ထိုးအပ်တွေ၊ ရပ်ကွက်တိုင်းမှာ လက် ၂ ဆစ်စာ ပုလင်းလေးတွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူမှုန့်ကို အလွယ်တကူ ဝယ် ယူရရှိနိုင်တဲ့ နေရာတွေ လက်နဲ့ ပေါင်တွေမှာ ဆေးထိုးအပ် တန်းလန်းနဲ့ သွားလာနေတဲ့သူတွေ လိင်အလုပ်သမတွေနဲ့ ရှုပ်ယှက်ခက်လို့ပါ။
ဒေသခံတွေကတော့ ဒီလို မြင်ကွင်းမျိုးကို သွားရင်းလာရင်း တနေ့မှ မမြင်ရရင် ဒါဟာ ဖားကန့်မြို့မှ ဟုတ်ရဲ့လားလို့ တွေးယူရတယ်လို့ ပြောကြပါတယ်။ ဘိန်းဖြူရောင်းသူတွေ သုံးစွဲသူတွေက မျက်စိရှေ့မှောက် နေရာတိုင်းမှာ ရှိနေပေ မယ့် ဖားကန့်မြို့က အစိုးရ တာဝန်ရှိသူတွေ ရဲဝန်ထမ်းတွေက ထိထိရောက်ရောက် ဖမ်းဆီးတာမျိုး မတွေ့ရပါဘူး။
ဖားကန့် ဒေသခံ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေကတော့ အခုလို နေ့စဉ် နေရာတိုင်းမှာ မြင်တွေ့နေရတဲ့ မူးယစ် ဆေးဝါး၊ ဘိန်းဖြူ ရောင်းဝယ်မှု သုံးစွဲမှုတွေမှာ အစိုးရ တာဝန်ရှိသူတွေဟာ သူတို့ကိုယ်တိုင် နည်းအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေတာကြောင့် မဖမ်းဆီးကြတာလို့ ပြောပါတယ်။
အစိုးရတာဝန်ရှိသူတွေနဲ့ ရဲတာဝန်ရှိသူအချို့ဟာ ဖားကန့်မြို့က မူးယစ်ဆေးဝါးသံသရာစက်ဝိုင်းမှာ လာဘ်စားပြီး ပါဝင် ပတ်သက် ကိုယ်တိုင်ရောင်းချ စသဖြင့် နည်းအမျိုးမျိုးနဲ့ ပါဝင်နေကြတယ်လို့ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ (Pat Jasan) ဖားကန့်တာဝန်ခံ ဦးဒူလွမ်က ပြောပါတယ်။ ဦးဒူလွမ်က “မူးယစ်ဆေးဝါးရောင်းတဲ့ ရဲတွေကို ကျနော်တို့ ဖမ်းပြီး ခြောက်ပေါက် (ထိပ်တုံး) ခတ်ဖူးတယ်။ ရှေ့တပတ် ကလည်း ဆယ်အိမ်မှူးတယောက် ဆေးရောင်းတာ မိတယ်။ ဒီလိုဖြစ်စဉ်တွေက ဖားကန့်မှာ အထူးအဆန်း မဟုတ် တော့ပါဘူး” လို့ ပြောပါတယ်။
Pat Jasan က ကချင်တိုင်းရင်းသား အရပ်သားတွေနဲ့ ခရစ္စယာန် ဘာသာရေးဆရာတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကို ဖမ်းဆီးပြီး ရဲ လက်အပ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးဖြတ်ပေးခြင်းနဲ့ ဘိန်းစိုက်ခင်း တွေကို လိုက်လံဖျက်ဆီးတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ရဲတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေ အဆင့်ဆင့်ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး အချို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုထဲမှာ နည်းအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေတယ်လို့ အထောက်အထားတွေ ရှိပေမယ့် အထက်လူကြီးတွေက စုံစမ်းစစ်ဆေးပြီး အရေးယူတာမျိုးမကြားဖူးဘူးလို့လည်း ဒေသခံတွေနဲ့ ကချင်အရပ်ဘက် အဖွဲ့ အစည်းတွေက ပြောပါတယ်။
သမ္မတဦးသိန်းစိန် လက်ထက် ၅ နှစ်တာအတွင်း ဖားကန့်မြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲအရာရှိတဦးက မူး ယစ်ဆေးဝါးရောင်းဝယ်မှုများတွင် တာဝန်ရှိသူအချို့ပါဝင်နေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြောရန် မရှိပါဘူးလို့ ပြော ပါတယ်။
ဖားကန့်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ၊ သုံးစွဲသူများ ပေါ်ပေါ်ထင်ထင်ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ အ ဆိုပါ ရဲအရာရှိက “ဒါက ရွှေ့ပြောင်းလုပ်သားတွေ အရမ်းများတယ်။ သူတို့ကြောင့် ဒါတွေ ဖြစ်နေရတာလည်း ဖြစ် တယ်။ အဲဒီမှာ တာဝန်ကျနေတဲ့ ရဲတွေ မူးယစ်တွေအနေနဲ့ ဖမ်းမိတဲ့ အမှုတွေလည်း တော်တော်များများ ရှိပါတယ်။ ဒါ ပေမယ့် ရှိတဲ့ အင်အားနဲ့ အကုန်လုံးကိုတော့ မခြုံမိနိုင်ဘူး” လို့ ပြောပါတယ်။
လွယ်လွယ်လေး ရနိုင်တယ်
ဖားကန့်မြို့နယ်ထဲမှာ ရှိတဲ့ မူးယစ်ဆေးဝါးလို့ ခေါ်တဲ့ အမျိုးအစား အများကြီးအနက် အများဆုံးတွေ့ရှိရတာက ဝါကျင့် ကျင့်အရောင်နဲ့ အဖြူရောင်အမှုန့်တွေ ရောနေတဲ့ ဘိန်းဖြူပါ။ ဘိန်းဖြူကို ကချင်ပြည်နယ်ထဲက ဘိန်းစိုက်ခင်းတွေက နေ အဆင့်ဆင့် ကျိုချက်ပြီး ရတယ်လို့ သိရပါတယ်။
ဘိန်းဖြူမှုန့်ကို ၅၀၀ ကျပ်ကနေ စပြီး ရောင်းချနေပါတယ်။ သုံးစွဲမယ့် ဆေးသမားတွေက သူတို့ သုံးမယ့် ပမာဏ အလိုက် ဝယ်ယူသုံးစွဲကြပါတယ်။ ဆေးသုံးတာ ဝါရင့်လာတဲ့ သူတွေကတော့ လက်နှစ်ဆစ်စာ ပုလင်းလေးတွေနဲ့ ရောင်း တဲ့ ၆၀၀၀ ကျပ်တန် ဘိန်းဖြူမှုန့်ကို တနေ့စာ ဝယ်သုံးကြပါတယ်။
တချို့ကတော့ ဘိန်းမဲကို ဝယ်ယူပြီး အရည်ကျိုသောက်ကြပါတယ်။ ဘိန်းဖြူကို အကြောထဲ ထိုးသွင်းတဲ့သူတွေက တော့ ဆေးထိုးအပ်ထဲကို သုံးစွဲမယ့် ဘိန်းဖြူမှုန့် ပမာဏကို ထည့်ပြီး မိုးရေနဲ့ ရော၊ အကြောထဲကို ထိုးသွင်းပါတယ်။
အကြောထဲကို ထိုးသွင်းတဲ့ အခါမှာ ဘိန်းဖြူမှုန့်တွေ အခဲဖြစ်ပြီး အကြောတွေ ရောင်မှာ စိုးရိမ်တာကြောင့် ဆေးတခါ ထိုးရင် အကြောထဲက သွေးကို ဆေးထိုးအပ်နဲ့ ပြန်စုတ်ထုတ်လိုက် ထိုးသွင်းလိုက် ၃ ကြိမ်ခန့် ပြုလုပ်ကြပါတယ်။
ဘယ်သူတွေ သုံးကြတာလဲ
အခုခေတ်မှာ တနယ်တကျေးက လာရောက်တဲ့သူတွေအတွက် တနိုင်တပိုင် လက်လုပ် ကျောက်စိမ်းတွင်းတွေ လုပ် ပိုင်ခွင့် မရှိတော့တာကြောင့် သူတို့ဟာ ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖော် ရှာဖွေပြီး စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာ ကျောက်စိမ်း ရလိုရငြား လိုက်လံ ရှာဖွေကြပါတယ်။
စွန့်ပစ်မြေစာပုံတွေမှာ ကျောက်စိမ်းလိုက်ရှာတဲ့သူတွေကို ရေမဆေးကျောက်ရှာသူတွေလို့ ခေါ်ဝေါ်ကြပါတယ်။ ရေမ ဆေးကျောက်ရှာသူ အချို့ဟာ ကျောက်ကို မပင်မပန်းရှာနိုင်ဖို့အတွက် ဘိန်းဖြူသုံးစွဲကြပါတယ်။ အချို့ကလည်း ကိုယ် တိုင် သုံးစွဲလိုစိတ် မရှိဘဲ အပေါင်းအသင်းက စမ်းသုံးခိုင်းရာကနေ စွဲသွားကြတာပါ။
ပုသိမ်မြို့ကနေ ဖားကန့်ကို ကားမောင်းတဲ့ အလုပ်လုပ်ကိုင်ရန် လာရင်း ဆေးစွဲသွားတဲ့ ကိုသူရအောင်က “၂၀၁၀ လောက်က သူငယ်ချင်းတွေနဲ့ လိုက်လာရင်း အပျော်လုပ်တာကနေ ဆေးသမားဘ၀ ရောက်သွားတာ။ အိမ်ကိုတော့ ဖုန်းဆက်ရင် အလုပ်လုပ်နေတယ်ပဲ ပြောထားတာ။ ဆေးသမားဖြစ်နေတာကို အသိ မခံချင်ဘူးလေ” လို့ ပြောပါတယ်။
ကိုသူရအောင်က သူ့လို ဆေးစွဲတဲ့သူတွေအနေနဲ့ ကြုံရာကျပန်း လုပ်ကိုင်ကာ ဆေးသုံးဖို့ ငွေကြေးကိုသာ အဓိကရှာ ပြီး ဖားကန့်မြို့အတွင်းက ဆေးသမားတွေ စုနေတဲ့ တောင်ကုန်းလေးတွေမှာ မိုးကာဖျင်တွေနဲ့ အခန်းလေးတွေ ဖွ့ဲပြီး နေထိုင်ကြတယ်လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေရဲ့ စာရင်းကို အတိအကျ ပြုစုထားတာ မရှိပေမယ့် မျက်မြင်အရ လမ်းထောင့်တွေမှာ ဆေးသမားတွေ သီးသန့်နေထိုင်တဲ့ တောင်ကုန်းတွေပေါ်မှာ တွေ့ရသူ အများဆုံးက ရခိုင်ပြည် နယ်နဲ့ အညာဒေသက ကျောက်စိမ်းတူးဖို့ လာကြတဲ့သူတွေ ဖြစ်ပါတယ်။
ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးနော်လာန်ကတော့ “ ဖားကန့်မှာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ ယောက်လောက်က ဆေးသုံးကြတယ်။ တချို့ကျတော့ စွဲသွားတယ်၊ တချို့ကျတော့ စမ်းတာပေါ့။ အမျိုး သမီးတွေလည်း သုံးကြတာ ရှိတယ်” လို့ ပြောပါတယ်။
ဖားကန့်ဒေသခံ ကချင်တိုင်းရင်းသား လူငယ်တွေမှာလည်း ဒေသမှာ ကျောက်လုပ်ငန်းအပြင် အခြားအလုပ်အကိုင် အခွင့်အရေး ရှားပါးတာကြောင့် အပေါင်းအသင်းတွေနဲ့ ဆေးသုံးစွဲရင်း ဆေးသမား ဖြစ်သွားကြတာတွေလည်း ရှိပါ တယ်။
ဒေသခံ ကချင်တိုင်းရင်းသားတွေကတော့ မူးယစ်ဆေးဝါးများပြားလာတဲ့ ကိစ္စနဲ့ အကျိုးဆက်တွေဟာ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းကြီးတွေ အများအပြား ဝင်ရောက်လာပြီးနောက်၊ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ ဖြစ်လာတာလို့ အပြစ်တင်ကြပါတယ်။
စိုးရိမ်ရတဲ့ အနာဂတ်
မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး သက်ရောက်မှုကို အများဆုံးခံရတာကတော့ ဒေသခံတွေပါ။ မူးယစ်ဆေးဝါးလာရောက်သုံး စွဲတဲ့ တောင်ကုန်းတွေနဲ့ နီးတဲ့နေရာက ဒေသခံတွေက သူတို့ရဲ့ အိမ်ခြံစည်းရိုးတွေ တံခါးတွေကို လူနှစ်ရပ်စာ အမြင့် ကြီး ကာထားကြပါတယ်။
လမ်းပေါ်မှာ ပစ်ထားတဲ့ အပ်တွေ စူးမှာ စိုးရိမ်တာကြောင့် ကလေးငယ်တွေကို အိမ်ပြင်မှာ ဆော့ကစားဖို့ လူကြီး မပါ ဘဲ အိမ်အပြင်ထွက်ဖို့ မိဘတွေက ခွင့်မပြုကြပါဘူး။
ဒေသခံ တဦးဖြစ်သူ ဦးဂမ်အောင်က “ကျနော့် သမီးကို အပြင်ပေး မဆော့ဘူး။ ကျောင်းသွားတာလည်း ကားနဲ့ပဲ အကြို အပို့ပေါ့ မြေကြီးပေါ် မဆင်းခိုင်းဘူး။ အပ်တွေ စူးမိမှာ စိုးရိမ်လို့” ဆိုပြီး ပြောပါတယ်။ ဆေးထိုးအပ် အသုံးပြုထားသူမှာ HIV/AIDS ရောဂါနဲ့ အခြားရောဂါတွေ ရှိနေရင် ကူးမှာကိုလည်း စိတ်ပူရတယ်လို့ ဦးဂမ်အောင်က ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ သူစိမ်းတွေ များလာပြီး ပတ်ဝန်းကျင် ပျက်စီးနေတဲ့ မြို့မှာ သူတို့ရဲ့ သားသမီးတွေကို ကြီးပြင်းစေ ဖို့ တွန့်ဆုတ်လာကြပါတယ်။
ဒေါ်ခေါန်ရှာက “ဒီမှာ နေရင် ဘာမှ လုပ်စရာမရှိဘူး။ အပေါင်းအသင်းတွေနဲ့ တခုခုမှားသွားမှာဆိုတာမျိုး စိုးရိမ်လို့ ကျမသားသမီးတွေကို မြစ်ကြီးနားပို့ထားတယ်။ သူတို့ကို တွေ့ချင်ရင် သွားတွေ့တယ်။ ဒီကို လုံး၀ ပြန်မလာခိုင်းဘူး” လို့ ပြောပါတယ်။
ယောကျာ်လေးဆိုရင်လည်း မူးယစ်ဆေးဝါး သုံးစွဲမိသွားမှာနဲ့ မိန်းကလေးဆိုရင်လည်း ဆေးသမားတွေရှိတဲ့ ပတ်ဝန်း ကျင်မှာ မလုံမခြုံကြီးပြင်းရမှာကို စိုးရိမ်တာကြောင့် ငွေကြေးတတ်နိုင်တဲ့ မိဘတွေကတော့ သူတို့ရဲ့ သားသမီးတွေကို တခြားမြို့တွေ ကျောင်းတက်ခိုင်းတာတွေ အမျိုးတွေအိမ် ပို့ထားတာတွေကို လုပ်ကြပါတယ်။
ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(ဖားကန့်) မှ ဒေါ်ကိုင်ရာကလည်း “ ကျမသားကို အသက်ကြီးလာမှာကို ကြောက်နေတယ်။ ဖားကန့်မှာ ကြီးပြင်းလာမယ့် သူ့အနာဂတ်ကို ကျမ စိတ်ပူတယ်” လို့ ဆိုပါတယ်။
အမျိုးသမီးတွေ ဘ၀ မလုံခြုံ
မိဘတွေက ပတ်ဝန်းကျင်ဆိုးကြောင့် သူတို့ သားသမီးတွေကို စိတ်ပူကြသလို ဖားကန့်မြို့မှာ ကြီးပြင်းရတဲ့ အမျိုးသမီး တွေကလည်း သူတို့ ဘဝတွေ လုံခြုံမှု မရှိဘူးလို့ ပြောပါတယ်။ ဆေးသမားတွေက မူးယစ်ဆေးဝါးသုံးဖို့ ငွေကြေးလို အပ်လိုလာတဲ့အခါ ယောကျာ်သားတွေထက် အားနည်းတဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှာတွေ ခြိမ်းခြောက်တာ တွေ ကြုံရမှာမျိုးကို ထိတ်လန့်နေရတယ်လို့ ဆိုကြပါတယ်။
ဆေးသမားဦးရေ ၃၀ ကျော်ခန့် မူးယစ်ဆေးဝါးသုံးပြီး နေထိုင်တဲ့ တောင်ကုန်းအနီးမှာ နေတဲ့ မဒွဲရာက သူ့အနေနဲ့ အိမ် အပြင်ကို ထွက်ဖို့ မပြောနှင့်၊ အိမ်ထဲမှာ နေရတာတောင် လုံခြုံမှု မခံစားရဘူးလို့ ပြောပါတယ်။
ဆက်လက်ပြီး မဒွဲရာက “ လမ်းသွားမယ်ဆို တချိန်လုံးသတိနဲ့ ကြည့်ပြီး လမ်းလျှောက်ရတယ်။ ဘာလို့လဲ ဆိုတော့ အပ်စူးမိမှာ စိုးလို့။ နောက်အိမ်တံခါးကို ဖွင့်လိုက်တာနဲ့လည်း ဆေးသမားတွေ ဗရမ်းဗတာ နေထိုင်နေတာရှိတယ်။ အဲ ဒါကြောင့် ကျမ ကြောက်တယ်” လို့ သူ ကြုံတွေ့နေရတာတွေကို ပြောပြပါတယ်။
အကြောထဲ ဘိန်းဖြူ ထိုးသွင်းတာကို ၈ နှစ်ကျော် သုံးစွဲခဲ့ပြီး အခုချိန်မှာ ဆေးပြတ်သွားပြီ ဖြစ်တဲ့ ဦးအောင်မြင့် က သူ့အတွေ့အကြုံအရ ဆေးသမားတဦးက ဆေးသုံးဖို့ ငွေကြေးလိုအပ်လာပြီဆိုရင် လုယက်ဖို့ ခိုးဖို့လည်း ဝန်မလေး တော့ဘူးလို့ ပြောပါတယ်။
သူကိုယ်တိုင်လည်း ဆေးသုံးစွဲခဲ့စဉ်က လုယက်မှုနဲ့ ထောင်ကျခဲ့ဖူးတာကြောင့် ဆေးသမားတွေ ဆေးပြတ်ရင်ဖြစ်တဲ့ ခံစားချက်ဟာ ကြောက်ဖို့ ကောင်းတယ်လို့ ဆိုပါတယ်။
အစိုးရသစ် ဘာတွေလုပ်ပေးဖို့ လိုလဲ
ပတ်ဝန်းကျင်ဆိုးမှာ သတိနဲ့ အမြဲ နေထိုင်နေရတဲ့ ဖားကန့်မြို့နယ်ထဲမှာ ကချင်တိုင်းရင်းသားတွေက ကိုယ့်ဒေသ မူး ယစ်ဆေးဝါး ပပျောက်ကင်းစင်လာဖို့ ကိုယ့်အားကိုယ်ကိုးပြီး အရပ်ဘက်ပြည်သူတွေနဲ့ ဘာသာရေးဆရာတွေ ပူးပေါင်း တဲ့ Pat Jasan အဖွဲ့ကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း လုပ်ကိုင်တဲ့အခါမှာ အစိုးရနဲ့ ဒေသမှာ အာဏာရှိ တဲ့ တပ်မတော်တို့က ပိုမိုပူးပေါင်းကူညီပေးဖို့ လိုတယ်လို့ ပြောပါတယ်။
ဦးဒူလွမ်က “ကျနော်တို့မှာ ဆေးရောင်းတဲ့ သူတွေကို ညအမှောင်မှာ ခိုးကြောင်ခိုးဝှက်စောင့်ပြီး ဖမ်းမှ မိတယ်။ ရဲတွေ ဒေသက စစ်တပ်က ကူမယ် ပြောတယ်။ ဖမ်းရင် အကြောင်းကြားပါ ပြောလို့ အကြောင်းကြားတိုင်း ဆေးရောင်းတဲ့သူ တွေ ပျောက်သွားတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်း Pat Jasan အဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့လာတဲ့ အခါမှာလည်း ဆေးရောင်းချနေသူ တွေက ဓားနဲ့ ခုတ်ဖို့ ကြိုးစားတာမျိုးတွေ ဆေးရောင်းချသူတွေကို ဖမ်းပြီး သက်ဆိုင်ရာရဲနဲ့ စစ်တပ်တာဝန်ရှိသူတွေ ဆီ အပ်နှံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘဲ ဖမ်းတယ်ဆိုပြီး ပါးရိုက်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတာတွေလည်း ရှိပါတယ်။
ဒါတွေဟာ ဒေသမှာ တရားဥပဒေ မစိုးမိုးတာနဲ့ အာဏာပိုင်တွေ အစိုးရ တာဝန်ရှိသူတွေက ပူးပေါင်းမှု မရှိဘူးဆိုတာကို ပြသနေတဲ့ အချက်တွေ ဖြစ်တာကြောင့် အစိုးရသစ်အနေနဲ့ တရားဥပဒေ စိုးမိုးမှု ရှိအောင် လုပ်ပေးဖို့ တောင်းဆိုပါ တယ်လို့လည်း ဦးဒူလွမ်က ဆိုပါတယ်။
ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒေါ်ဒွဲရာကလည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများကို ထိထိ ရောက်ရောက် မဖမ်းဆီးနိုင်တာဟာ ဒေသတွင် အာဏာ ရှိတဲ့ အစိုးရတာဝန်ရှိသူအချို့က ပါဝင်ပတ်သက်နေလို့ Pat Jasan မှာလည်း ထိထိရောက် ရောက်မလုပ်နိုင်တာလို့ မှတ်ချက်ပြုပါတယ်။
ဆက်လက်၍ ဒေါ်ဒွဲရာက “ဖားကန့်မြို့က ဗရမ်းဗတာနဲ့ ဥပဒေမရှိ စည်းမရှိ ကမ်းမရှိ အခြေအနေ ဖြစ်နေတယ်။ အစိုး ရသစ်က စဉ်းစားပေးပါ။ ဖြေရှင်းပေးပါ။ ဒီမှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာလူကြီးတွေကလည်း ဒါတွေကို ပပျောက် သွားတဲ့အထိ လုံး၀ မရှိတော့တဲ့အထိ တာဝန်ယူပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
အစိုးရသစ်အနေနဲ့ ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ပေးဖို့နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ ပတ် သက်ပြီး လာဘ်စားထားတဲ့ အစိုးရဝန်ထမ်းတွေကို စိစစ်ပြီး အရေးယူပေးပါလို့လည်း ဒေသခံတွေက တောင်းဆိုကြ ပါတယ်။