၂၀၁၆ သြဂုတ်လ ၁၇ ရက် နေ့တွင် စတင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၄ ရက်ကြာ တရုတ်ခရီးစဉ်သည် အကဲခတ်တို့ မျှော်လင့်ထားသည့် အတိုင်းဖြစ်လာသည်ဟု ဆိုရမည်။ အာဆီယံပြင်ပ ခရီးစဉ် အဖြစ် တရုတ်ကို ပထမဆုံး ရွေးချယ်လိုက်ခြင်း အပေါ် မှန်ကန်သည့် ရွေးချယ်မှု အဖြစ် အားလုံးက ရှုမြင်ကြသည်။
NLD အရပ်သားအစိုးရသစ် အနေနှင့် အစိုးရသစ် တက်ပြီး ပြီးချင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တွေ့သည်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီ (Wang Yi) ဖြစ်သည်။ ယင်းသို့တွေ့ဆုံခြင်းသည် NLD အရပ်သားအစိုးရသစ် အနေနှင့် တရုတ်နှင့် ဆက်ဆံရေးကို အလေးထားသည်ကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အာဆီယံပြင်ပ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်အား ရွေးချယ်ခဲ့သကဲ့သို့ တရုတ်တို့ ကလည်း မြန်မာပြည်နှင့်ပတ်သက်သည့် သူတို့၏ တက်ကြွသည့်ပေါ်လစီကို ဖော်ပြသည့် အနေနှင့် ၂၀၁၆ ဇူလိုင်လ ဆန်းတွင် တရုတ် နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ကင်ဟွေချန် (Geng Hwichang)၊ ၂၀၁၆ သြဂုတ်လဆန်းတွင် တရုတ်ပြည်ကွန်မြူ နစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး (ဌာနကြီးမှူး) မစ္စတာ ဆုန်တောင် (Song Tao) တို့ အသီးသီး လာရောက်ခဲ့သည်ကို တွေ့ရပါသည်။
ဤကူးလူးဆက်ဆံမှုများသည် တရုတ်၏ မြန်မာပြည်ပေါ်ထားရှိသည့် မဟာဗျူဟာ သဘောထားနှင့် သက်ဆိုင်နေသကဲ့သို့ မြန်မာပြည်အနေနှင့် တရုတ်အား ပစ်ပယ်စဉ်းစား၍ မရနိုင်သည့် အခြေအနေမှ ပေါ်ပေါက်လာသည်ဟု ဆိုရပါမည်။
တရုတ်တို့၏ မဟာဗျူဟာသဘောထား
မြန်မာပြည်နှင့်ပတ်သက်၍ တရုတ်တို့၏ မဟာဗျူဟာ သဘောထားမှာ ၂ ပိုင်း ရှိပါသည်။ တပိုင်းမှာ နိုင်ငံရေး စစ်ရေး အပိုင်း ဖြစ်ပြီး နောက်တပိုင်းမှာ စီးပွားရေးပိုင်း ဖြစ်သည်။ နိုင်ငံရေး စစ်ရေးအရ ဆိုလျင် သူ၏ နိုင်ငံလုံခြုံရေး တည်ငြိမ်ရေး အတွက် အလေးထားသည်။ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသများတွင် အမေရိကန်နှင့် သူ၏ မဟာမိတ်များ ထိုးဖောက်ဝင်ရောက်မှုကို အလေးထားသည်။ တရုတ်ပြည်နှင့် မိုင်ထောင်ချီ ဆက်စပ်နေသည့် မြန်မာ ပြည်အား ပို၍ အလေးထားသည်မှာ အံ့သြဖွယ် မရှိပေ။
ယခင် တရုတ်ပြည် ဆင်းရဲစဉ် ကာလများကပင် အင်ဒိုချိုင်းနား ၃ နိုင်ငံ၏ အမေရိကန် ဆန့်ကျင်ရေး စစ်ပွဲအား တရုတ်တို့ အားပေး ကူညီထောက်ပံ့ ခဲ့ပေသည်။ ၁၉၆၈ ခုနှစ်မှ စ၍ တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ CPB အင်အားစုများအား အားပေး ထောက်ခံခဲ့ခြင်းသည် ယဉ်ကျေးမှု တော်လှန်ရေးအတွင်း ထွက်ပေါ် လာခဲ့သော တရုတ်ကွန်မြူ နစ်ပါတီ၏ နိုင်ငံတကာ တော်လှန်ရေးများကို အားပေးကူညီမှုပေါ် အခြေခံသည် ဆိုသော်လည်း အမေရိကန် နီးစပ်ကာ ကွန်မြူနစ် ဆန့်ကျင်ရေး တရုတ်ဆန့်ကျင်ရေး လုပ်နေသည့် ဗိုလ်နေဝင်းတို့အား တုံ့ပြန်သည့် နိုင်ငံရေးမူဝါဒလည်းပါပုံရသည် ဟု ဆိုရမည်။
ယနေ့စူပါ ပါဝါအဖြစ် တက်လှမ်းလာသည့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်သို့ ၎င်း၏ စစ်အင်အားများ ခြေဆန့်ကာ သူ၏ နိုင်ငံလုံခြုံရေး နှင့် တည်ငြိမ်ရေးကို အလေးထား လုပ်ဆောင်လာသည်။ အာဆီယံနိုင်ငံများအပေါ် အမေရိကန်၏ သြဇာသက်ရောက်မှု နှင့် စစ်မဟာမိတ်ဖွဲ့မှု ကို တန်ပြန်နိုင်ရန် တိုးချဲ့လုပ်ဆောင်လာသည် ဟု ဆိုရမည်။
၁၉၈၈ အရေးအခင်းနောက်ပိုင်း အမေရိကန်နှင့်အနောက်၏ ဝိုင်းဝန်း ပိတ်ဆို့ိ့ုခံရ၍ အထီးကျန်နေသော မြန်မာအစိုးရသည် တရုတ်တို့အတွက် ဘုရားပေးသော လက်ဆောင်ဟုဆိုနိုင်သည်။ ပထဝီနိုင်ငံရေးအရ သူ၏ မိုင်ထောင်ချီ ဆက်စပ်နေသည့် မြန်မာပြည်သည် သူ့အတွက် စိတ်ချရသော မဟာမိတ်နိုင်ငံ သဖွယ်ဖြစ်တော့သည်။
နိုင်ငံရေးအရသာမက စစ်ရေးအရပါ စိတ်ချရသည့်ပြင် သူ၏ စစ်လက်နက်ဈေးကွက်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် လည်း သူ၏ နိုင်ငံရေး လုံခြုံရေး အမြင်ပေါ် အခြေခံ၍ မြန်မာစစ်အစိုးရကို အပြည့်အဝ ပူးပေါင်း ဆက်ဆံခဲ့သည်။ ကုလသမဂ္ဂတွင် ဗီတိုအာဏာ သုံး၍ မြန်မာပြည်အား ရပ်ခံကာကွယ်ပေးခဲ့သည်။ တရုတ်တို့သည် သူ၏ နိုင်ငံအကျိုး စီးပွားပေါ် အခြေခံ၍ မြန်မာပြည်သူများက စစ်အစိုးရကို ပြင်းထန်စွာ ဆန့်ကျင်နေမှုအား မျက်ကွယ်ပြုခဲ့သည်။ နိုင်ငံကြီးတိုင်း လိုလို၏ လက်တွေ့ကျသော ရပ်တည်ချက် ဖြစ်သည့် “အမျိုးသား အကျိုးစီးပွား” ပေါ်ရပ်ခံခဲ့ကြသည်။
သို့သော် တရုတ်တို့သည် မည်သို့ပင် မြန်မာပြည် စစ်အစိုးရနှင့် ဆက်ဆံရေး ကောင်းသည် ဖြစ်စေ တရုတ် မြန်မာ နယ်စပ်တွင် ရှိနေသည့် သောင်းနှင့်ချီ အင်အားရှိပြီး မြန်မာအစိုးရ၏ ထိမ်းချုပ်မှု အောက်တွင် မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကောင်းမွန်သော ဆက်ဆံရေး ထားရှိခဲ့သည်။ ဤသို့ ထားရှိခြင်းသည် သူ၏ နယ်စပ် တည်ငြိမ်အေးချမ်းရေး အတွက် မြန်မာပြည် ဗဟိုအစိုးရ၏ တိုက်ရိုက်ထိမ်းချုပ်မှု အောက်တွင် မရှိသော တိုင်းရင်းသား အဖွဲများကို တိုက်ရိုက်ထိတွေ့ခြင်း သြဇာထူထောင်ခြင်း ဖြစ်ရုံသာမက အနောက်သြဇာအောက်တွင် ရှိသည်ဟု တရုတ်တို့ ယူဆထားသည့် ထိုင်းနယ်စပ် အခြေပြု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား မျှခြေပြုရန် ရည်ရွယ်ပုံရသည် ဟု သုံးသပ်ရပါသည်။
တရုတ်တို့၏ မြန်မာပြည်ရှိရင်းနှီးမြှုပ်နှံမှု
တရုတ်တို့၏ မြန်မာပြည်နှင့် ပတ်သက်သည့် မဟာဗျူဟာ နောက်တပိုင်းမှာ စီးပွားရေး မျှော်မှန်းချက်များ ဖြစ်သည်။ တရုတ်တို့ စီးပွားတက်လာပြီး ချိန်ကိုက်ဆိုသလိုပင် အနောက်၏ ပိတ်ဆို့မှု ခံနေရသည့် မြန်မာပြည်သည် တရုတ်တို့ အတွက် ပြိုင်ဘက်ကင်း ရင်းနှီးမြှုပ်နှံခွင့်ရသည့် တိုင်းပြည် ဖြစ်လာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ မြစ်ဆုံစီမံကိန်း ရပ်တန့်ခံရသည့် ကာလက မြန်မာပြည်တွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှု ခေတ္တပြန်လည် ကျဆင်းခဲ့သော်လည်း နောက်ပိုင်း ပြန်လည် မြင့်တက်လာပြီး ယခုအခါ မြန်မာပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်တို့က ထိပ်ဆုံးနေရာ၌ ရှိပေသည်။
လက်ရှိအချိန်တွင် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ အနှစ် ၂၀ စာချုပ်ဖြင့် တကောင်းတွင် နီကယ်ထုတ်လုပ် ရန် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံထားသည်။ ဆားလင်းကြီးမြို့နယ်ရှိ စပါယ်တောင် ကြေးစင်တောင် တို့တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံ၍ တနှစ်လျင် ကြေးနီတန်ချိန် ၄ သောင်း ထုတ်လုပ်နေသည်။ လက်ပံတောင်းတောင်တွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ရင်းနှီးမြှုပ်နှံ၍ တနှစ်လျင် ကြေးနီတန်ချိန် ၁ သိန်း ထုတ်လုပ်နေသည်။
ရပ်တန့်ထားသော မြစ်ဆုံ မြစ်ညှာဒေသ ရေအား လျှပ်စစ်စီမံကိန်းများတွင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံခဲ့သည် ဟုဆိုပါသည်။ ထို့အပြင် လော်စစ်ဟန်၏သား ဖြစ်သူ ဦးထွန်းမြင့်နိုင်၏ အေးရှဝေါလ် ကုမ္ပဏီနှင့် တွဲ၍ သောက်ရေခပ် ကွန်လုံစီမံကိန်းများ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ၉ ခု လုပ်ကိုင်ခွင့်ကို တရုတ်ကုမ္ပဏီများ ရရှိထားသည် ဟု ဆိုပါသည်။
ထို့ပြင် တရုတ်ကုမ္ပဏီများသည် ကွယ်လွန်သူ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း၏သားဖြစ်သူ ပိုင်ဆိုင်သည့် IGE ကုမ္ပဏီနှင့် တွဲ၍ နောင်ဖနှင့် ဟတ်ကြီးအပါအဝင် သံလွင်မြစ်ပေါ်ရှိ ရေအားလျပ်စစ်စီမံကိန်း ၄ ခုကို ရရှိထားသည်ဟု ဆိုသည်။ နောင်ဖမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား တရုတ်သို့ပို့ရန် ရည်ရွယ်ပြီး ဟတ်ကြီးမှ ထွက်သည့် လျပ်စစ်အား ထိုင်းနိုင်ငံသို့ ပို့ရန် ရည်ရွယ်သည်ဟု ဆိုပါသည်။ လက်ရှိအချိန်တွင် နောင်ဖရေအားလျပ်စစ်အား ရှမ်းပြည်နယ် အစိုးရက ခွင့်မပြုဟု ဆိုပါသည်။
ထို့အပြင် ရှမ်းပြည်မြောက်ပိုင်း၌ ဘိန်းအစားထိုး သီးနှံများစိုက်ပျိုးရန် စိုက်ပျိုးရေးနယ်ပယ်၌ တရုတ်ကုမ္ပဏီ ၂၀၀ ခန့် ဝင်ရောက်နေသည်ဟု ဆိုပါသည်။ ရခိုင်ပြည်နယ်တွင်လည်း ယူနန်ပြည်နယ်သို့ ရေနံနှင့် ဓာတ်ငွေ့ ပို့လွှတ်ရန် မဒေးကျွန်း ဆိပ်ကမ်းနှင့် ရေနံဓာတ်ငွေ့ ပိုက်လိုင်းအား သွယ်တန်းပြီးစီး၍ ဓာတ်ငွေ့ စတင်ပို့လွှတ်နေပြီ ဖြစ်သည်။ မြန်မာပြည်ရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၆၃%သည် ရေအားလျပ်စစ် တည်ဆောက်ရေးတွင် ရှိပြီး ရေနံဓာတ်ငွေ့နှင့် သယံဇာတ တူးဖော်ရေး လုပ်ငန်များတွင် ၃၆% အခြားနယ်ပယ်တွင် ၁% ရှိသည်ဟု ဆိုပါသည်။
လက်ရှိတွင် တရုတ်တို့သည် ကျောက်ဖြူ အထူးစီးပွားရေးဇုံအား အထူး စိတ်ဝင်စားလျက် ရှိပြီး ကနဦး မတည်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၃၀၀ ခန့် လိုအပ်ကာ နောင် ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၉ ဘီလျံ ခန့် လိုအပ်မည် ဟု ခန့်မှန်းထားရှိကြောင်း မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ဘေကျင်း ( ပီကင်း ) အခြေစိုက် ဂလိုဘယ် သဘာဝပတ်ဝန်းဆိုင်ရာ အင်စတီကျု (Global Environmental Institute) မှ သုတေသီ ၃ ဦး ပြုစု တင်ပြသည့် မြန်မာပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများ Chinese Investment in Myanmar ဟုဆိုသည့် ၄၅ မျက်နှာပါ စာတမ်းတွင် ဖော်ပြ ထားပါသည်။
ဤသည်တို့ကား မြန်မာပြည်ရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများဖြစ်ရာ ယင်းအခြေခံများပေါ်မှ တရုတ်တို့၏ မဟာဗျူဟာ ကို တွက်ဆနိုင်ရန်လိုပါသည်။ မြစ်ဆုံစီမံကိန်းမှ အပါအဝင် ရေအားလျှပ်စစ်စီမံကိန်းတချို့ ရပ်တန့်နေသည် မှအပ ကျန်ရင်းနှီးမြှုပ်နှံမှုများ အားလုံးသည် ယခင်နအဖ အစိုးရလက်ထက်က ချုပ်ဆိုထားသော နှစ်နိုင်ငံစာချုပ် စာတမ်းများ အရ အသက်ဝင်၍ နေသည်။ အစိုးရသစ် တက်၍ အလွယ်တကူ ဖျက်ပစ်၍ ရသည်အရာမျိုး မဟုတ်၍ တရုတ်တို့ ပူပန်စရာများစွာ မလိုအပ်ပေ။
လက်ရှိအခြေအနေတွင် တရုတ်တို့၏ မြန်မာပြည်ရှိ ရင်းနီးမြှုပ်နှံမှုများ စွာထဲမှ လက်ရှိ မြှုပ်နှံထားပြီးလည်းဖြစ်၊ ဆက်လက်မြှုပ်နှံရန် ကြံရွယ်နေသည့် ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကျောက်ဖြူ အထူးစီးပွားရေးဇုံ တို့သည် တရုတ်တို့ အတွက် အရေးပါသော မဟာဗျူဟာရှု မြင်ချက်ဖြစ်သည်။ တရုတ်ပြည်၌ လက်ရှိဖွံ့ဖြိုး တိုးတက် နေသော ဒေသများမှာ တရုတ် ပြည်အရှေ့ဘက်ခြမ်း ပင်လယ်ဆိပ်ကမ်းရှိမြို့များ ဖြစ်သည်။ တရုတ်ပြည် အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကုန်းတွင်းပိုင်း နယ်များ အတွက် ကုန်သွယ်ရန် ပင်လယ်ထွက်ပေါက် အလှမ်းဝေး ပေရာ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားနေသည်။
တရုတ်ပြည်အရှေ့ဘက် ပင်လယ်ဆိပ်ကမ်းများရှိ ရှန်ဟိုင်း စင်းကျင့်စသော ဒေသရှိ လူတဦးချင်း ဝင်ငွေသည် တနှစ်လျင် အမေရိကန်ဒေါ်လာနှစ်သောင်းကျော် ရှိနေချိန်တွင် အနောက်ပိုင်းနှင့် တောင်ပိုင်း ကုန်တွင်းပိုင်း ဒေသများ ၏ လူတဦးချင်း ဝင်ငွေမှာ ၈၀၀၀ ရှစ်ထောင်ခန့်သာ ရှိလေရာ သုံးဆမျှကွာခြားနေသည်ဟု ဆိုရမည်။
ထို့ကြောင့်လည်း မြန်မာပြည်ကို ဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ဖြတ်ထွက်မည့် တရုတ်တို့၏ အနောက်သို့ ပိုးလမ်း ခါးပတ်ကို တရုတ်ဝန်ကြီးချုပ် လီခဲ့ချင်ကိုယ်တိုင် ဦးစီးနေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ မဟာဗျူဟာမှာ မြန်မာပြည်ကို ဖြတ်၍ တရုတ်ကုန်းတွင်းပိုင်းဒေသများ ပင်လယ်ထွက်ပေါက်ရရှိပြီး ကုန်သွယ်လမ်းမတခု ဖောက်လုပ်ရေး၊ တရုတ်ပစ္စည်းများ အချို့ကို ကျောက်ဖြူ အထူးစီးပွားရေးဇုံတွင်ပင် ထုတ်လုပ်၍ နိုင်ငံရပ်ခြားသို့ ပို့ဆောင်ရေးတို့ကို ရည်ရွယ်ချက်ထားရှိပုံရသည်။
ထို့ကြောင့်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုံ အတွက် ကနဦးမတည် ငွေ အမေရိကန်ဒေါ်လာ သန်း ၈၃၀၀ ခန့် လိုအပ်ကာ နောင် ၃၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၉ ဘီလျံခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။ တရုတ်တို့သည် ဤသို့ ရင်းနှီးမြှု ပ်နှံမှု ပြု လုပ်ပြီး ထိုအနောက် ပိုးလမ်းခါးပတ်မှ တဆင့် နိုင်ငံရပ်ခြားသို့ နှစ်စဉ် ဘီလီလျံပေါင်း များစွာကုန်သွယ်ရန် ရည်ရွယ်ပုံရသည်။
(ဆက်လက်ဖော်ပြပါမည်)
(မောင်မောင်စိုးသည် တိုင်းရင်းသားရေးရာနှင့် တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာ ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)