လက်သန်းလုံးခန့် ထူသည့် ပလတ်စတစ်ကြိုးစကို မီးရှို့ပြီးနောက် ပြာလဲ့လဲ့မီးတောက်ဖြင့် အရည်ပျော် ကျဆင်းလာသည့် ကော်ရည်စက်များက ကိုစိုးမြတ်အောင်၏ ပေါင်နှစ်ဖက်နှင့် ယောက်ျားအင်္ဂါပေါ်သို့ တစက်ချင်းကျဆင်းနေသည်။ ကော်ရည်တစက်ကျတိုင်း အရေပြားကို လောင်ကျွမ်းသည့် “ရှဲခနဲ” မြည်သံ တချက်ထွက်ပေါ်သွားပြီး အသည်းခိုက်မတတ် နာကျင်မှု ဝေဒနာကြောင့် ကိုစိုးမြတ်အောင်တယောက် ငယ်သံငယ်ရင်းပါအောင် အော်နေမိသည်။
“ကော်ရည်စက်တွေက ပေါင်ပေါ်နဲ့ ယောက်ျားအင်္ဂါ ပေါ်ကျနေတဲ့အချိန်မှာ မီးတွေက လောင်နေတုန်းပဲ။ အသားပေါ်ကျတာနဲ့ အသားတွေအကွင်းလိုက် မီးလောင်ပြီး ညှော်နံ့တွေပါထွက်တယ်။ ဘဝက အရှင် လတ်လတ် ငရဲကျနေသလိုပဲ”ဟု ကိုစိုးမြတ်အောင်က ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ကြုံတွေ့ခဲ့ရသည့် ပိုးလောင်းရဲစခန်း၏ နှိပ်စက်မှုအခြေအနေကို ပြန်ပြောပြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ဒေါင်ချောင်းကျေးရွာနေ ဦးချစ်ခင်၊ ဒေါ်ယဉ်ယဉ်သန့်တို့ နေအိမ်တွင် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ရာ အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပိုးလောင်းနယ်မြေရဲစခန်းက ဒေါင့်ချောင်းကျေးရွာမှ ကိုခင်မောင်လတ်နှင့်ကိုစိုးမြတ်အောင် တို့ကို ဖမ်းဆီးခဲ့သည်။
ထို့နောက် အမှုနှင့်ပတ်သက်၍ သံသယတရားခံ ၂ ဦးအား ရဲစခန်းမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် လူမဆန်အောင် ရက်စက်သည့်နည်းလမ်းများ အသုံးပြု၍ ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့သဖြင့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့အတွက် မတ်လ ၂၀ ရက်နေ့ညက အရှင်လတ်လတ် ငရဲကျခဲ့သည့်ည ဖြစ်ခဲ့သည်။
“ကျနော့်တသက်နဲ့တကိုယ် ရဲတွေဒီလောက် ရက်စက်လိမ့်မယ်လို့ တခါမှ မတွေးမိဘူး။ သူတို့လုပ်ချက်က အရမ်း ရက်စက်လွန်းတယ်ဗျာ”ဟု သူ၏ပေါင်သားနှင့် ယောက်ျားအင်္ဂါတွင် ရရှိထားသည့်မီးလောင်ဒဏ်ရာ များကို ပြသရင်း ကိုစိုးမြတ်အောင်က ပြောသည်။
ဒေါင်ချောင်းကျေးရွာတွင် အပေါင်ခံသည့်လုပ်ငန်း လုပ်ကိုင်သူ ဦးချစ်ခင်နေအိမ်မှ ကျပ်သိန်း ၄၀၀ ကျော် ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ရာ အဆိုပါအမှုကို ပြင်စလူရဲစခန်းတွင် ပြစ်မှုအမှတ် ၈/၂၀၁၈၊ ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် အမှုဖွင့်လှစ်ပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အိမ်နီးချင်းဖြစ်သူ အသက် ၃၇ နှစ်ရှိ ကိုခင်မောင်လတ်အား ပိုးလောင်းနယ်မြေရဲစခန်းမှ ဖမ်းဆီးခဲ့သည်။
“ပိုးလောင်းစခန်းကို ရောက်စတုန်းက အချုပ်ထဲထည့်ထားတော့ ၃ ရက်လောက် ထမင်းမစားခဲ့ရဘူး။ စခန်းကလည်း မကျွေးဘူး၊ ကျွေးမယ့်လူလည်း မရှိဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရခဲ့ဘူး။ ဖမ်းထားပြီး ၁၀ ရက် လောက်ကြာမှ မိသားစုနဲ့တွေ့ခွင့်ရခဲ့တာ”ဟု ကိုခင်မောင်လတ်က ပြန်ပြောပြသည်။
ဖမ်းဆီးစ ကာလတွင် ပိုးလောင်းစခန်းက ကိုခင်မောင်လတ်ကို နှိပ်စက်ခဲ့ခြင်းမရှိဘဲ ကောင်းမွန်စွာဆက်ဆံ ခဲ့သော်လည်း မတ်လ ၁၅ ရက်နေ့တွင် တရားလို ဦးချစ်ခင်၏သားဖြစ်သူ ရဲအရာရှိဟောင်း ကိုကျော်သီဟ ဆိုသူ ပိုးလောင်းစခန်းသို့ ရောက်ရှိလာသည့်နေ့မှာတော့ ကိုခင်မောင်လတ်၏ဘ၀ ကံကြမ္မာဆိုးနှင့် စတင်ကြုံတွေ့ခဲ့ရကြောင်း ကာယကံရှင်က ပြောပြသည်။
“အစောပိုင်းနေ့တွေမှာ ရဲတွေက ကျနော့်ကို မရိုက်ဘူး။ ချိုချိုသာသာမေးတယ်။ စခန်းကို မတ်လ ၁၅ ရက်နေ့မှာ ကျော်သီဟ ရောက်လာတဲ့နောက်ပိုင်းကျမှ ကျနော့်ကို အကြမ်းပတမ်းတွေ စပြီးနှိပ်စက်တော့တာ။ လူကို လက်ထိပ် နောက်ပြန်ခတ်၊ လက်ထိပ်ကိုကြိုးချည်ပြီးတော့ ထုပ်တန်းပေါ် ကြိုးပစ်တင်တယ်၊ တဘက်မှာ အုတ်ခဲ အလေးဆွဲထားတယ်။ အဲဒီတော့ လက်ကိုနောက်ပြန်လှန်ချိုးသလို ဖြစ်နေတာ။ ပစ္စည်းတွေ ကျနော်ခိုးတာ မဟုတ်ရပါဘူးဆရာရယ်လို့ ပြောလေ အုတ်ခဲတွေပိုထည့်လေ လုပ်တယ်။ ခံရတာ သေလုမတတ်ပဲ”ဟု ကိုခင်မောင်လတ်က ပြောပြသည်။
ထိုသို့ နှိပ်စက်ခဲ့သည့်အတွက် လက်မောင်းရိုးများ နာကျင်လွန်းသည့် အချိန်တွင် ကိုခင်မောင်လတ်တယောက် ခိုးမှုအတွက် ဝန်ခံလိုက်ပြီး သူ့ခေါင်းထဲတွင်ပေါ်လာသည့် တရွာတည်းသား စိုးမြတ်အောင်နာမည်ကို ထုတ်ပြော လိုက်ကာ စိုးမြတ်အောင်နှင့်အတူ ခိုးမိကြောင်း လိမ်လည်ဝန်ခံခဲ့သည်။ ပိုးလောင်းစခန်းက မတ်လ ၁၅ ရက်နေ့ ညတွင်းချင်းပင် ဒေါင့်ချောင်း ကျေးရွာသို့ သွားရောက်ပြီး ကိုစိုးမြတ်အောင်ကို ချက်ခြင်းဖမ်းဆီးခဲ့သည်။
ပိုးလောင်းစခန်းကိုရောက်သည်နှင့် ကိုခင်မောင်လတ်ကို နှိပ်စက်သည့် နည်းလမ်းအတိုင်း ကိုစိုးမြတ်အောင်ကို လက်ထိပ် နောက်ပြန်ခတ်၍ ထုပ်တန်းတွင် ၄ နာရီခန့်ကြာအောင် တွဲလောင်းဆွဲထားခဲ့သည်။ မိမိကြောင့် နှိပ်စက်ခံနေရသည့် ကိုစိုးမြတ်အောင်ကို မြင်မိတော့ ကိုခင်မောင်လတ် စိတ်မကောင်း။ မိုးလင်းချိန်မှာတော့ ပစ္စည်းများကို မိမိတို့ ၂ ဦးစလုံး ခိုးယူခြင်းမဟုတ်ကြောင်း ပိုးလောင်းရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
“ကောင်လေးကို တညလုံး ထုပ်တန်းမှာ ဆွဲထားပြီး မိုးလင်းမှဖြုတ်ပေးတယ်။ ကျနော်လည်း အရမ်း စိတ်မကောင်း ဖြစ်သွားပြီးတော့ နယ်ထိန်း အောင်လင်းထွန်းကို ပြောတယ်။ ညက ကျနော်အသားနာလွန်းလို့ လျှောက်ပြောတာပါ။ ဒီပစ္စည်းတွေကို ကောင်လေးလည်း မယူပါဘူး။ ကျနော်လည်း လုံးဝမယူပါဘူးလို့ ပြောလိုက်တယ်။ အဲဒီမှာ သူတို့ကို လိမ်ရမလားဆိုပြီး မတ်လ ၁၆ ရက်ညမှာ ကျနော့်ကို ရိုက်နှက်ပြီး ထုပ်တန်းမှာ တညလုံးဆွဲထားခဲ့တယ်”ဟု ကိုခင်မောင်လတ်က ပြောပြသည်။
ထိုသို့ ပိုးလောင်းရဲစခန်းမှ သံသယတရားခံ ၂ ဦးကို ဖမ်းဆီးစစ်ဆေးစဉ်အချိန်တွင် သက်ဆိုင်ရာ လပွတ္တာခရိုင် တရားရုံးတွင် ခွင့်ပြုချက်ရမာန်ယူခဲ့ခြင်းမရှိဘဲ ကိုခင်မောင်လတ်ကို အချိန် ၁ လကျော်၊ ကိုစိုးမြတ်အောင်အားအချိန် ၇ ရက်ခန့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
သိန်း ၄၀၀ ကျော် ဖောက်ထွင်းမှုနှင့် ပတ်သက်ပြီး မဝန်ခံသည့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့ အတွက် ဘဝတသက်တာ မမေ့နိုင်စရာ နေ့ရက်ကို ရောက်ရှိလာခဲ့သည်။ ထိုနေ့ကတော့ ၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့ ဖြစ်သည်။
“မတ်လ ၂၀ ရက်နေ့ည ၉ နာရီလောက်မှာ သူတို့ရဲတွေတန်းစီတဲ့ စစ်ရေးပြကွင်းမှာ ရဲတပ်သား သူရိန်ဦးနဲ့ ဝေဖြိုးအောင်က ဖိနပ်နဲ့ပါးတွေကို ချတယ်။ ဒီနေ့ညမှ မင်းအမှန်အတိုင်းမပြောရင် သေဖို့သာပြင်ထားလို့ ပြောပြီး ရိုက်တာ။ အဲဒီလို ရိုက်နှက်နေရင်း ၁၀ နာရီထိုးသွားတော့ ရိုးရိုးမီးမောင်းတဲ့မီးစက်ရပ်လို့ မီးမှိတ်သွားတယ်။ အဲဒီလို နှိပ်စက်တာတင် မကျေနပ်သေးဘဲ ရဲစခန်း အချုပ်ခန်းထဲမှာ မီးစက်မောင်းပြီး အပြင်းထန်ဆုံး နှိပ်စက်တော့တာ”ဟု ကိုခင်မောင်လတ်က ပြန်ပြောပြသည်။
ဒုတပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား သူရိန်ဦးနှင့် ရဲတပ်သား ဝေဖြိုးအောင်တို့မှာ ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့၏ ခြေထောက်များကို ခြောက်ပေါက်ထဲသို့ ထည့်ကာ ချုပ်နှောင်လိုက်ပြီး လက်ထိပ် နောက်ပြန်ခတ်လိုက်သည်။ ထို့နောက် နှစ်ဦးစလုံး၏ ယောက်ျားအင်္ဂါ လိင်တံများကို ကြိုးဖြင့်ချည်၍ ထုပ်တန်းတွင် အုတ်နီခဲထည့်ထားသော ပီနံအိတ်ဖြင့် တွဲလောင်း ဆွဲထားသည့်နည်းဖြင့် ပထမဦးဆုံး နှိပ်စက် ခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။
“ဒီလိုနေရာမျိုးဆိုတာ ပုရွက်ဆိတ်ကိုက်ရင်တောင် အရမ်းနာတဲ့နေရာဗျာ။ အဲဒါကို ထုပ်တန်းမှာ အုတ်နီခဲအိတ်နဲ့ တွဲလောင်းဆွဲထားတော့ ကျနော့်မှာ နာလည်းနာ၊ အောင့်လည်းအောင့် ခံရအရမ်းခက်တယ်ဗျာ။ နာကျင်မှုကို ပြောပြဖို့တောင် ခက်တယ်”ဟု နှိပ်စက်ခံခဲ့ရသည့်ကာလကို ပြန်တွေးရင်း ကိုခင်မောင်လတ်က ပြောပြသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ မြင်းကျားဆေးပေါ့လိပ်နှင့် စီးကရက်များကို မီးရဲနေအောင် ဖွာရှိုက်၍ ကိုခင်မောင်လတ်၏ အမျိုးသားအင်္ဂါကို ဆေးလိပ်မီးဖြင့် တယောက်တလှည့်စီ တို့ကြောင်း၊ စအိုထဲသို့လည်း ဆေးလိပ်မီးဖြင့် ထိုးသွင်းခဲ့ကြောင်း၊ ထိုသို့တို့ရင်း “ဒီပစ္စည်းတွေ မင်းတို့ ခိုးတာမို့လား”၊ “ခိုးထားတာ ဝန်ခံလိုက်”ဟု ပြောဆိုကာ ဝန်ခံခိုင်းခဲ့ကြသည်ဟု ကိုခင်မောင်လတ်က ပြောပြသည်။
“ကျနော်တို့ကို နှိပ်စက်တဲ့အချိန် ရဲတွေက လူမှန်းသူမှန်းမသိ မူးနေပြီ။ ဆေးလိပ်မီးကို ရဲနေအောင်ဖွာပြီးမှ ယောက်ျားအင်္ဂါကို တို့တယ်၊ ကပ္ပါယ်အိတ်ကို တို့တယ်။ ပြီးတော့ ဆေးလိပ်မီးနဲ့ စအိုထဲကို ထိုးထည့်တာဗျာ။ နာကျင်မှုကတော့ တွေးသာကြည့်ပါတော့”ဟု ဝမ်းနည်းစွာဖြင့် ကိုခင်မောင်လတ်က ရင်ဖွင့်သည်။ ထိုအဖြစ်အပျက်ကို ပြန်ပြောချိန်တွင် သူ့မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် ဝမ်းနည်းခြင်းတို့က အတိုင်းသား ပေါ်လွင်နေသည်။
ထိုသို့ နှိပ်စက်ရင်း ဝန်ခံခိုင်းသည်ကို မဝန်ခံသည့်အတွက် နှိပ်စက်မှုက အရှိန်မြင့်တက်လာခဲ့သည်။ လိင်တံကို အုတ်နီခဲဖြင့် ထုပ်တန်းမှာ တွဲလောင်းဆွဲထားသည့်အတွက် ခါးမြှောက်ကာ ကော့ထားရသည့် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့နှစ်ဦး၏ ပေါင်သားများ၊ ယောက်ျားအင်္ဂါများပေါ်သို့ ရဲတပ်ဖွဲ့ဝင် ၃ ဦးက ဖယောင်းတိုင်များ၊ ပလတ်စတစ်ကြိုးစများ၊ ပလတ်စတစ်ကော်ဘူးများကို မီးရှို့၍ ကော်ရည်ပူများ တစက်ချင်းချကာ နှိပ်စက်ခဲ့ကြသည်ဟု သိရသည်။
ယင်းအခိုက်အတန့်တွင် ပိုးလောင်းနယ်မြေရဲစခန်း အချုပ်ခန်းအတွင်း၌ အော်ဟစ်သံ၊ ငိုညည်းသံ၊ ရိုက်နှက်သံ များဖြင့် ဆူညံနေပြီး ရဲစခန်းအတွင်း၌လည်း ပလတ်စတစ် မီးရှို့သည့်ညှော်နံ့များ၊ အရေပြားကိုမီးလောင်သည့် ညှော်နံ့များက တထောင်းထောင်း ထနေခဲ့သည်။
“ကျနော့်ယောက်ျားအင်္ဂါကို ဖြဲပြီးတော့ကို မီးလောင်နေတဲ့ကော်ရည်စက်တွေ တည့်တည့်ချတာ။ ကျနော်က မလုပ်ပါနဲ့၊ ကြောက်ပါပြီ၊ ကျနော်တို့ ခိုးတာ မဟုတ်ရပါဘူး ဆရာရယ်လို့ ပြောတာလည်း မရဘူး။ ပြောလေ ပိုလုပ်လေပဲ။ ကော်ရည်အပူတွေက ကျနော့်ပေါင်ပေါ်မှာ အကွက်လိုက်နဲ့ မီးတွေလောင်တယ်။ ပလတ်စတစ် ကြိုးစဆိုရင် အသားပေါ်ကျတာနဲ့ ရှဲခနဲမြည်ပြီး အသားတွေပါ ဖဲ့စားသွားသလို ခံစားရတယ်။ နာလွန်းလို့ အော်တော့ မအော်နဲ့ဆိုပြီး ရဲတယောက်က လူပေါ်ခွထိုင်ပြီး မျက်နှာကို ဖိနပ်နဲ့ ပါးတွေချတယ်”ဟု ကိုစိုးမြတ်အောင်က မတ်လ ၂၀ ရက်ညက ၎င်းကြုံတွေ့ခဲ့သည့် ဆိုးဝါးသည့်အတွေ့အကြုံကို ပြောပြသည်။
ရဲတပ်ဖွဲ့ဝင်များက ကိုခင်မောင်လတ်တို့ကို အရက်သောက်ရင်း နှိပ်စက်နေခဲ့ခြင်းဖြစ်ပြီး ကော်ရည်ပူ အစက်ချ သည်ကိုပင် ခိုးမှုအတွက် မဝန်ခံသဖြင့် ကိုခင်မောင်လတ်အား ဒီဇယ်ဆီလောင်း၍ မီးရှို့ဖို့အထိပင် လုပ်ခဲ့ကြသည်။
“ကျနော်တို့က မဝန်ခံလို့ ရဲစခန်းမှာ မီးစက်မောင်းဖို့ထားတဲ့ ဒီဇယ်တွေကို ကျနော့်ခေါင်းပေါ်က လောင်းချတယ်။ ပြီးတော့ မီးခြစ်ယူပြီး ခြစ်တဲ့အချိန် မီးခြစ်ကရေစိုနေလို့ ခြစ်မရလို့ ကျနော်သက်သာ သွားတာ၊ မဟုတ်ရင် သူတို့ မူးမူးရူးရူးနဲ့ လုပ်တာနဲ့ အဲဒီညတင် မီးလောင်ပြီးသေမှာ။ အဲဒီညက ဒီဇယ်ဆီလောင်းထားတဲ့ အင်္ကျီတွေကို သက်သေခံပစ္စည်းအဖြစ် ကျနော်အခုထိ သိမ်းထားပါတယ်”ဟု ကိုခင်မောင်လတ်က ပြောပြသည်။
ထိုသို့ အပြင်းအထန် နှိပ်စက်နေချိန်တွင် စခန်းမှူးဖြစ်သူ ရဲအုပ်ကျော်ကျော်နိုင်မှာ ပိုးလောင်ရွာထဲရှိနေအိမ်တွင် အိပ်စက်နေခဲ့ပြီး ရဲအရာရှိဟူ၍ တဦးမှမရှိဘဲ လက်အောက်ငယ်သားများချည်းသာ စခန်းတွင် ရှိနေခဲ့သည်။
“ဒီလိုနှိပ်စက်ပုံမျိုးနဲ့တော့ ငါတို့မဝန်ခံရင် ဒီညမှာတင် သေတော့မယ်။ အဲဒီတော့ ဝန်ခံလိုက်ပြီး နောင်မှ မီးစင် ကြည့်ကမယ်ကွာဆိုပြီး ကျနော်တို့နှစ်ဦးခိုးမိပါတယ်၊ ခိုးရာပါပစ္စည်းတွေကို အိမ်တိုင်ခြေရင်းမှာ မြှုပ်ထားပါတယ် ဆိုပြီး ကျနော် ဝန်ခံလိုက်တော့တယ်။ အဲဒီကျမှ နှိပ်စက်တာ ရပ်လိုက်တယ်”ဟု ကိုခင်မောင်လတ်က ပြောသည်။
မတ်လ ၂၁ ရက်နေ့ မနက်မိုးလင်းသည်နှင့် ပိုးလောင်းစခန်းမှူး ဦးဆောင်သည့်အဖွဲ့က ကိုခင်မောင်လတ်ကို ဒေါင့်ချောင်းရွာသို့ စက်လှေဖြင့်ခေါ်လာခဲ့သည်။ ရွာထဲရှိ ကိုခင်မောင်လတ်နေအိမ်ရောက်ချိန်တွင် အိမ်တိုင်ကို တူးပြီးရှာချိန်တွင် သက်သေခံပစ္စည်း မတွေ့သဖြင့် ရဲတွေမျက်နှာပျက်သွားကြပြီး ကိုခင်မောင်လတ်ကို ကြိမ်းမောင်းကြသည်။
“ရဲတွေက အိမ်တိုင်တူးပြီး ပစ္စည်းရှာတော့ မတွေ့ဘူး။ အဲဒါနဲ့ ကိုခင်မောင်လတ်ကို ဆူတော့ သူက ကျနော့် မိန်းမကို သေချာမေးကြည့်ပါဦးမယ် ပြောတယ်။ ကျမကလည်း အိမ်မှာဘာပစ္စည်းမှ မရှိဘဲနဲ့ နင်မဟုတ်တမ်း တရားတွေ ဘာတွေလျှောက် လုပ်နေလဲလို့ ပြောတော့ အိမ်ပေါ်ထပ်လိုက်ခဲ့ ပြောပြမယ်ဆိုပြီး အပေါ်ထပ် ရောက်တော့မှ ရာအိမ်မှူးတွေရှေ့မှာ ပုဆိုးကို ချွတ်ချပြီး မီးလောင်ဒဏ်ရာတွေပြ၊ ဓာတ်ပုံရိုက်ခိုင်းပြီး ရွာဦးကျောင်းဆရာတော်ကို အကူအညီ တောင်းခိုင်းတာ”ဟု ကိုခင်မောင်လတ်၏ဇနီးဖြစ်သူ မလှလှအေးက ပြောပြသည်။
ထိုနေ့က သက်သေခံပစ္စည်း ရှာမတွေ့သည့်အတွက် ပိုးလောင်းစခန်းက ကိုခင်မောင်လတ်ကို စခန်းသို့ ပြန်လည် ခေါ်ဆောင်သွားခဲ့ကြသည်။ ဒေါင့်ချောင်းရွာထဲမှာတော့ ကိုခင်မောင်လတ်တို့နှစ်ဦး လူမဆန်အောင် နှိပ်စက် ခံနေရသည့်သတင်း ပျံ့နှံ့သွားပြီး ရွာဦးကျောင်းဆရာတော်က ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကို ခေါ်ယူကာ ကိုခင်မောင်လတ်တို့ကိစ္စကို လပွတ္တာမြို့နယ်ရဲတပ်ဖွဲ့ကို တက်ရောက်တိုင်ကြားဖို့ မိန့်ကြား တာဝန်ပေးခဲ့သည်။
ထိုနောက် ကိုခင်မောင်လတ်၏ ဇနီးဖြစ်သူ မလှလှအေးနှင့် ကိုစိုးမြတ်အောင်၏ မိခင်ဖြစ်သူ ဒေါ်ဌေးတို့က လပွတ္တာမြို့သို့ သွားရောက်၍ လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူးထံ တိုင်ကြားခဲ့ရာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပိုးလောင်း စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး သံသယတရားခံများအား အချုပ်မှ လွှတ်ပေးခဲ့သည့်အတွက် ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့မှာ လပွတ္တာမြို့ ၃ မိုင်မြို့သစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြသည်။
ဆေးရုံတက်ကာစတွင် ကိုစိုးမြတ်အောင်မှာ ထုပ်တန်းတွင် တွဲလောင်းဆွဲထားခဲ့သည့်ဒဏ်ကြောင့် လက်နှစ်ဖက် စလုံး မလှုပ်နိုင်၊ မမြှောက်နိုင်၊ မကိုင်တွယ်နိုင်ဖြစ်ခဲ့ပြီး မီးလောင်ဒဏ်ရာများကြောင့် လမ်းပင်မလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်ဖြင့် သွားလာခဲ့ရသည်။ ထို့ပြင် ဖိနပ်ဖြင့် အချက်ပေါင်းများစွာ မျက်နှာကိုရိုက်နှက်ထားသည့် အတွက် ဘယ်ဘက်နား မကြားရတော့သလို ပါးများ၊ မျက်နှာများရောင်ကိုင်းနေသည်ကို တွေ့ခဲ့ရသည်။
အလားတူ ပိုးလောင်းစခန်းတွင် ၁ လခန့် ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည့် ကိုခင်မောင်လတ်မှာလည်း လက်နှစ်ဖက်စလုံး မလှုပ်ရှားနိုင်ခြင်း၊ ဘယ်ဘက်နား မကြားရတော့ခြင်း၊ ကျားအင်္ဂါကို ပလက်စတစ်များကို မီးရှို့၍ အစက်ချခြင်းကြောင့် ဆီးသွားရန်ခက်ခဲသည့်ဝေဒနာများ ခံစားခဲ့ရပြီး အဆိုးဝါးဆုံးကတော့ စအိုအတွင်း ဆေးလိပ်မီးဖြင့် ထိုးသွင်းခဲ့သည့်အတွက် မစင်စွန့်ချိန်တွင် စအိုမှ သွေးများကျဆင်းခဲ့သည့် ဝေဒနာများ ခံစားခဲ့ရသည်ဟု သိရသည်။
“နှိပ်စက်ခံခဲ့ရတဲ့ ၂၀ ရက်နေ့ နောက်ပိုင်းမှာ အိမ်သာသွားလို့ မစင်စွန့်ရင် မစင်မထွက်ဘဲ သွေးတွေပဲ ထွက်လာတယ်။ ပြီးတော့ အရမ်းနာတယ်။ အဲဒါကြောင့် ဆေးရုံရောက်တဲ့အထိ တပတ်လောက်ကို အိမ်သာ မတက်ဘဲနေခဲ့ရတယ်။ စိုးမြတ်အောင်ဆိုရင် ဆေးရုံမှာ လမ်းတောင်မလျှောက်နိုင်လို့ ဘီးတပ်ကုလားထိုင်နဲ့ သွားခဲ့ရ ပြီးတော့ ထမင်းစား၊ ရေချိုး၊ အိမ်သာတက်တာကအစ မိသားစုက အကုန်လုပ်ပေးခဲ့ရတာ”ဟု နှိပ်စက်ခံခဲ့ရသူ ကိုခင်မောင်လတ်ကပြောပြသည်။
ကိုခင်မောင်လတ်တို့ ၂ ဦးမှာ လပွတ္တာ ၃ မိုင်မြို့သစ်ဆေးရုံတွင် မတ်လ ၂၃ ရက်နေ့မှ စတင်၍ ၉ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။ အဆိုပါကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရေးအဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုဇော်ရမ်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကိုခင်မောင်လတ်တို့ ၂ ဦးအပေါ် ပိုးလောင်းရဲစခန်း၏ လူမဆန်သောနှိပ်စက်မှုအဖြစ် လွှင့်တင်ခဲ့ရာ မြန်မာနိုင်ငံတဝှမ်း လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး သတင်းမီဒီယာများက အလေးပေးရေးသားဖော်ပြခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ ဦးဖုန်းကြွယ် ဦးဆောင်သည့်အဖွဲ့ကလည်း လပွတ္တာမြို့သို့ လာရောက်ပြီး ကိုခင်မောင်လတ်တို့ ၂ ဦးအား တွေ့ဆုံမေးမြန်းခဲ့သလို အခင်းဖြစ်နေရာနှင့် ဒေါင့်ချောင်းကျေးရွာများသို့ ကွင်းဆင်း၍ မေးမြန်းကာ မှတ်တမ်းတင်မှုများ လုပ်ဆောင်ခဲ့ကြသည်။
ကိုခင်မောင်လတ်နှင့် ကိုစိုးမြတ်အောင်တို့ ၂ ဦးမှာ ဆေးရုံမှဆင်းခဲ့ပြီးနောက် နှိပ်စက်မှုတွင်ပါဝင်သော်လည်း လွတ်မြောက်နေသည့် နယ်ထိန်း တပ်ကြပ်အောင်လင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ထပ်မံတိုင်ကြားခဲ့ရာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ၎င်းတို့ ၃ ဦးအား မတ်လအတွင်းမှာပင် ထပ်မံ ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။
သံသယတရားခံများအား နှိပ်စက်ညှဉ်းပန်းစစ်ဆေးခဲ့မှုကြောင့် လပွတ္တာမြို့နယ် ပိုးလောင်း စခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်အပါအဝင် တပ်ကြပ် အောင်လင်းထွန်း၊ ဒု တပ်ကြပ် ပြည့်ပိုပိုမင်း၊ ရဲတပ်သား သူရိန်ဦး၊ ရဲတပ်သား ဝေဖြိုးအောင်၊ ရဲတပ်သား ဟိန်းမင်းထက်နှင့် ရဲတပ်သား အောင်အောင်မျိုးတို့ ၇ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လပွတ္တာမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးပြီး နေပြည်တော်ရှိ မြန်မာနိုင်ငံရဲချုပ်၏အမိန့်ကို စောင့်ဆိုင်းနေဆဲကာလအတွင်း နှိပ်စက်ခံခဲ့ရသည့် ကိုခင်မောင်လတ်တို့ ၂ ဦးမှာ ပိုးလောင်းစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် လပွတ္တာမြို့မရဲစခန်း၌ အမှုဖွင့်ကာ ပြန်လည်တရားစွဲဆိုခဲ့ကြသည်။
“ကျနော်တို့က တနေ့လုပ်မှ တနေ့စားရတဲ့ ဆင်းရဲသားတွေပါ။ တရားစွဲရင် ငွေကြေးတွေကုန်ကျမှုတွေရှိမှာ သိပါတယ်။ ဒါပေမယ့် ဘာကြောင့် တရားပြန်စွဲသလဲဆိုတော့ ကျနော်တို့အပေါ် မတရားဖမ်းဆီးနှိပ်စက် သူတွေကို အပြင် တရားရုံးမှာ ဥပဒေနဲ့အညီ အရေးယူစေချင်လို့၊ ပြီးတော့ ကျနော်တို့လို မတရားနှိပ်စက် ခံရမှုတွေ ထပ်ပြီးတော့ မပေါ်ပေါက်စေချင်လို့ တရားပြန်စွဲတာပါ”ဟု တရားလို ကိုစိုးမြတ်အောင်က ၎င်း၏ ရည်ရွယ်ချက်ကို ပြောပြသည်။
သံသယတရားခံများကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည့်လုပ်ရပ်တခုမှာ လပွတ္တာမြို့နယ် ပိုးလောင်း ရဲစခန်း တခုလုံးကို ရိုက်ခတ်ခဲ့သည်။ စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးရှိသည့်အနက် ယခုနှိပ်စက်မှုဖြစ်စဉ်အရ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အဖမ်းခံခဲ့ရပြီး ကျန်တပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်မည့်နေရာ ရွှေ့ပြောင်းခဲ့သည်။ လက်ရှိတွင် ပိုးလောင်းစခန်း တခုလုံးအား ရဲတပ်ဖွဲ့ဝင်အသစ်များဖြင့် ဧရာဝတီတိုင်းအစိုးရက အစားထိုး တာဝန်ပေးအပ်ထားသည်။
ညှဉ်းပန်းနှိပ်စက်ခံရသူတို့၏ အမှုဖွင့်တရားစွဲဆိုမှုအပေါ် လပွတ္တာမြို့မရဲစခန်းက လက်ခံခဲ့ပြီး စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်နှင့် အခြားအဆင့် ၆ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၃၀ တို့ဖြင့် အမှုဖွင့်လှစ် ပေးခဲ့သည်။
“ပိုးလောင်းစခန်းမှူးပါ ၇ ဦးကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးခဲ့တယ်။ စစ်ဆေးချက်ကို မြန်မာနိုင်ငံရဲချုပ်ထံ ပေးပို့ထားပြီး လက်ရှိတော့ အထက်ရဲ့ အမိန့်ပြန်ချ မလာသေးပါဘူး။ အပြင်တရားရုံးမှာ တရားစွဲတဲ့ကိစ္စကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၃၀ ၊ ၃၃၄/၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး လပွတ္တာမြို့နယ် ဥပဒေရုံးမှာ အကြံတောင်းတင်ပြထားဆဲ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြစ်မှုကျူးလွန်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များအပေါ် အရေးယူမှုအခြေအနေကို ပြောပြသည်။
ပိုးလောင်းရဲတပ်ဖွဲ့ကို အမှုဖွင့်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၃၀ မှာ ခြောက်လှန့်၍ဖြောင့်ချက်ရယူရန်ဖြစ်စေ၊ ပစ္စည်းကို ပြန်ပေးအောင် အတင်းအဓမ္မ ပြုလုပ်ရန်ဖြစ်စေ နာကျင်စေမှုဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၃၄၄ မှာ ဆယ်ရက် (သို့မဟုတ်) ဆယ်ရက်ထက် ပိုမို၍ မတရားချုပ်နှောင်ထားမှုဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြစ်ကြောင်း သိရသည်။
“အခုလို ရဲဥပဒေနဲ့ အရေးယူဖို့ လုပ်ဆောင်တဲ့အပြင် အရပ်ဖက်တရားရုံးမှာ တရားစွဲဆိုခွင့်ပြုတဲ့အပေါ်မှာတော့ ကျနော်တို့က ကြိုဆိုပါတယ်။ အရင်တုန်းကဆိုရင် တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ကိစ္စက အရပ်ဖက် တရားရုံးမှာ တရားစွဲဆိုဖို့ ခက်ခဲတာတွေရှိခဲ့တယ်လေ။ အခု အရပ်သားအစိုးရလက်ထက်မှာတော့ ဒီလိုဓလေ့တွေ စတင်ထွန်းကားလာတဲ့အပေါ် ဝမ်းသာပါတယ်။ အဓိကကတော့ အပြစ်ရှိသူကို တရားဥပဒေ အတိုင်း စီရင်ဆုံးဖြတ်နိုင်ဖို့ပါပဲ။ နှိပ်စက်ခံခဲ့ရသူတွေအတွက် လိုအပ်မယ့်ရှေ့နေ ငှားရမ်းပေးနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာပါ”ဟု နှိပ်စက်ခံခဲ့ရသူများကို အကူအညီပေးနေသည့် လူ့အခွင့်အရေးကာကွယ် မြှင့်တင့်သူများအဖွဲ့ – HRDP ဒါရိုက်တာအဖွဲ့ဝင် ဦးဝင်းနိုင်က ပြောသည်။
လက်ရှိတွင် ကိုစိုးမြတ်အောင်နှင့် ကိုခင်မောင်လတ်တို့ နှစ်ဦးစလုံးမှာ မီးလောင်ဒဏ်ရာများ ပျောက်ကင်းခဲ့ပြီ ဖြစ်၍ လပွတ္တာမြို့နယ် ဒေါင့်ချောင်းကျေးရွာရှိ နေအိမ်တွင် မိသားစုနှင့်အတူ ပြန်လည်နေထိုင်ရင်း ၎င်းတို့၏ မူလလုပ်ငန်းဖြစ်သည့် တံငါလုပ်ငန်းဖြင့် အသက်မွေးရင်း ဘဝကို ဖြတ်သန်းနေကြသည်။
“ကျနော့်အနေနဲ့ ဖြစ်စေချင်တဲ့ဆန္ဒနှစ်ခုရှိတယ်။ တစ်ခုက ကျနော်တို့အပေါ်ကို နှိပ်စက်ခဲ့တဲ့သူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးဖို့နဲ့ နောက်တစ်ခုက မြန်မာနိုင်ငံမှာ အခုလိုမျိုး လူမဆန်တဲ့ညှဉ်းပန်း နှိပ်စက်မှုမျိုးတွေ နောက်နောင်မပေါ်ပေါက်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ အလေးထားလုပ်ဆောင် စေချင် ပါတယ်”ဟု ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ကိုခင်မောင်လတ်က ၎င်း၏သဘောထားကို ပြောပြသည်။
ဆက်စပ်ဖတ်ရှုရန်– ပိုးလောင်း စခန်းမှ ရဲများအား နှိပ်စက်ခံများက တရားစွဲ