Intern ရုပ်ရှင် ဇာတ်ကားမှာ မင်းသားကြီး Robert De Niro က ညအချိန်ပို အလုပ်လုပ်တော့မယ့် သူရဲ့ အလုပ်ရှင် Anne Hattaway ကို ခင်ဗျား အတွက် ဆူရှီ(Sushi) ငါးထမင်းလိပ် ဝယ်ပေးရမလား လို့ မေးလိုက်တော့ Anne က ဟင့်အင်း ကျမ ပြဒါးတွေ အများကြီး စားထားပြီးပြီ No I had ate a lot of mercury already လို့ ပြန်ဖြေလိုက်ပါ တယ်။
ဆိုလိုတာက ဆူရှီ ငါးထမင်းလိပ်တွေ စားရင်း၊ ပြီးတော့ တခြား ငါးဟင်းလျာတွေ စားသုံးရင်း သူဟာ ပြဒါးဓာတ်တွေ အမြောက်အမြား စားမိပြီးပြီ ဆိုတာကို ပြောချင်ပုံ ရပါတယ်။
လူသားတွေ အစားအစာကို စားသုံးကြရာမှာ အဓိက အားဖြင့် ကစီဓာတ်(Carbohydrate) ၊ အသားဓာတ် (Protein) နဲ့ အဆီဓာတ် (Fats) တွေကို စားမိကြပါတယ်။
အဲဒီအထဲက အသားဓာတ်မှာမှ အသားတိုး မွေးမြူရေး တိရစ္ဆာန် (Livestock Breeding) ဆိုတဲ့ ကျွဲ၊ နွား၊ ဝက်၊ ဆိတ် ၊ သိုးက ရတဲ့ အသားဓာတ် (Livestock Meat Proteins) နဲ့ ကျေးငှက် အသား (Poultry Meat) ဆိုတဲ့ ကြက်၊ ဘဲ ၊ ငန်း ၊ ငုံး စတဲ့ ငှက်သတ္တဝါတွေဆီက ရတဲ့ အသားဓာတ်(Poultry Meat Protein)၊ အဲဒါအပြင် Marine and Aqua Food Protein ဆိုတဲ့ ငါး၊ ပုစွန် ၊ ရေချို ရေငန် ၊ ပင်လယ်စာ ရေလုပ်ငန်းထွက်ကုန်တွေကရတဲ့အသားဓာတ်ရယ်လို့ ရှိရာမှာ အဲဒီ တိရစ္ဆာန်တွေကရတဲ့ အသားဓာတ် (Animal Kingdom Based Protein) ချင်းအတူတူ ငါး၊ ပုစွန် ပင်လယ်စာက ရတဲ့ အသားဓာတ်ဟာ ပိုလို့ ကျန်းမာရေးကို အကျိုးပြုကြောင်း အစားအစာနဲ့ အာဟာရ ဗေဒ ပညာရှင်တွေက ပြောကြား သဘောတူကြပါတယ်။ ငါး၊ ပင်လယ်စာတွေကို စားသုံးမှုကနေရရှိမယ့် အကျိုးကျေးဇူးတွေက များလှပါ တယ်။
ပထမ အချက်အနေနဲ့ ငါးစားသုံးမှု က ရရှိတဲ့ ပရိုတိန်း အသားဓာတ်ရဲ့ ဖွဲ့စည်းမှုဟာ အမျှင် တစ်ရှုးမျှင်(Tissue Fiber)မရှည်လျားတဲ့အတွက် နူးညံ့ပြီး အစာကြေလွယ်ပါတယ်။
ဒုတိယ အချက်ကတော့ ငါးအဆီက ရရှိတဲ့ Omega – 3 နဲ့ Omega – 6 တို့ဟာ ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ LDL Bad Cholesterol အဆီဓာတ်ကို ချေဖျက်ပေးပြီး သွေးလွှတ်ကြော ကျဉ်းမြောင်း မာကျစ် ပိတ်ဆို့ခြင်း မှတဆင့် နှလုံး ဆိုင်ရာ ရောဂါများ၊ လေသင်ဓုန်း ဖြတ်ခြင်း၊ အသည်းနဲ့ ကျောက်ကပ် ရောဂါများ၊ အစာချေ အဖွဲ့နဲ့ အူလမ်းကြောင်း ဆိုင်ရာ ရောဂါ တွေကို မဖြစ်ပွားအောင်၊ လျော့နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။
ငါးရဲ့ အသားထဲမှာ ပါဝင်တဲ့ Astaxanthin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ယောင်ယမ်း နာ(Inflammation)ကို ကာကွယ်ပေးတဲ့ အပြင် ငါးရဲ့ အသားဓာတ်ထဲမှာ ရှိတဲ့ Anti-Oxidant အောက်စီဂျင် ဓာတ်တိုးမှုကို မဖြစ်အောင် ကာကွယ်ပေးမှုက စားသုံးသူတွေကို လူ့ ခန္ဓာကိုယ်တွင်းရှိ Mitochondria ဆိုတဲ့ ဓာတ်ပစ္စည်းရဲ့ စွမ်းအားကို မြှင့်တင်ပေး ပြီး သက်ကြီး သတိမေ့လျော့ခြင်း ရောဂါ Alzheimer’s disease နဲ့ အာရုံကြော တုံ့ပြန်မှု တုံ့နှေးရောဂါ Parkinson’s disease ကို ကာကွယ်ပေးပါတယ်။
ကမ္ဘာကျော် ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်း မိုဟာမက် အလီ ဟာ အဲဒီ Parkinson’s ရောဂါမျိုးကို နှစ်ပေါင်း ၃၀ ကြာ ခံစာခဲ့ရပြီး ၂၀၁၆ ခုနှစ် ဇွန်လကမှ အသက် ၇၃ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။
ငါးစားသုံးမှုကြောင့် ခနာကိုယ်အတွင်းက မလိုလားအပ်တဲ့ အဆီပိုတွေကို ဖယ်ရှား လျော့ကျစေပြီး ခန္ဓာကိုယ် အလေးချိန် တိုးပြီးဝဖြိုးမှု ဖြစ်မလာအောင်၊ ပိန်ပါးသွယ်လျ လန်းဆန်း ပေါ့ပါးမှုရှိအောင် အကျိုးပြုပါတယ်။
ငါးစားသုံးမှုဟာ တဖက်မှာ ဒီလို အကျိုးကျေးဇူးတွေ ရှိသလို အခြားတဖက်မှာလည်း ငါးရဲ့ ခန္ဓာကိုယ် ထဲကတဆင့် ရောဂါ ပိုးမွှား အန္တရာယ် ကူးစက်ခြင်း ပဋိဇီဝ ဆေး ဓာတ်ကြွင်းများ စားသုံးမိရာက ဆေးမတိုးနိုင်ခြင်း(Antibiotic resistance) နဲ့ အဲဒီကတဆင့် ဘက်တီးရီးယား ပိုးမွှား မျိုးစိတ်အသစ် ပေါက်ဖွားလာခြင်း ဓာတုပစ္စည်း ဆိုင်ရာ ဘေးအန္တရာယ်၊ အဲဒီကမှ ဆက်စပ်ရောဂါပိုးမွှားအန္တရာယ်များ ဆက်နွယ်ဖြစ်ပေါ်လာခြင်း၊ နောက်ဆုံးတခုကတော့ ငါးစားသုံးရာက ပါဝင်လာတဲ့ ပြဒါး၊ ကြေး၊ အာဆင်းနစ်စတဲ့ သတ္တုလေးနဲ့ ဓာတု ဓာတ်ကြွင်းများ ကူးစက်ရရှိခြင်း ဖြစ်စေပါတယ်။
စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာပြီး အပြိုင်အဆိုင် လုပ်ကိုင်ကြတဲ့ ဒီနေ့ ခေတ်ကြီးမှာ အချိန်လုပြီး ထုတ်လုပ် နေကြရာ က စက်မှုလုပ်ငန်းက ထွက်ရှိလာတဲ့ တဆင့် ရေဆိုးတွေကို အချိန်ပေးပြီး သန့်စင်ခြင်း မပြုလုပ်ကြတော့ဘဲ ပြီးစလွယ် စွန့်ပစ်ကြရာကနေ မြစ်ချောင်း အင်းအိုင်ထဲမှာ ရှင်သန်ကျက်စားကြတဲ့ ငါးအပါအဝင် ရေနေ သတ္တဝါတွေ ဟာ အဆင့်ဆင့် စားသုံး ရှင်သန်ကြတဲ့ Food chain အစားအစာ ဆက်စပ် သံသရာ ကတဆင့် ရေအောက် ကြမ်းပြင် ရေညှိတွေကို ငါးက စားသုံးပြီး ငါးတွေကို လူတွေက တဖန် စားသုံးကြရာမှာ အဲဒီ စွန့်ပစ်ရေဆိုးမှာ ပါဝင်တဲ့ သတ္တုလေး (Heavy metals) တွေ ထဲက ပြဒါးဓာတ် Mercury တွေဟာ ရေညှိရေမှော်တွေနဲ့ ဓာတ်ပြုပြီး အဆိပ်သင့်စေတဲ့ (Methylmercury) အဖြစ်ပြောင်းလဲသွားခါ တဆင့် စားသုံးကြတဲ့ ငါးသတ္တဝါတွေနဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စုဆောင်း များပြားလာပြီး ပြဒါး အဆိပ်သင့်ခြင်း Mercury Poisoning ဖြစ်ပေါ် စေပါတော့တယ်။
ပြဒါး အဆိပ်သင့်ခြင်းဟာ ဦးနှောက်နဲ့အာရုံကြော စနစ်ကို ထိခိုက်ခြင်း၊ ကြွက်သား သန်မာသန်စွမ်းမှုကို လျော့နည်း ထိခိုက် စေခြင်း၊ အမြင်အာရုံ ၊ အကြားအာရုံ ၊ စကားပြောဆိုမှုနဲ့ ပူးပေါင်းနားလည် လုပ်ကိုင်မှု တို့ကို ထိခိုက်စေပါ တယ်။
မျိုးပွားခြင်းနဲ့ သန္ဓေသား ကလေးငယ်များ ကြီးထွားမှုကိုလည်း ထိခိုက်စေတာကြောင့် ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစ ကလေးငယ်များကို နို့တိုက်ထိန်းကျောင်းသော မိခင်များ၊ အရွယ်မရောက်သေးသော ကလေးများနဲ့ အငှား နို့တိုက် မိခင်များဟာ ငါးစားသုံးမှုကို အလွန်သတိထားပြီး မွေးမြူရေး ငါး၊ မြစ်ချောင်း အင်းအိုင်ထဲက ငါး အစား ပင်လယ်ငါး (Seafood) များကိုသာစားသုံးသင့်ပါတယ်။
ပြဒါး အဆိပ်သင့်ခြင်းဟာ ခန္ဓာကိုယ် ခုခံမှု စနစ်(Immune System) ကိုလည်း ခုခံအား ကျဆင်းစေတာကြောင့် အဲဒီကတဆင့် ကူးစက်ရောဂါ မျိုးစုံကို လွယ်လင့်တကူ ကူးစက် ရရှိစေနိုင်ပါတယ်။
ကျနော်တို့ နေ့စဉ် ဝယ်ယူ စားသုံးနေကြရတဲ့ ဈေးထဲက ငါး၊ ပုစွန်တွေမှာ ပြဒါးဓာတ် အဆိပ် (Methylmercury) ပါဝင်မှု ရှိမရှိ ၊ မည်မျှ ပါဝင်သည်ကို တိုင်းတာ စစ်ဆေးနိုင်ခြင်း၊ စက်မှုလုပ်ငန်း ရေဆိုး စွန့်ထုတ်ခြင်းကို သတ်မှတ်ချက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေနဲ့အညီ မကြပ်မတ်နိုင်သရွေ့တော့ စားသုံးသူတွေဟာ ငါးစားသုံးမှုကတဆင့် ပြဒါး အဆိပ်သင့်ခြင်း အန္တရာယ်ကို ရှောင်ရှားကြဖို့ မလွယ်ကူပါဘူး ဆိုတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ ။
ဒေါက်တာ စိုးခိုင်သည် အစားအစာ ဘေးကင်း လုံခြုံရေး(Food Safety) နှင့် ပတ်သက်ပြီး အကြံပေး လုပ်ကိုင်နေသူ (Food Safety Consultant and Management) တဦး ဖြစ်ပါသည်။