ဦးဘဟိန်းဟု ဆိုလိုက်လျှင် သူ၏ရုံးခန်းထဲတွင် တကုပ်ကုပ်နှင့် အမြဲ အလုပ်ရှုပ်နေတတ်သော ဝန်ကြီးဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအသိုင်းအဝိုင်းနှင့် လွှတ်တော်အသိုင်းအဝိုင်းက လက်ခံထားကြသည်။
သူနှစ်သက်တဲ့ ကွမ်းလေးတမြုံ့မြုံ့ဝါးရင်း သူ့ရုံးခန်းစားပွဲပေါ်က စာတထပ်ကြီးကို မှတ်ချက်တွေထိုင်ရေး၊ ဧည့်သည်လာလျှင်တောင် စာရေးရင်း စကားပြောတတ်သည်က ဦးဘဟိန်းစတိုင် ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာပြီး ၂၀၁၁ ခုနှစ်က စတင်တာဝန်ယူခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင်အစိုးရလက်ထက်တွင် ဧရာဝတီတိုင်းအစိုးရ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနကတခု၊ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တခုဟူ၍ ဝန်ကြီးဌာန ၂ ခုရှိခဲ့သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာနကို ဝန်ကြီး ဦးစန်းမောင်က တာဝန်ယူပြီး၊ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဝန်ကြီး ဦးစိုးမြင့်က တာဝန်ယူခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရပြီး ပေါ်ပေါက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီမှ ဝန်ကြီးချုပ် မန်းဂျော်နီအစိုးရလက်ထက်တွင်တော့ အဆိုပါ ဝန်ကြီးဌာန ၂ ခုကို ပေါင်းစည်းခဲ့သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဖြစ်သွားခဲ့သည်။
ဧရာဝတီတိုင်း၏ အသက်သွေးကြောဖြစ်ပြီး အလုပ်အရှုပ်ဆုံးဖြစ်သည့် ဝန်ကြီးဌာန ၂ ခုကို တစ်ခုတည်း ပေါင်းစည်းထားသည့် အဆိုပါဌာနကို NLD အစိုးရက အရပ်သား စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းလက်ထဲ အပ်နှံခဲ့သည်။ ဦးဘဟိန်း ဝန်ကြီးတာဝန် ထမ်းချိန်မှာ အသက် ၇၁ နှစ် ရှိနေခဲ့ပြီ ဖြစ်သည်။
အလုပ်အရှုပ်ဆုံး ဝန်ကြီးဌာနကို တာဝန်ယူရသည့်အလျှောက် ဦးဘဟိန်းမှာ အသက်အရွယ်နှင့် မလိုက်အောင် အလုပ်လုပ်၍ တာဝန်ကျေအောင် ကြိုးစားဆောင်ရွက်ခဲ့သည်ဟု ဝန်ကြီးဦးဘဟိန်းနှင့် ထိတွေ့ဆက်ဆံခဲ့ သူများက ပြောပြကြသည်။
“ဦးဘဟိန်းက ရုံးကနေအိမ်ပြန်ရင် ပြည်သူတွေရဲ့တင်ပြစာတွေကို ကတ္ထူပုံးကြီးနဲ့ ၃ ပုံး သယ်သွားတယ်။ အိမ်မှာစာတွေဖတ်တယ်။ မှတ်ချက်တွေရေးတယ်။ ကျနော် ညဘက်စာဖတ်နေရင်း ဖုန်းဝင်လာတယ်။ ကြည့်လိုက်တော့ ဦးဘဟိန်းဖုန်း ဖြစ်နေတယ်။ အချိန်က ည ၂ ချက်တီးဖြစ်နေပြီ။ ကျနော့်ကို သူသိချင်တာတွေ လှမ်းမေးတယ်။ မအိပ်သေးဘူးလား အဘလို့ပြောတော့ အလုပ်တွေမပြီးသေးလို့ မအိပ်နိုင်သေးဘူး ပြောတယ်။ အဲ့လောက်အထိ သူအလုပ်လုပ်တာ တွေ့ခဲ့ရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပြသည်။
လွှတ်တော်အတွင်း၌ စိုက်ပျိုးရေးနည်းပညာဆိုင်ရာမေးခွန်းများ ဖြေဆိုရမည်ဆိုလျှင် မမောနိုင် မပန်းနိုင်ဖြင့် ရှင်းပြတတ်သည့် ဦးဘဟိန်း၊ အလုပ်ကြိုးစားပြီး ကပ်ကြေးတလက်ဖြင့် ဖဲကြိုးဖြတ်သည့် ဖွင့်ပွဲများတွင် တွေ့ရခဲသည့် ဝန်ကြီး ဦးဘဟိန်းက ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှနှုတ်ထွက်မည်ဟု ပြီးခဲ့သည့်ဇန်နဝါရီ ၂ ရက်နေ့က ကြေညာလိုက်ချိန်တွင် ဧရာဝတီတိုင်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခုလုံး အံ့သြမှင်သက်သွားခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနှင့် စိုက်ပျိုးရေး/မွေးမြူရေးဝန်ကြီး ဦးဘဟိန်းတို့အား ၎င်းတို့ဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ချိန်မှာတော့
စိုက်ပျိုးရေးနည်းပညာဆိုင်ရာစာအုပ်များ ရေးသားထုတ်ဝေနေသူ စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်း၏
ဝန်ကြီးဘဝမှာ အချိန် ၂၁ လဖြင့် အဆုံးသတ်သွားခဲ့သည်။
ဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့သည့် ဦးဘဟိန်းကို ဧရာဝတီသတင်းဌာနက ဇန်နဝါရီ ၁၀ ရက်နေ့တွင် သူ့ရုံးခန်း၌ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ချိန်တွင် သူဝန်ကြီးဘ၀ တာဝန်ထမ်းစဉ် ဧရာဝတီတိုင်းရှိ ရေလုပ်သားငယ်တို့ကို တန်ဖိုးနည်းအင်းများလုပ်ကိုင်ခွင့်ရရှိအောင် ကြိုးပမ်းခဲ့သည့်စွမ်းဆောင်ချက်အပေါ် ကျေနပ်မိကြောင်း ဦးဘဟိန်းက ပြောပြသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ငါးမွေးမြူခြင်းနှင့် ငါးဖမ်းဆီးထုတ်လုပ်သည့် အင်းပေါင်း ၁၇၇၇ အင်းရှိသည်။ အဆိုပါ အင်းအားလုံးနီးပါးကို ငွေကြေးတတ်နိုင်သည့် ရေလုပ်ငန်းရှင် အင်းသားကြီးများက ဆယ်စုနှစ်နှင့်ချီကာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့ကြသည်။ ဆင်းရဲနွမ်းပါးသည့် ရေလုပ်သားငယ်များမှာ အင်းလုပ်ကိုင်ခွင့်မရသည့် အတွက် အလုပ်လက်မဲ့ဖြစ်ကာ ရွှေ့ပြောင်းလုပ်သားများအဖြစ် မြန်မာပြည်တွင်းမြို့ကြီးများနှင့် ပြည်ပနိုင်ငံ များသို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်ခြင်းများ ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီလကစတင်၍ ဦးဘဟိန်း ဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက် တန်ဖိုး ကျပ်သိန်း ၄၀ နှင့် သိန်း ၄၀ အောက်အင်းများကို ဒေသခံရေလုပ်သားအစုအဖွဲ့များအား ကြမ်းခင်းဈေး (အစိုးရသတ်မှတ်သည့် အနိမ့်ဆုံးဈေး) ဖြင့် ရယူလုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် ရေလုပ်သားများမိသားစုများ အင်းလုပ်ကိုင်ခွင့် ရရှိခဲ့သည်။
“ရေလုပ်သားငယ်တွေဟာ ဧရာဝတီတိုင်း ရေလုပ်ငန်းဥပဒေရဲ့ ချို့ယွင်းချက်၊ အားနည်းချက်ကြောင့် ဒုက္ခရောက်ခဲ့ကြတာ။ ဥပဒေအရက အင်းလုပ်ကိုင်လိုသူဟာ ဈေးပြိုင်စနစ်နဲ့ လေလံဆွဲဝယ်ရမယ်လို့ပါတော့ မနက်ထမင်းအိုး၊ ညနေထမင်းအိုးတောင်တည်ဖို့ ခဲယဉ်းနေတဲ့ ရေလုပ်သားငယ်တွေအဖို့ လေလံခုံနား ဘယ်ကပ်နိုင်မလဲ။ ဒါကြောင့် အင်းလေလံမူဝါဒပြောင်းလဲခဲ့တဲ့အတွက် ရေလုပ်သားငယ်လေးတွေကို မနက်ထမင်းအိုး၊ ညနေထမင်းအိုး စိတ်ချမ်းချမ်းသာသာ တည်နိုင်အောင် ကျနော်လုပ်ပေးနိုင်ခဲ့တယ်”ဟု သူ၏ လုပ်ဆောင်ချက်နှင့်ပတ်သတ်၍ ဝန်ကြီးဟောင်း ဦးဘဟိန်းက ပြောပြသည်။
ဝန်ကြီး ဦးဘဟိန်းလက်ထက်တွင် အင်းလေလံမူဝါဒ ပြင်ဆင်သတ်မှတ်မှုကြောင့် ၂၀၁၆ ခုနှစ်အတွင်းက ရေလုပ်သားမိသားစု ၈၃၀၀ ကျော် အင်းလုပ်ကိုင်ခွင့်ရခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ရေလုပ်သား မိသားစုပေါင်း ၁ သောင်းကျော် အင်းလုပ်ကိုင်ခွင့်ရခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် လုပ်ငန်းရှင် အင်းသားကြီးများက အင်းအားလုံး၏ ၈၀ ရာခိုင်နှုန်း လုပ်ကိုင်ခွင့်ရခဲ့ပြီး ရေလုပ်သားငယ် အစုအဖွဲ့များက ၂၀ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးစာရင်းများအရ သိရသည်။
“ကျနော်တို့ဒေသက ကျီးပင်အင်းဆိုရင် အင်းသားကြီးတွေ လက်ဝါးကြီးအုပ်ထားလို့ နှစ်ပေါင်းဆယ်နဲ့ချီပြီး ဆင်းရဲသားရေလုပ်သားတွေ လုပ်ဖို့မပြောနဲ့ အနားကပ်ခွင့်တောင် မရခဲ့ဘူး။ ဦးဘဟိန်းဝန်ကြီးဖြစ်တော့မှ ရေလုပ်သားအစုအဖွဲ့အနေနဲ့ လုပ်ခွင့်ရတာ။ ဒါတောင် ဝန်ကြီးကချပေးသော်လည်း ငါးလုပ်ငန်းဌာနက ချယ်လှယ်လို့ ဆင်းရဲသားရေလုပ်သားတွေ အမှန်တကယ် မရတာတွေရှိတယ်။ သို့ပေမယ့် ဦးဘဟိန်း လက်ထက်ကျမှ ဧရာဝတီတိုင်းက ဆင်းရဲသား ရေလုပ်သားတွေ ခံစားခွင့်တွေရရှိလာတော့ အမှန်ပဲ”ဟု သာပေါင်းမြို့နယ် ကျီးပင်ကျေးရွာမှ ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးဆန်းဝင်းက ပြောပြသည်။
ထိုသို့ ရေလုပ်သားငယ်များ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခြင်း၏ အကျိုးဆက်အဖြစ် ဝန်ကြီး ဦးဘဟိန်း ညွှန်ကြားမှုအပေါ် ငါးလုပ်ငန်းဦးစီးဌာနတချို့မှ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ ဦးဘဟိန်း နှုတ်ထွက်ပေးရန် ဧရာဝတီတိုင်းအတွင်းရှိ လုပ်ငန်းရှင် အင်းသားကြီးများက ပုသိမ်မြို့တွင် ဆန္ဒဖော်ထုတ် ခြင်းများ ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် ဝန်ကြီး ဦးဘဟိန်းအား အရေးယူပေးရန် အင်းသားကြီးတချို့က သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ထံသို့ တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဦးဘဟိန်း ပြန်လည်ဖြေရှင်းခဲ့ရသည်။
တဖက်တွင်လည်း ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးတွင် ဝန်ကြီး ဦးဘဟိန်း၏ အင်းကိစ္စနှင့်ပတ်သတ်၍ လုပ်ကိုင်ဆောင်ရွက်ချက်များမှာ ဥပဒေနှင့် ညီ၊ မညီ လေ့လာဆန်းစစ်မှုများရှိခဲ့ပြီး ပြည်ထောင်စု ဥပဒေချုပ်ရုံးအထိပါပေးပို့၍ ဝန်ကြီးတဦး၏ လုပ်ပိုင်ခွင့်အရ လုပ်ကိုင်ခြင်း ဟုတ်မဟုတ် ချိန်ထိုးဆန်းစစ်မှုများ ဖြစ်ပွားခဲ့သည်။
“ကက်ဘိနက်အစည်းအဝေးမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လုပ်တဲ့လုပ်ရပ်နဲ့ တင်ပြချက်တွေဟာ ဥပဒေနဲ့ အညီဖြစ်တယ်။ အကယ်၍ ကျနော်လုပ်တာ ဥပဒေနဲ့ မညီဘဲ အမှားအယွင်းတွေဖြစ်မယ်ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဝန်ကြီးရာထူးက နှုတ်ထွက်မယ်၊ အစည်းအဝေးမှာ မှတ်တမ်းတင်ပါလို့ ပြောခဲ့တယ်။ သူတို့က ပိုပြီးခိုင်မာအောင်ဆိုပြီး ကက်ဘိနက်ကနေ နေပြည်တော် ဥပဒေချုပ်ဆီကို ကျနော့်လုပ်ရပ်တွေ ဥပဒေနဲ့ ညီ မညီ သဘေားထား တောင်းခံတယ်။ ဥပဒေချုပ်ကလည်း ညီတဲ့အကြောင်း ပြန်ကြားချက်ပို့ပါတယ်။ ဒီလို အကြိတ်အနယ်ဆွေးနွေးခဲ့ရတာတွေ ရှိခဲ့တယ်”ဟု ဦးဘဟိန်းက ပြောပြသည်။
ရေလုပ်သားငယ်များကိစ္စ ရှင်းပြပြီးနောက် တဆက်တည်းမှာပင် ဝန်ကြီးဟောင်း ဦးဘဟိန်းက ဧရာဝတီတိုင်း အတွင်း သူအစပြု ထားခဲ့သည့် စီမံကိန်းများကို ရှင်းပြသည်။ ထိုင်းနိုင်ငံမှ စိုက်ပျိုးရေးကုမ္ပဏီနှင့် ပူးပေါင်း၍ ဧရာဝတီတိုင်းအတွင်း ပီလောပီနံကို ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဧက ၅ သိန်းအထိ စိုက်ပျိုးထုတ်လုပ် ရောင်းချရန် ပြင်ဆင်လုပ်ကိုင်နေကြောင်း၊ ကမ်းရိုးတန်းဒေသများတွင် သစ်တောဌာနပိုင်မြေကို ပြည်သူ အစုအဖွဲ့ပိုင်သစ်တော – Community Forest အဖြစ် ဧက ၁ သောင်းခန့် တည်ထောင်ကာ မြေမဲ့ယာမဲ့များနှင့် လုပ်ကွက်ငယ်လယ်သမားများကို မြေယာခွဲဝေချထားပေးကား ယိုးဒယားအုန်းမွှေးစိုက်ပျိုးထုတ်လုပ် ရောင်းချရန် စီစဉ်လုပ်ကိုင်နေကြောင်း ဦးဘဟိန်းက ရှင်းပြသည်။
ထို့ပြင် ဧရာဝတီတိုင်းအတွင်း ဆန်စက်များမှ စွန့်ပစ်ထားသည့် စပါးခွံများကို လောင်စာတောင့်အဖြစ် ထုတ်လုပ်၍ သစ်တောပြုန်းတီးမှု သက်သာစေရန် ထင်းအစားထိုးလောင်စာ ကျယ်ပြန့်စွာ အသုံးပြုမှု ဖြစ်ပေါ်လာရန် ဆောင်ရွက်ထားပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရန်အတွက်လည်း ကန်ထရိုက် လယ်ယာစနစ်ကို တတိုင်းလုံးအနေအထားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီမံကိန်း ချမှတ်၍ ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ဟု ဦးဘဟိန်းက ပြောပြသည်။
သူ၏ စီမံကိန်းများ ရှင်းပြနေချိန်တွင် အသက် ၇၃ နှစ်အရွယ်ရှိ ဦးဘဟိန်းတွင် စိတ်အားတက်ကြွမှု ဟန်ပန်အမူအရာများ အထင်းသားမြင်နေရသည်။ အင်တာဗျူးချိန် မိနစ် ၄၀ ခန့်ကို ရေတပေါက်မှ မသောက်ဘဲ သူ၏ စီမံကိန်းများကို အားတက်သရော ရှင်းပြခဲ့သည်။ စကားပြောနေသည့် သူ့ပုံစံက နှုတ်ထွက်ထားသည့် ဝန်ကြီးတစ်ဦးပုံ မပေါက်ဘဲ ယခုမှ အသစ်တက်လာသည့် ဝန်ကြီးတယောက်လို သူ့လုပ်ငန်း သူ့စီမံကိန်းများ အပေါ် ရာနှုန်းပြည့် စိတ်ပါဝင်စားမှုရှိသည့်အခြေအနေများ မြင်တွေ့ခဲ့ရသည်။
ယခုတော့ သူစိတ်အားထက်သန်သည့် စီမံကိန်းများကို ဦးဘဟိန်း အကောင်အထည်ဖော်ခွင့် မရတော့ပါ။ မကြာမီရက်ပိုင်းအတွင်း သူ၏တာဝန်များကို လက်ရှိဝန်ကြီးတပါးအား လွဲှအပ်၍ ပေးအပ်ထားသော အဆောင်အယောင်များကို ပြန်လည်အပ်နှင်းကာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရုံးနှင့် တိုင်းအစိုးရအဖွဲ့အိမ်ရာကို သူစွန့်ခွာတော့မည် ဖြစ်သည်။
“ဝန်ကြီး ဦးဘဟိန်း နှုတ်ထွက်သွားမှုဟာ ကျနော်တို့တိုင်းအတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။ ဆင်းရဲသားလယ်သမား၊ ရေလုပ်သားတွေဘက်က ရပ်တည်ပြီး အလုပ်လုပ်တဲ့ ဝန်ကြီးတပါး ဆုံးရှုံး သွားတယ်လို့ ကျနော်တို့ ပြည်သူတွေ ခံစားနေရတယ်။ နောက်တက်လာမယ့်ဝန်ကြီးဟာ ဦးဘဟိန်းလို ဆင်းရဲသား လယ်သမား၊ ရေလုပ်သားတွေအပေါ် စေတနာထားလုပ်ပေးမယ့်သူမျိုးဖြစ်ဖို့ပဲ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု သာပေါင်းမြို့နယ်ရှိ ဒေသခံရေလုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူ ဦးကံသောင်းက သူ၏ မျှော်လင့်ချက်ကို ပြောပြသည်။
လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ အပြောင်းအလဲပြုလုပ်ခြင်းမှာ အချိန်အတိုင်းအတာ တခုအတွင်း စွမ်းဆောင် မပြနိုင်ခြင်း၊ လူမှုရေးပြဿနာ၊ အဂတိလိုက်စားမှုနှင့် ကျန်းမာရေးအရ ဆက်လက်တာဝန်ထမ်းဖို့ မဖြစ်နိုင်သူများကို ပြောင်းလဲခြင်းဖြစ်ကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ မုံရွာ ဦးအောင်ရှင်က ထုတ်ဖော်ပြောဆိုထားသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဦးဘဟိန်းကတော့ မိမိအနေဖြင့် ကျန်းမာရေးမကောင်းသည့်အတွက် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အဂတိလိုက်စားမှု လုံးဝမရှိခဲ့ကြောင်း ကျိန်ဆိုပြခဲ့သည်။
“ကျနော့်အနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သတ်ပြီးတော့ ပြားစိလေးတစိကစပြီးတော့ သိန်းသန်းချီပြီးတော့ ငွေစားမိတယ်ဆိုရင် အခုချက်ခြင်း ဒီစားပွဲပေါ်မှာ သွေးစိမ်းအန်ကျပါစေ”ဟု မိမိကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် ဝန်ကြီးဟောင်း ဦးဘဟိန်းက အင်တာဗျူး မေးမြန်းနေသည့် သတင်းထောက်များရှေ့တွင် ကျိန်ဆိုပြခဲ့သည်။
ကမ္ဘာပေါ်ရှိ အကျင့်ပျက်ခြစားမှုအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ၌ ဖလပလ ဝန်ကြီးချုပ်ဟောင်း ဦးနုပြီးလျှင် အဂတိလိုက်စားမှု ကင်းရှင်းကြောင်း ကျိန်ဆိုပြနိုင်သည့် ဝန်ကြီးဟောင်းတစ်ဦး ထပ်မံပေါ်ပေါက်လာသည်ဟု ဆိုရမည်ဖြစ်သည်။
ဝန်ကြီး ဦးဘဟိန်း နှုတ်ထွက်သွားမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် စိုက်ပျိုးရေးပညာရှင် တဦး ဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး ဝန်ကြီးဌာန ၂ ခုကို ၁ ခုတည်း ပေါင်းစည်းထားသည့် အလုပ်အရှုပ်ဆုံးသော၊ ဧရာဝတီတိုင်း၏ အသက်သွေးကြောဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဝန်ကြီးဌာနကို မည်သူဆက်ခံကာ မည်သို့ဦးဆောင်သွားမည်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေသည်။
ဦးဘဟိန်းကတော့ ရာထူးက နှုတ်ထွက်ပြီးနောက် အစိုးရဌာနဆိုင်ရာ ရာထူးများ လုံးဝလက်ခံလုပ်ကိုင် တော့မည် မဟုတ်ဘဲ ရန်ကုန်မြို့တွင် နေထိုင်၍ တရားဓမ္မအလုပ်များ လုပ်ကိုင်ကာ ဘဝကို ဖြတ်သန်းသွားရန် ဆုံးဖြတ်ထားကြောင်း ပြောပြသည်။
“သေရင် ကျနော့်နောက်ပါမယ့် တရားဓမ္မအလုပ်တွေပဲ လုပ်တော့မယ်။ ကိုယ်စားလှယ်တွေ အကူအညီ တောင်းလာရင် ကျနော်တတ်နိုင်သလောက် ကူညီပေးမယ်။ ၂၀၂၀ ရွေးကောက်ပွဲအရ အစိုးရတရပ် ပေါ်လာခဲ့လို့ ဒီတာဝန် ပြန်ကမ်းလှမ်းလည်း ကျနော် လုပ်ဖို့မရှိတော့ပါဘူး။ အပြီးတိုင် နားပါပြီ”ဟု ဦးဘဟိန်းက ပြောဆိုသည်။