ဆောင်းပါး

တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် - အပိုင်း ၁

Want create site? Find Free WordPress Themes and plugins.

“ပေါက်ဖော်” ဆိုသည်မှာ ၁၉၅၀ နှစ်များအတွင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားမှ ရင်းနှီးခင်မင်သော ဆက်ဆံရေး ကို ဖော်ပြရန် သုံးစွဲခဲ့သည့် စကားလုံးတလုံး ဖြစ်ပါသည်။ ညီရင်းအကိုပမာ ဖြစ်သည်ဟု ဘာသာပြန်နိုင်ပါလိမ့်မည်။ သို့ သော်လည်း မြန်မာ့အရေးကျွမ်းကျင်သူ တဦးဖြစ်သည့် ဒေးဗစ်စတိန်းဘာ့ဂ်၏ အဆိုအရ ထိုစကားလုံးသည် “တဝမ်းထဲမှ မွေးဖွားသူများ (တအူတုံဆင်း) ဆိုသည့် တရုတ်ဘာသာ အနက်အဓိပ္ပါယ်နှင့် ပိုမို နီးစပ်မှုရှိပြီး မြန်မာနိုင်ငံ တခုတည်း အတွက်သာ သီးသန့် သုံးစွဲခဲ့သည်” ဟု သိရသည်။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် အမှတ်တရ ဂုဏ်ပြုခြင်းက ၁၉၅၆ ခုနှစ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ရှီတွင် စတင်ခဲ့သည်။ လတ်တလော အဖြစ်ဆုံး အနေဖြင့် အဆိုပါ အသုံး အနှုန်းကို ၂၀၁၀ ခုနှစ် စက်တင်ဘာလက ထိုစဉ်က မြန်မာ စစ်အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်သည့် အချိန်တွင် သုံးစွဲခဲ့သည်။

ထိုကဲ့သို့သော ယဉ်ကျေးပျူငှာသည့် သံခင်းတမန်ခင်းများရှိခဲ့သည့်တိုင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးက အမြဲတမ်း အထူးတလည် လှိုက်လှဲနေမှုမျိုး မရှိခဲ့ပါ။ ကုန်းတွင်းပိုင်း အများစုဖြစ်ပြီး အလွန်ကျယ်ပြန့်သော တရုတ်အင်ပါယာက ၎င်း၏ အနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းမှ ကုန်းတွင်းပိတ် ပြည်နယ်များအတွက် ပင်လယ်ထွက်ပေါက်များကို အဆိုပါ မူဝါဒက ၁၈ ရာစုလောက်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကာလတွင်လည်း တရုတ်နိုင်ငံနှင့် ဥရောပ၊ အာရှ ဒေသများကြား ကုန်သွယ်လမ်းကြောင်း အသစ်များ ဖွင့်လှစ်နိုင်ရန် တရုတ် ခေါင်းဆောင် ရှီကျင်ဖျင့် အဆိုပြုထားသည့် ခေတ်သစ် ပိုးလမ်းမ (One Belt, One Road) ဖွံ့ဖြိုးရေး မဟာဗျူဟာတွင် သိသာထင်ရှားစွာ မြင်တွေ့နေရသည်။ မြန်မာ စင်္ကြန်က တရုတ်နိုင်ငံကို တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ရောက်ရှိစေနိုင်သလို အိန္ဒိယ သမုဒ္ဒရာ ဒေသတခုလုံးသို့လည်း ရောက်ရှိစေနိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် မည်သူက အုပ်ချုပ်နေသည် ဖြစ်စေ မြန်မာက ဗျူဟာအရ အရေးအပါဆုံးသော နေရာတခု အမြဲတမ်း ဖြစ်ခဲ့သည်။

၁၇၆၀ နှစ်များ အတွင်းတွင် တရုတ် ချင်မင်းဆက်က မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အတွက် ၄ ကြိမ် ချီတက် တိုက်ခိုက်ခဲ့သည်။ မြန်မာတို့၏ ပြန်လည်ခုခံမှုကြောင့် အကျအဆုံး လွန်စွာ များပြားခဲ့ပြီးနောက် တရုတ်တပ်များ ပြန်လည် ဆုတ်ခွာခဲ့ရသည်။ မြန်မာ ဘုရင့်နိုင်ငံ၏ အောင်မြင်သော ခံစစ်က ၂ နိုင်ငံကြားတွင် ယနေ့ ရှိနေသည့် နယ်နိမိတ်ကို ချမှတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှတို့ ရောက်ရှိလာသည့် ၁၉ ရာစုအထိ လွတ်လပ်သော နိုင်ငံတခု အနေဖြင့် ရပ်တည်နိုင်ခဲ့သည်။ ဗြိတိသျှကိုလိုနီပြုမှုက တရုတ်နိုင်ငံကို မြန်မာနိုင်ငံနှင့် ပို၍ အလှမ်းကွာစေခဲ့ရသော်လည်း မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သည့် နိုင်ငံတခုဖြစ်လာခဲ့ပြီး မော်စီတုန်း၏ ကွန်မြူနစ်များက ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (PRC) ကို ထူထောင်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း၌ ၂ နိုင်ငံ ဆက်ဆံရေးတွင် ခေတ်သစ်တခု သို့ရောက်လာသည်။

ထိုနောက်ပိုင်းတွင် တရုတ်နှင့် မြန်မာတို့၏ ဆက်ဆံရေးကို ကာလ ၅ ခု ပိုင်းခြားနိုင်ပါလိမ့်မည်။ ပထမပိုင်းမှာ ၁၉၄၉ မှ ၁၉၆၂ ခုနှစ် အထိဖြစ်ပြီး တရုတ်အစိုးရက သတိထားသည့် လှိုက်လှဲမှုမျိုးကို ထိန်းသိမ်းထားခဲ့သော်လည်း အခြေခံအားဖြင့် ဆိုလျှင် ဘက်မလိုက်သော ဝန်ကြီးချုပ်ဦးနု၏ ဒီမိုကရေစီ အစိုးရနှင့် ရင်းနှီးခင်မင်သော ဆက်ဆံရေးရှိခဲ့သည်။ လွတ်လပ်ရေး ရရှိခဲ့သည့် အချိန်မှ စ၍ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် စစ်တပ်နှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့က အာဏာသိမ်းယူခဲ့သည့် အချိန်အထိ ဝန်ကြီးချုပ် ဦးနုခေါင်းဆောင်သော အစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

ဒုတိယပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း အုပ်ချုပ်ရေး၏ အစပိုင်း ၁၆ နှစ် ဖြစ်ပြီး တရုတ်အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်နက်ကိုင် တော်လှန်ရေးကို တက်ကြွစွာ ထောက်ခံခဲ့သည်။ တရုတ်နိုင်ငံက ဗမာပြည်ကွန်မြူနစ်ပါတီကို အာရှနှင့် အင်ဒိုချိုင်းနားမှ အခြားသော ကွန်မြူနစ်လှုပ်ရှားမှုများထက် များစွာ ပို၍ လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မော်စီတုန်း ကွယ်လွန်ပြီးနောက် တရုတ်နိုင်ငံတွင် မူဝါဒ အပြောင်းအလဲများ ပေါ်ပေါက်လာခဲ့သည်။ တိန့်ရှောင်ဖိန် အာဏာ ပြန်လည် ရရှိလာသည့် ၁၉၇၈ ခုနှစ်တွင် တရုတ်နိုင်ငံက ရန်ကုန်မြို့မှ မြန်မာအစိုးရကို ပြန်လည်ချဉ်းကပ်လာခြင်းဖြင့် တတိယ ကာလအပိုင်း အခြားကို စတင်ခဲ့သည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံက ဗကပကို ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်နေခဲ့သော်လည်း အတိုင်းအတာ များစွာ လျှော့ချခဲ့သည်။ တရုတ်-မြန်မာ ဆက်ဆံရေး၏ စတုတ္တပိုင်းမှာ မြန်မာနိုင်ငံတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပေါ်ပေါက်ခဲ့ သော ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများကို တပ်မတော်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ အတွင်းတွင် ဖြိုခွဲခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) (နောက်ပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ)ကို ဖွဲ့စည်းခဲ့သည့်နောက်ပိုင်းတွင် ဖြစ်သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြလုပ်ခဲ့သည့် အချိန်တွင် တရုတ်နိုင်ငံက စီးပွားရေး ဆက်ဆံမှုများကို တိုးမြှင့်ခြင်း နှင့် စစ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများကို နိုင်ငံရေးအရ အကာအကွယ် ပေးခြင်းများအားဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးက စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုအဖြစ် သတ်မှတ်နိုင်သည့် အခြေအနေသို့ စတင်ရောက်ရှိလာသည်။ ထိုအစီအစဉ်ကြောင့် တရုတ်အစိုးရအနေဖြင့် ယခင်ကာလများထက် ပို၍ မြန်မာနိုင်ငံတွင်းသို့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ထိုးဖောက်ဝင်ရောက်နိုင်ခွင့် ရရှိခဲ့သည်။

ပဉ္စမပိုင်းက ၂၀၁၁ ခုနှစ်တွင် စတင်သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်သားတပိုင်း အစိုးရ အာဏာရလာပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းမှ ရှောင်လွှဲရန် စတင် အားထုတ်လာခဲ့သည်။ တရုတ်နိုင်ငံအပေါ် မှီခိုနေရခြင်းက အမျိုးသားရေးဝါဒီ တပ်မတော် အရာရှိအများအပြားအတွက် စိတ်မသက်သာစရာ ဖြစ်ခဲ့သည်။ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးက တိုးတက်လာသည်။ ထိုကဲ့သို့ အသစ်ဖြစ်သော၊ ကြိုတင်မျှော်လင့်မထားသော အခြေအနေမျိုးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တုန့်ပြန်မှုက ကွဲပြားသည့် ပုံစံ ၂ မျိုး ဖြစ်လာ ခဲ့သည်။ (၁) မြန်မာအစိုးရကို ဆက်လက်ထောက်ခံရန်နှင့် (၂) အစိုးရကို တော်လှန်နေသော လက်နက်ကိုင် အဖွဲ့အစည်း အချို့ကို ထောက်ပံ့ရန် ဖြစ်သည်။ ထိုဗျူဟာက အလွန်ပင် ဝိရောဓိ ဖြစ်ဖွယ်ရာ ရှိပါသည်။ သို့သော်လည်း စဉ်းစားကြည့် မည်ဆိုလျှင် ၎င်း၌ ကိုယ်ပိုင် ယုတ္တိဗေဒ ရှိနေပါသည်။

တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို တင်းကျပ်သော ဆိုရှယ်လစ်ပုံစံမှ ပိုမို၍ အလုပ်ဖြစ်သော အရင်းရှင်စနစ်သို့ ပြောင်းလဲ ခဲ့ပြီး ဖြစ်ပါလိမ့်မည်။ သို့သော်လည်း နိုင်ငံရေးအရမူ အစိုးရနှင့် စစ်တပ်တို့က တရုတ်ကွန်မြူနစ်ပါတီ၏ အောက်တွင် ရှိနေ သော တပါတီ အာဏာရှင်နိုင်ငံအဖြစ် ဆက်၍ ရှိနေဆဲ ဖြစ်သည်။ မူဝါဒဟောင်း ဖြစ်သည့် အစိုးရချင်း ဆက်ဆံရေးကို ထိန်းသိမ်းထားသလို ပါတီချင်း ဆက်ဆံရေးကို ထိန်းသိမ်းရေးမှာလည်း ပြောင်းလဲခြင်း မရှိသေးပါ။ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ဆက်လက်တိုးတက်နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ တိုက်လေယာဉ်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ရောင်းချနေသည့် အချိန်မှာပင် ပါတီချင်း ဆက်ဆံရေး အနေဖြင့် ဗကပကို ဆက်ခံသည့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ယနေ့အချိန်တွင် UWSA က ယခင်ဗကပ ရရှိခဲ့သည်ထက် ပိုမိုသည့် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများဖြင့် ပိုမိုကောင်းမွန်သည့် လက်နက်များ တပ်ဆင်ထားသည်။ UWSA က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးတွင် အပြစ်ပေးသည့် “တုတ်” အဖြစ် အသုံးတော်ခံနေပြီး သံတမန်ရေးရာများ၊ အကူအညီပေးရေး ကတိကဝတ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများက ဆု ဖြစ်သည့် “မုန့်” များဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အနောက်တိုင်းလက်သို့ လွယ်လွယ်နှင့် လွှဲမပေးနိုင်ပါ။ တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံက ဗျူဟာအရရော စီးပွားရေးအရပါ အလွန် အရေးပါပါသည်။

ကိုလိုနီခေတ် တရုတ်-မြန်မာ နယ်ခြားပြ မြေပုံ

“ပေါက်ဖော်”နှစ်ကာလများ

၁၉၄၀ နှောင်းပိုင်း နှစ်များတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားမှ ဆက်ဆံရေးက နယ်နိမိတ် သတ်မှတ်ရေး အငြင်းပွားမှု၊ အလွန်များသည့် တရုတ်အလုပ်သမားများနှင့် စီးပွားရေးသမားများသာကမ လယ်သမားများပါ စီးပွားရေး အခွင့်အလမ်းရှာဖွေရန်နှင့် မှောင်ခိုကုန်ကူးရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေကြခြင်းတို့ကြောင့် အဆင်မပြေမှုများ ရှိခဲ့သည်။ တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့သော ကူမင်တန်တပ်ဖွဲ့များက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းဒေသများသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းတွင် ဆက်ဆံရေးက ပို၍ပင် မရေမရာ ဖြစ်ခဲ့သည်။

မြန်မာ ဗဟိုအစိုးရ၏ ထိန်းချုပ်နိုင်မှုအောက်တွင် မရှိသော နယ်စပ်ဒေသမှ ဝေးလံသည့် တောင်တန်းများပေါ်ရှိ လျှို့ဝှက် စခန်းများမှနေ၍ ကူမင်တန် (တရုတ်ဖြူ) တပ်များက ထိုင်ဝမ်ရှိ တရုတ်သမ္မတနိုင်ငံ အစိုးရ၊ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နှင့် ထိုင်းနိုင်ငံတို့၏ အကူအညီဖြင့် တရုတ်နိုင်ငံမှ ကွန်မြူနစ် အစိုးရသစ်ကို ဆန့်ကျင်သည့် လျှို့ဝှက် စစ်ပွဲတခုကို ဆင်နွဲခဲ့ကြသည်။ တရုတ်ကွန်မြူနစ် အစိုးရနှင့် ကူမင်တန်တပ်ဖွဲ့များကို လက်မခံလိုသည့် အိမ်ရှင်နိုင်ငံတို့ ကြားတွင် စစ်ပွဲဖြစ်နိုင်ချေတခု ရှိသည်မှာ သေချာသလောက်ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ပဋိပက္ခဖြစ်နိုင်သည့် အခြေအနေက ပေးသည့် သေးငယ်သော၊ (တရုတ်နိုင်ငံထက်စာလျှင်) အင်အားနည်းသော နိုင်ငံတခုက ၎င်း၏ လွတ်လပ်ရေးကို ထိန်းသိမ်းရန်နှင့် အာရှတွင် အကြီးမားဆုံးနှင့် အင်အားအကြီးဆုံးနိုင်ငံနှင့် ဆက်ဆံရေးတွင် ကြားနေမှုကို ထိန်းသိမ်းရန် မည်သို့ဆောင်ရွက်ခဲ့သည်ဆိုသည့် ဥပမာကောင်း တခုအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးက တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ လွတ်လပ်သော နိုင်ငံခြားရေးဝါဒက တရုတ်အစိုးရ အဆက်ဆက် (မည့်သည့် နိုင်ငံရေးသဘာဝ ရှိသည် ဖြစ်စေ) အမြဲတမ်း ယူဆထားခဲ့သလို ကိုလိုနီခေတ်မတိုင်မီ မြန်မာမင်းများက တရုတ် ဧကရာဇ်ထံသို့ လက်ဆောင်ပဏ္ဏာများ မကြာခန ပေးပို့ခဲ့ခြင်းကြောင့် သူတို့၏ သြဇာခံနိုင်ငံ ဖြစ်သည်ဆိုခြင်းထက် ပို၍ စဉ်းစား အသိအမှတ်ပြုဖွယ်ရာ ဖြစ်သည်။

၁၉၅၃ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံက ၎င်းတို့မြေပေါ်သို့ ကူမင်တန်များ ရောက်ရှိနေသည့်ကိစ္စကို ကုလသမဂ္ဂတွင် တင်ပြရန် ဆုံးဖြတ်ခဲ့သည့် အချိန်တွင် အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့သည်။ ထိုမတိုင်မီက အသစ်ဖွဲ့စည်းကာစ မြန်မာ့ တပ်မတော်က ကူမင်တန်များကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲများ အများအပြား တိုက်ခိုက်ခဲ့ရပြီး ထိုသို့ ခုခံခြင်းက အဆိုပါဧည့်သည်များသည် ရန်ကုန်မြို့ရှိ မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် မြန်မာ့မြေပိုင်နက်အတွင်းတွင် လှုပ်ရှားနေခြင်း မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခြင်း ဖြစ်သည်။

၁၉၅၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကူမင်တန်များ လက်နက်ချ၍ မြန်မာမြေပေါ်မှ ထွက်ခွာသွားရန် ကုလသမဂ္ဂက ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့သည်။ တရုတ် အမျိုးသားရေး ဝါဒီ ကူမင်တန် စစ်သားများ ထောင်နှင့် ချီ၍ ထိုင်ဝမ်သို့ ထွက်သွားခဲ့သော်လည်း မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ လက်ကျန်ကူမင်တန်များထံသို့ CIA က စီစဉ်ပေးသည့် လေယာဉ်များဖြင့် လေကြောင်းမှ ထောက်ပံ့မှုများ ပြုလုပ်နေခြင်းကို မြန်မာအစိုးရက တားဆီးရန် ခက်ခဲနေခြင်းကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က ပြေလည်စေခဲ့သည်။

ထို့ကြောင့် ဦးနု၏ အစိုးရ အမှတ်ရခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ၂ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်တခုကို ပထမဆုံးအနေဖြင့် လက်မှတ်ထိုးခဲ့သည်။ ဇွန်လ ၂၈ နှင့် ၂၉ ရက်တို့တွင် မြန်မာအစိုးရ၏ ဖိတ်ကြားမှုဖြင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက်၍ ဦးနုနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ခေါင်းဆောင် ၂ ဦး လက်မှတ်ထိုးထားသည့် တရုတ်-မြန်မာ ပူးတွဲကျေညာချက် တစောင်ကို ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ၌ တနိုင်ငံ၏ ပိုင်နက်နှင့် အချုပ်အခြာ အာဏာကို အပြန်အလှန်လေးစားရေး၊ မကျူးကျော်ရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း မပြုရေး၊ အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒ ၅ ခုကို ဖော်ပြခဲ့သည်။

ထိုမူဝါဒကို ဆွေမျိုးပေါက်ဖော်အဖြစ် တံဆိပ်တပ်ခဲ့သော်လည်း လက်တွေတွင် မြန်မာနိုင်ငံက ၎င်း၏ ပြည်တွင်းရေးအား တရုတ်နိုင်ငံက ဝင်ရောက်စွတ်ဖက်ခြင်းကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ကြားနေဝါဒကို ကျင့်သုံးခဲ့သည်။ ပေါက်ဖော် ဆိုသည့် သဘောတရားက ကြီးမားပြီး တခါတရံတွင် ဒေသတွင်း ခြိမ်းခြောက်မှုဖြစ်သည့် တရုတ်နိုင်ငံနှင့် သေးငယ်ပြီး ၎င်း၏ အစွန်အဖျားတွင် တည်ရှိသည့် မြန်မာနိုင်ငံတို့ကြားမှ မညီမျှမှု နက်ရှိုင်းသည့် ဆက်ဆံရေးပေါ်တွင် မူတည်နေသည်။ မြန်မာ့လွတ်လပ်ရေး ခေတ်ဦးပိုင်း နှစ်များတွင် လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့ တွင် ရှိနေခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီက အဓိက ကျသည့် လက်နက်ကိုင် အဖွဲ့များထဲမှ တခု ဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီက မော်ဝါဒ အပေါ်တွင် များစွာ တိမ်းညွှတ်မှုရှိခဲ့သော်လည်း တရုတ်အစိုးရက ဗကပကို ထောက်ပံ့ခြင်းမှ ရှောင်ကျဉ်ပေးခဲ့သည်။

နောက်ထပ် ဖြေရှင်းရမည့် ပြဿနာတခုမှာ တရုတ်နှင့် မြန်မာနိုင်ငံကြားမှ နယ်နိမိတ် အငြင်းပွားမှုဖြစ်သည်။ ၁၉၅၆ ခုနှစ် စက်တင်ဘာလက ဦးနု တရုတ်နိုင်ငံသို့ သွားရောက်စဉ် ထိုကိစ္စကို အသေးစိတ် ဆွေးနွေးခဲ့သည်။ သူက တရုတ်နိုင်ငံမှ အပြန်တွင် Namwan Assigned Tract ဟုခေါ်သည့် ဒေသတွင် (၁၈၉၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော သဘောတူညီချက် တခုအရ တရုတ်နိုင်ငံက ဗြိတိသျှတို့ထံ တနှစ်လျှင် ရူပီး ၁၀၀၀ ဖြင့် ရာသက်ပန် အငှားချခဲ့ရသည့် ဒေသ ဖြစ်သည်။ တရုတ်နိုင်ငံက ထိုသို့ငှားရမ်းခြင်းကြောင့် ထိုဒေသတွင် ၎င်း၏ အချုပ်အခြာ အာဏာဆုံးရှုံးသွားခြင်း မရှိဟု အမြဲယူဆ ထားခဲ့သည်။ လွတ်လပ်ရေးရသည့် ၁၉၄၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံက နှစ်စဉ် ငှားရမ်းခ ငွေကို ဆက်လက်ပေးချေ သော်လည်း တရုတ်နိုင်ငံက လက်မခံတော့ပါ) မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အသိအမှတ် ပြုပေးရန် တောင်းဆို၍ အပြန်အလှန် အနေဖြင့် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်နှင့် ကန်ဖန် ကျေးရွာ ၃ ခုကို တရုတ် နိုင်ငံသို့ ပေး၍ ဖြေရှင်းမည့် အစီအစဉ်တခုကို ယူဆောင်လာခဲ့သည်။ တရုတ်နိုင်ငံကလည်း ကျန်သည့် နယ်စပ် ၁၃၅၇ မိုင်ကို မြန်မာနိုင်ငံက အဆိုပြုသည့်အတိုင်း အသိအမှတ်ပြုရန် အာမခံခဲ့သည်။

ဦးနု၏ အလျှော့ပေးမှုကြောင့် မြန်မာနိုင်ငံရေးသမားများရော ကချင်ကဲ့သို့ တိုင်းရင်းသားအဖွဲ့များကပါ ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်စေခဲ့သည်။ ကချင်ပြည်နယ်တွင် ၁၉၆၁ ခုနှစ်၌ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာရခြင်းမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ဆွေးနွေးမှုများမှ တိုက်ရိုက် ရလဒ်တခု ဖြစ်သည်။ သို့သော်လည်း သဘောတူညီချက်တခု ရရှိရန် ညှိနှိုင်းဆွေးနွေးမှုများကို ၄ နှစ် နီးပါး ဆက်လက်ပြုလုပ်ခဲ့ရပြီး နောက်ဆုံးတွင် ၁၉၆၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့၌ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရသို့ ဦးနုက အာဏာ လွှဲပြောင်းပေးခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းက နယ်စပ်သဘောတူညီချက် ရရှိရေးကို အဆုံးသတ်အောင် ဆက်လက် ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးနှင့် အပြန်အလှန် မကျူးကျော်ရေး စာချုပ်တခုကို လက်မှတ်ထိုးခဲ့သည်။ ၅၉ စတုရန်း မိုင် ကျယ်ဝန်းသည့် ကချင်ကျေးရွာများ အပြင် ဗိုလ်ချုပ်ကြီးနေဝင်းက ဝ တောင်တန်းများ အနောက်ပိုင်းမှ ၁၇၃ စတုရန်းမိုင် ကျယ်ဝန်းသည့် ပန်ဟုံ-ပန်လောင် ဒေသကိုလည်း ပေးအပ်လိုက်ရသည်။

အပြန်အလှန် အနေဖြင့် ၈၅ စတုရန်းမိုင်ရှိသည့် Namwan ဒေသက မူလ ရည်ရွယ်ချက်အတိုင်း တရားဝင် မြန်မာပိုင်နက် ဖြစ်လာသည်။ ပို၍ အရေးကြီးသည်မှာ တရုတ်နိုင်ငံက ကချင်ပြည်နယ် မြောက်ပိုင်းမှ သူတို့တောင်းဆိုထားသည့် ဧရိယာများကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ တရုတ်မြေပုံများက နယ်စပ်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနား၏ မြောက်ပိုင်းနားတွင် ပြသထားသော်လည်း ထိုင်ဝမ် မြေပုံများတွင် နယ်စပ်ကို ယခင်အတိုင်းပြသထားဆဲ ဖြစ်သည်။ ထိုင်ဝမ် အစိုးရက ဘေဂျင်းမှ ကွန်မြူနစ် အစိုးရနှင့် အခြားနိုင်ငံများကြားတွင် လက်မှတ်ထိုးခဲ့သော မည်သည့် သဘောတူညီချက်ကိုမျှ အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။

၁၉၆၀ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများတွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲများ နောက်ပိုင်းတွင် ဦးနု အာဏာ ပြန်လည် ရရှိခဲ့သည်။ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ပြီး ဖြစ်သော မြန်မာနိုင်ငံက နောက်နှစ်တွင် နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကူမင်တန်များကို ထိုးစစ် အသစ်တခု ဆင်နွဲခဲ့သည်။ ထိုအချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့ လွတ်မြာက်ရေး တပ်မတော် (PLA) မှ ထောင်နှင့် ချီသော တပ်သားများကလည်း ရှမ်းပြည်နယ် အရှေ့ ပိုင်း ကျိုင်းတုံမြို့ မြောက်ဖက် မိုင်းယန်းမြို့ အနီးမှ ကူမင်တန် ထိန်းချုပ်ထားသည့် အဓိက စခန်းတခုရှိရာသို့ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ လာအို-မြန်မာ နယ်စပ်အနီး မိုင်းပါသျှိုမှ နောက်ထပ် ကူမင်တန် စခန်းတခုကိုလည်း စစ်ဆင်ရေးတခုဖြင့် တိုက်ခိုက်ခဲ့ရာတွင် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သည်မှာ ထင်ရှားပါသည်။ ထိုကိစ္စကို မည်သည့်အခါကမျှ တရားဝင် ဝန်ခံခြင်း မရှိခဲ့သော်လည်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားမှ ချစ်ကြည်ရေး သဘောတူညီချက်သစ်၏ တစိတ်တပိုင်း ဖြစ်သည်ဟု ယူဆပါက ဆီလျှော်မှု ရှိပါလိမ့်မည်။

အပိုင်း ၂ ကို ဆက်လက် စောင့်မျှော် ဖတ်ရှုပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ဘာတေးလင့်တနာ၏ China and Burma: Not Only Pauk-Phaw  ကို ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုရှိ မူဝါဒရေးရာ အဖွဲ့အစည်းဖြစ်သော The Project 2049 Institute တွင် ဖော်ပြခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading