ဆောင်းပါး

ပြည်သူ့ ချွေးနှဲစာများ နှင့် ပြည်တွင်းစစ်

Want create site? Find Free WordPress Themes and plugins.

နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေဆဲ ပြည်တွင်းစစ် အတွင်း မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ နေရ သည်။

ထိုသို့ ဆင်းရဲမွဲတေမှုအခြေအနေနှင့် ကြုံတွေ့ နေရသော ပြည်သူတို့၏ ချွေးနှဲစာ ငွေကြေးများကို အခွန်အခ အဖြစ် ရယူ၍ ပြည်တွင်း စစ် တွင် သုံးစွဲနေကြသည်။

ပြည်သူများ ပင်ပန်းကြီးစွာဖြင့် ရှာဖွေနေရသော ငွေကြေးများကို လက်နက် ကိုင်ဆောင် ထားသူများက စစ်လက်နက် များ ဝယ်ယူပြီး မတူညီသော ရည်ရွယ်ချက်များကို ဆုပ်ကိုင်ကာ စစ်ပွဲများဖန်တီး၍ ပစ်ခတ် သတ်ဖြတ် နေကြသည်။

ထိုစစ်ပွဲများတွင် ပါဝင် တိုက်ခိုက် နေသူများမှာ မိမိကိုယ်မိမိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ဟု ခံယူ၍ အမျိုးသား လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည် ဆိုသော လက်နက်ကိုင် အစုအဖွဲ့ နှင့် တိုင်းပြည် ကို ကာကွယ်သူများ အဖြစ် ခံယူထားသော တပ်မတော်တို့ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ တန်းတူ ညီမျှမှု အခွင့်အရေး ရရှိရေး၊ မိမိလူမျိုး လွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လက်နက်ကိုင် တိုက်ခိုက် နေသူများ ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်ကမူ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင် စု မပြိုကွဲရေး ဆိုသော တို့တာဝန် အရေးသုံးပါးကို ထိပါးသည့် ပြည်တွင်း ပြည်ပ အန္တရယ်များအား ကာကွယ်ရန်ဟု ဆို ထားသည်။

၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် တွေ့ရသော တပ်မတော်သားများ / မျိုးမင်းစိုး / ဧရာဝတီ

ထို လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ပြည်သူလူထုသည် မြေစာပင် ဖြစ်နေရပြီး အခက် အခဲ ဒုက္ခပေါင်း မြောက်များစွာကို ခါးစည်း ခံနေကြရသည်။

စစ်မက်ဖြစ်ပွားရာ ဒေသရှိ ဒေသခံများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ကြရပြီး စစ်ဘေး ဒုက္ခသည်များ ဖြစ်ခဲ့ကြရသလို စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ရေး အတွက်လည်း လူသစ် စုဆောင်းခြင်းခံကြရပြီး မိသားစု တကွဲ တပြား စီ ဖြစ်သွားသည့် အခြေအနေများဖြင့် ကြုံတွေ့နေကြရသည်။

ကလေးငယ်များဆိုလျှင်လည်း ပညာ သင်ကြားနိုင်ရေး အတွက် အခက်အခဲများ ရှိနေသည်။

ထို့ပြင် လက်နက်ကိုင်ထားသူများ ၏ သံသယဝင်ခြင်း ခံရပါက ထိုသူသည် ဖမ်းဆီးခံရပြီး ရိုက်နှက် စစ်ဆေး မေးမြန်း ခံရမှုများ၊ သတ်ဖြတ် ခံရမှုများကိုလည်း ခံကြရသည်။

မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စား လေ့လာနေသော ရန်ကုန်မြို့နေ ကိုရဲလင်းသူက“စစ်ပွဲက လူတွေကို သတ်နေ တာ၊ နိုင်ငံ ဆင်းရဲအောင် လုပ်နေတာ၊ ကလေးတွေဆိုလည်း ပညာကောင်းကောင်း မသင်ရဘူး။ သူတို့ရဲ့ မတူညီတဲ့ အယူ ဝါဒ တွေကြားမှာ လူထုက ကြားညပ်ပြီး ဆင်းရဲ ဒုက္ခရောက်ရတယ်။ ငြိမ်းချမ်းရေး လုပ်နေပြီ ဆိုရင် စစ်ပွဲတွေကို အဆုံး သတ် သင့်ပါပြီး”ဟု ပြောသည်။

တပ်မတော်နှင့် တိုက်ပွဲပွား ဖြစ်ရာ လက်နက်ကိုင်များ လှုပ်ရှားနေသည့် ဒေသတွင် နေထိုင်သော ပြည်သူများသည် အစိုးရသို့ လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့များသို့ လည်းကောင်း အခွန် ၂ မျိုးပေးနေရသည်။

အစိုးရက ရရှိသော အခွန်အခများတွင် တပ်မတော်သို့ ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ခွဲတမ်း ပြန်လည် ချပေးရသည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က “ဒီဟာက ၂ ဖက် မျှမျှတတ ပြောရလို့ရှိရင် အစိုးရ အခွန် ကောက်တယ် ဆိုတာလည်း ပြည်သူတွေဆီက ကောက်တော့ ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ ပြည်သူ့အခွန် ထဲကနေ တပ်မတော် အတွက် ဘတ်ဂျက်ချပေးပြီး သုံးစွဲကြရတာ၊ ဒါကတော့ တရားဝင်ဖြစ်တာပေါ့။ ဒါပေမယ့် ဒီလက်နက်ကိုင်အဖွဲ့ လှုပ်ရှား မှု ဆိုတာက သူတို့ ရပ်တည်ရေးအတွက် ငွေလိုတာပေါ့၊ ငွေလိုတဲ့အခါ သူတို့ ကောက်တာပေါ့၊ ကောက်တဲ့အခါ ဆက် ကြေးလို့ ပြောတာပေါ့၊ အဲဒီတော့ ၂ ဖက်စလုံးက ပြည်သူတွေကို ဝန်ထုပ် ဝန်ပိုးဖြစ်စေတယ်”ဟု ပြောသည်။

ပြည်သူများ အနေဖြင့်မူ ပင်ပန်းစွာ ရှာဖွေထားရသော ငွေကြေးများကို လူထု အကျိုးပြု လုပ်ငန်းများနှင့် နိုင်ငံ တည် ဆောက် ရေး ဘက်တွင် အသုံးပြုရန် လိုလားကြသည်။

တိုင်းရင်းသားအရေး သုတေသီတဦးဖြစ်သူ ဦးမောင်မောင်စိုးက”စစ်ပွဲ မရပ်နိုင်ဘူး ဆိုလို့ရှိရင် အစိုးရ တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော တိုင်းပြည်ဘဏ္ဍာ အရင်းအမြစ်တွေကို သုံးပြီးတော့ စစ်တိုက်ရမှာပဲလေ။ စစ်ပွဲထဲမှာ ပါတဲ့လူတွေရဲ့ ရိက္ခာ စားသောက် စရိတ်ကအစ အဝတ်အစားကအစ အားလုံး ပံ့ပိုးရမှာပဲ။ အဲဒါအပြင် လက်နက် ခဲယမ်း မီးကျောက် တန်ဖိုးတွေလည်း အများကြီးပဲ ပံ့ပိုးရမှာပဲ တောက်လျှောက်။ အဲဒီတော့ ဒီစစ်ပွဲ မရပ်နိုင် မချင်းကတော့ တိုင်းပြည်ရဲ့ဘဏ္ဍာရေး အရင်းအမြစ်တွေက စစ်ပွဲထဲမှာပဲ ကုန်ဆုံးနေမှာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် အင်အား ၁ သိန်းဝန်းကျင် ရှိကြောင်း၊ ရှမ်းပြည်နယ် တခုတည်းတွင်ပင် ပြည်သူ့စစ် အဖွဲ့ ၃၂၀ ရှိ၍ နိုင်ငံတဝန်းတွင် အင်အား သောင်းချီ ရှိကြောင်း၊ နယ်ခြားစောင့်တပ် အင်အား ၅၀၀၀ ဝန်းကျင်ရှိ ကြောင်း၊ တပ်မတော် အင်အား မှာ ခြေလျင်တပ် အင်အားပင် ၁ သိန်း ဝန်းကျင်ရှိပြီး တပ်မတော် အင်အား စုစုပေါင်း ၃ သိန်း နှင့် ၅ သိန်း ကြား ရှိကြောင်း လည်း ၎င်းက ခန့်မှန်း ပြောဆိုသည်။

ကချင်ပြည်နယ်မှ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေး ပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်းက “ကချင် ပြည်သူ တွေဟာ အစိုးရ ၂ ခုကို အခွန် အဆမတန် ဆောင်နေကြရပါတယ်။ အထပ်ထပ်သော နိုင်ငံတော် အစိုးရ အခွန်၊ မပေး မနေရ သေဘေးကြောက်၍ ပေးနေရသော မတန်တဆ KIA ဆက်ကြေး။ ဒုက္ခရောက်တာက ပြည်သူ လူထုပါ”ဟု ပြော သည်။

ကချင်ပြည်နယ်သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အဓိက အခြေစိုက် လှုပ်ရှားနေပြီး ကချင်ပြည် နယ်၏ မြို့တော် မြစ်ကြီးနားမြို့ပေါ်ထိပါ KIA အနေဖြင့် ငွေကြေး ကောက်ခံမှု ရှိကြောင်းလည်း သိရသည်။

ဦးရွှေမင်းက “ကွမ်းယာဆိုင်တောင် မကျန် ကောက်ပါတယ်။ အထည်ဆိုင်က အနည်းဆုံး ၁၀ သိန်းက စတယ်။ ကား ဆိုရင် တန်ဖိုး အလိုက်ပေါ့။ လိုင်းကား အနည်းဆုံး ၁ သိန်း၊ အိမ်စီးကား အနည်းဆုံး ၃ သိန်းက စတယ်။ တန်ဖိုး အလိုက်ပေါ့။ ယနေ့ ကချင်ပြည်သူများ ရှိတာအားလုံး ရောင်းချ နေရသော ဘဝ၊ အိမ် ရောင်းပေါင် အများဆုံး ကာလ ဖြစ်နေတယ်။ အောက်ခြေ ပြည်သူတွေ အခက်ခဲဆုံး အချိန်ပါ”ဟု ပြောသည်။

ယခုလို ငွေကြေး ကောက်ခံမှုများကို KIA တဖွဲ့တည်းသာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ကောက်ခံလျက်ရှိသည်။ အလားတူ ငွေကြေး မကောက်ခံသည့် အဖွဲ့များလည်း အနည်းအငယ် ရှိကြောင်း သိရသည်။

KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ အမြဲတမ်း ကောက်ပါတယ်။ အရင်က လည်း ကောက်ပါတယ်။ အဲဒီ ကောက်ခံတာကတော့ ကျနော်တို့ ပုံမှန် လုပ်ငန်းဖြစ်ပါတယ်။ အခုမှ ထူးဆန်းတဲ့ အလုပ် လည်း မဟုတ်ပါဘူး။ ထူးဆန်းတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ကျနော်တို့ကတော့ နယ်မြေတွေ အကုန်လုံးရှိပါတယ်။ ဥပမာ မြစ်ကြီးနားမှာ ဆိုရင်တော့ ဘယ်သူ ကောက်မှာလဲ၊ ဘယ်သူ့ဆီမှာ တာဝန်ရှိတာလဲ၊ ဒါတွေ ကွဲခြား ပြီးသားဖြစ် ပါ တယ်”ဟု ပြောသည်။

သို့သော် KIA အနေဖြင့် တနှစ်လျှင် ငွေကြေး ကောက်ခံမှု စုစုပေါင်း မည်မျှ ရရှိသနည်း၊ မည်မျှ သတ်မှတ်၍ ကောက်ခံ သနည်း ဆိုသည်ကိုမူ ဗိုလ်မှူးကြီး နော်ဘူက မပြောနိုင်ကြောင်း ဆိုသည်။
ထိုသို့ ငွေကြေး ကောက်ခံရာတွင် တပ်မတော်၏ ကွပ်ကဲမှုအောက်၌ ရှိသည့် ပြည်သူ့စစ် အဖွဲ့များလည်း ပါဝင် နေ သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဝတ်စုံနှင့် တံဆိပ်များ အတုလုပ်ကာ ငွေကြေး ကောက်ခံ နေသူများ လည်း ရှိကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း က ပြောသည်။

စိုင်းဝမ်းလှိုင်းခမ်း က “ဆက်ကြေးပဲ ပြောပြော၊ ရန်ပုံငွေလို့ပဲ ပြောပြော၊ ဒီလို ပြည်သူများက ထည့်ဝင် နေရခြင်းသည် ကျနော့် အမြင်ကတော့ ဒါ ပြည်တွင်းစစ် သက်ဆိုးရှည်ခြင်းရဲ့ အကျိုးဆက်လို့ပဲ ပြောရမှာပေါ့။ ပိုဆိုးလာတာက ဒီ ထိုးစစ် ဆင်မှုတွေ၊ တိုက်ခိုက်မှုတွေ ပိုဖြစ်လေ၊ ငွေကြေး ကောက်ခံရမှုအပြင် လူစုဆောင်းရေးတွေက ပိုပြီးတော့ ရှိလာနိုင်ဖွယ် ရှိပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ အမြောက်အမြား ရှိသည်။ ထိုအဖွဲ့ များ သည် ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ကယား၊ တနင်္သာရီ တိုင်းဒေသကြီး စသည့် ပြည်နယ်နှင့် တိုင်း ဒေသကြီး များတွင် အခြေစိုက် လှုပ်ရှားလျက် ရှိကြသည်။

စစ်ရေးပြ အခမ်းအနား တခုတွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ထို ပြည်နယ်နှင့် တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများသည် အစိုးရသို့ လည်းကောင်း၊ လက်နက်ကိုင် အဖွဲ့များ သို့ လည်းကောင်း အခွန်အခများ ပေးဆောင်နေရပြီး အဆိုးဆုံး ခံရသည့် ပြည်သူလူထုမှာ ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ် မှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်နက်ကိုင် အနည်းဆုံး ၇ ဖွဲ့ လှုပ်ရှားလျက်ရှိရာ လက်နက်ကိုင် ၁ ဖွဲ့ကို အခွန် ပေးပြီးသည့်တိုင် တခြားအဖွဲ့က လာရောက် တောင်းခံပါက ထပ်မံပေးနေရသည့် အတွက် ရှမ်းမြောက် ပြည်သူများ သည် ပို၍ အထိနာကြကြောင်း ဒေသခံများက ပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နေ ရှမ်းတိုင်းရင်းသား တဦးက “ပြည်သူက အကြွေးနွံ နစ်နေတာ၊ ကျနော်တို့ ရှမ်း မြောက်မှာ လက်နက်ကိုင် အဖွဲ့က အလွန်များတယ်။ တဖွဲ့ကောက်ပြီးတိုင်း နောက်တဖွဲ့ လာတောင်းလည်း ပေးနေ ရ တယ်။ ဒီကြားထဲ တပ်မတော် အောက်မှာရှိတဲ့ ပြည်သူ့စစ်ကိုလည်း ပေးရသေးတယ်။ အရမ်း ဒုက္ခရောက် ပါတယ်ဗျာ။ လူသစ် စုဆောင်း လာရင်လည်း တမျိုး ဒုက္ခရောက်ပြန်တယ်”ဟု ပြောသည်။

ထိုပြည်သူများသည် ပင်ပန်းဆင်းရဲစွာ ရှာဖွေနေရသော ငွေကြေးများကို ၎င်းတို့ မိသားစုအတွင်း လိုအပ်သော လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး စသည့် ပြဿနာများကို ပြေလည်အောင် မဖြေရှင်း ပေးနိုင်သော်လည်း များပြားလှသော လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရထံ အခွန်ဆောင် နေကြရသည်။

အခွန်အခ ကောက်ခံသူများကမူ ပြည်သူလူထု ကြုံတွေ့နေရသော အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မှု တွင် လစ်ဟာလျက် ရှိနေပေသေးသည်။

လက်နက်ကိုင် အဖွဲ့များဘက်ကတော့ ၎င်းတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား စသည့် အခန်း ကဏ္ဍ များ တွင် သုံးစွဲ၍ လူထုအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ကြောင်း ပြောဆိုကြသည်များလည်း ရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တည်းခိုခန်း ဖွင့်ထားသည့် TNLA က စာပို့၍ ငွေ ၁၀ သိန်း တောင်းခံရသော မိသားစုဝင် တဦးက “စီးပွားရေး အဆင်မပြေတော့ဘူး။ ဒီကြားထဲ အစိုးရကို တဖက် တိုင်းရင်းသား လက်နက်ကိုင်ကို တဖက် ပေးနေရတယ်။ သူတို့ ပြောနေတဲ့ အခွန်တွေ ဆောင်နေရတော့ ပြည်သူတွေက သူတို့ရဲ့ ကျွန်သဖွယ်လို ဖြစ် နေ တယ်။ လူထုကိုလည်း ဘာမှ ပြန်လုပ်ပေးတာလည်း မရှိဘူး”ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားနေသော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “လူထုအပေါ်မှာ တောင်းခံ တာ တော့ မရှိဘူး။ ကျနော်တို့ စီးပွားရေး လုပ်ငန်းရှင်တွေဆီမှာ အကူအညီတောင်းခံ တာတော့ ရှိတယ်။ သုံးစွဲတဲ့ နေရာ ကတော့ ဘယ်နေရာမှာ သုံးစွဲလည်း ဆိုတာတော့ ပြောလို့မရဘူး”ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် တနှစ်လျှင် စစ်သုံးစရိတ် မည်မျှ သုံးစွဲသည်ကို ထုတ်ပြန် ကြေညာခြင်း မရှိသည့် အတွက် မသိရှိရပေ။ အလားတူ ပြည်သူ လူထုဆီမှ ကောက်ခံသော ငွေများကို မည်သည့် နေရာများတွင် သုံးစွဲကြသနည်း ဆိုသည့် အပေါ်မှာလည်း ထုတ်ပြန် ပြောဆိုခြင်း မရှိသည့်အတွက် အသေအချာ မသိရပေ။

တပ်မတော်ကမူ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်အသုံးစရိတ် ဘတ်ဂျက် အဖြစ် ကျပ် ဘီလီယံ ၃၂၀၀ ကျော် ကို အစိုးရထံ သို့ ကာကွယ်ရေး ဝန်ကြီးဌာနက တဆင့် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်၌ တင်ပြ တောင်းခံ ခဲ့သည်။

ထိုဘတ်ဂျက် ငွေထဲမှ စစ်ဆင်ရေး အတွက် ၅ ဒသမ ၅၀၂ ဘီလီယံ သုံးစွဲသွားမည်ဟုလည်း ဇူလိုင် ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်မှာပင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ရှင်းပြသွားသည်။

နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က “ပြည်တွင်းစစ် ရှိနေသမျှ ကာလပတ်လုံးက အဲဒီလို တရားမမျှတမှုနဲ့ လူထု ရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ အကြောင်းတရားက ဆက်ဖြစ်နေဦးမှာပဲ။ အရေးကြီးတာကတော့ ၂၁ ရာစု ပင်လုံမှာ ပြည်တွင်းစစ် ပြဿနာကို နိုင်ငံရေး ပြဿနာအဖြစ် စားပွဲဝိုင်းမှာ ဖြေရှင်း ဝင်ရောက်လာဖို့ အရေးကြီးပါတယ်။ အဲဒီက နေ ပြည်တွင်းစစ် ပြဿနာကို ရှင်းနိုင်မှ အဲဒီပြဿနာတွေရဲ့ အမှားအမှန် ပေါ်မှာပါ”ဟု ပြောသည်။

ဇူလိုင် ၁၁ စတင်သည့် တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတွင် တွေ့ရသော နိုင်ငံ့ ခေါင်းဆောင်များ / မျိုးမင်းစိုး / ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း ကလည်း အပစ် အခတ်များ ရပ်စဲကြပြီး ထိုးစစ်များ မရှိပါက ပြည်သူများ ရင်ဆိုင်နေရသော ဒုက္ခများ သက်သာသွားမည် ဖြစ်ကြောင်း၊ စစ်ပွဲများ ရပ်တန့်ရေးနှင့် စစ်ပွဲများ ဖြစ်ပွားနေရသည့် အကြောင်းတရားကို ရှာဖွေနေသော ၂၁ ရာစု ပင်လုံ ညီလာခံ တွင် ပြည်သူများထံမှ ငွေတောင်းနေခြင်း ကိစ္စကိုလည်း ဆွေးနွေးရန် လိုအပ်ကြောင်း ထောက်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့မှ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက“တချို့အဖွဲ့ တွေ ဆိုရင် ကျည်ဆန်ကို စာအိတ်ထဲ ထည့်ပေးတာမျိုး၊ လက်ပစ်ဗုံးကို ပါဆယ်ထုတ်ပြီး ပို့တာမျိုး၊ စာပေးပို့ပြီး ဖုန်း ဆက် တောင်းတာမျိုးတွေဟာ ဒီနေ့အထိ ရှိနေပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတာရယ်၊ လုံခြုံရေး တပ်ဖွဲ့တွေက ပြည်သူ အပေါ် ဘာလုံခြုံရေးမှ တာဝန်မယူပေးတာကြောင့် အခွန်လို့ခေါ်တဲ့ ဆက်ကြေးပေး ဆောင်နေရဆဲပါ”ဟု ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA၊ TNLA၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ရှမ်းပြည် တိုးတက် ရေး ပါတီ (SSPP)၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့အပြင် တပ်မတော်နှင့် တပ်မတော်၏ ကွပ်ကွဲမှု အောက်ရှိ ကောင်းခါး ပြည်သူ့စစ်၊ ပန်ဆေး ပြည်သူ့စစ်၊ မန်ပန် ပြည်သူ့စစ်၊ စိန်ကျော့ ပြည်သူ့စစ် စသည့် အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၃ ခုနှစ်က အတူလှုပ်ရှားနေကြသော SSPP နှင့် TNLA တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

ထိုအဖွဲ့များအနက် အများစုမှာ ဒေသခံ လူထုဆီကနေ ငွေကြေး ကောက်ခံမှုများ ရှိသလို လူသစ် စုဆောင်းမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ နယ်ခြား စောင့်တပ် (BGF)၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ စသည့် လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိပြီး တချို့ အဖွဲ့က ငွေကြေး ကောက်ခံမှုရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား နယ်မြေပိုင်ခြား သတ်မှတ်နိုင်ခြင်း မရှိဘဲ ဆက်စပ် နယ်မြေများတွင် လှည့် လည် လှုပ်ရှားပြီး ငွေကြေး ကောက်ခံ နေကြခြင်းကြောင့်လည်း လူထုအတွက် နစ်နာမှုရှိပြီး အဖွဲ့များစွာကို ငွေကြေး ပေးဆောင်နေရသည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင်က“NCA ထိုးထားတဲ့ အဖွဲ့တွေ ကြားထဲတော့ နယ်မြေ သတ်မှတ်မှု၊ အခွန် ခွဲခြားမှုတွေ လုပ်တော့ နည်း နည်း ခံသာတာပေါ့ဗျ။ တိုင်းရင်းသား အဖွဲ့အစည်း အချင်းချင်းကြားမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း ဖြေရှင်း နိုင်ရင်တော့ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်”ဟုလည်း ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော် တို့ကြား ချုပ်ဆိုထားသော တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၉(ဃ)တွင် ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေ ရိက္ခာ၊ လုပ်အား နှင့် ဝန်ဆောင်မှုများကို အဓမ္မ တောင်းခံရယူခြင်း မပြုလုပ်ရဟု ပါဝင်သည်။

ထိုအချက်သည် NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များဖြင့်သာ သက်ဆိုင်ရာ မထိုးရသေးသည့် KIA၊ TNLA၊ UWSA၊ SSPP၊ ရက္ခိုင့် တပ်မတော် (AA)၊ MNDAA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) တို့နှင့် သက်ဆိုင်ခြင်း မရှိသေးကြောင်း သိရသည်။

NCA ထိုးထားသည့် RCSS၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ NMSP၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ DKBA၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြင့် သက်ဆိုင်သည်ဟု ဆိုသော်လည်း အဓမ္မ တောင်းခံ ရယူခြင်း မပြုလုပ်ရဟု ဆိုခြင်းကြောင့် လူထုက အဓမ္မတောင်းကြောင်း မပြောပါက တောင်းခံခွင့် ရှိသည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

ထို့ကြောင့် ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အနေဖြင့် ပြည်သူများ ထံမှ ငွေကြေး တောင်းခံနေသော ပြဿနာကို ထိရောက်စွာ မဖြေရှင်းနိုင်ဘဲ ဖြစ်နေသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U)မှ အတွင်း ရေးမှူး – ၁ ဒေါက်တာ ရွှေခါးရ်က “အဲဒီမှာ (NCA စာချုပ်မှာ)တော့ အတင်းအဓမ္မ မကောက်ရဘူးဆိုတာပဲ ရှိတာကိုး။ ဆိုတော့ သူတို့ ကောက်တဲ့ ဟာက အတင်းအဓမ္မလား ဒါမှမဟုတ် ဘယ်လိုလဲ ဆိုတာတော့ ကျနော်တို့ ကြည့်ရမှာပေါ့ နော်။ အတင်း အဓမ္မလုပ်လား ဒါမှမဟုတ် မလုပ်ဘူးလား ဆိုတဲ့ဟာပေါ့၊ နောက် ကျနော်တို့ ယေဘုယျ သဘောထား တာတော့ လူတိုင်းက ပေးချင်တယ် ဆိုရင်တော့ ပေးလို့ရတာပေါ့၊ ဆန္ဒအရပေါ့။ တကယ်လို့ အတင်းအဓမ္မ ကောက် ခံတယ် ဆိုလို့ရှိရင်တော့ NCA ချိုးဖောက်တာပေါ့၊ အတင်းအဓမ္မပြောတာ ဘာလဲဆိုတာကို ကျနော်တို့ ပြန်ပြီးတော့ ညှိနှိုင်းဖို့တော့ လိုအပ်တာပေါ့”ဟု ပြောသည်။

လက်နက်ကိုင် အဖွဲ့များသည် ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ သတ္ထူ တူးဖော်ရေးနှင့် ကျောက်မျက် ရတနာ တူးဖော် ရေး ကုမ္ပဏီများ၊ ကုန်တင်ကားများ၊ ဒေသနေ သူဌေးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တောင်သူ လယ်သမားများ၊ တည်းခိုခန်းနှင့် ဟိုတယ်များ၊ ပုဂ္ဂုလိက ကျောင်းများ၊ လောင်းကစားရုံများ၊ ကျွဲနွား ရောင်းဝယ်သူများ စသည့် သူများ ထံက ငွေကြေး တောင်းခံကြကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က “အခွန်က ကောက်ပဲသီးနှံ့ခွန်၊ ကျွဲနွား ရောင်းဝယ်ခွန်၊ စတာတွေကို ပွဲစားဆီက ကောက်ပါတယ်။ အသား ငါး၊ အရက် စတာတွေက နှစ်အလိုက် ကောက်ပါတယ်။ ဓာတ်သတ္တု တူးဖော်ခွန် အနည်းအကျဉ်း ပေါ့”ဟု ပြော သည်။

SSPP အနေဖြင့် ပြည်သူများဆီက ရရှိသော ငွေများကို လူထုအကျိုးပြု လုပ်ငန်းများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းတံတား တည်ဆောက်ရေး စသည့် ကဏ္ဍများတွင် ပြန်လည် အသုံးပြုရာ လောက်ငမှုပင် မရှိကြောင်း ၎င်းက ဆိုသည်။

SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က “တခြားအဖွဲ့တော့ မသိဘူးဗျ။ ကျနော်တို့က ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဆည်မြောင်း စတဲ့ လူထုအကျိုးပြုတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပြန်သုံးပါတယ်။ လောက်တောင် မလောက်ဘူးဗျ”ဟုလည်း ပြောဆိုသည်။

မည်သို့ပင် ဆိုစေကာမူ ပြည်သူများက နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာသော ပြည်တွင်းစစ်ကို အဆုံးသတ် စေချင်ကြ ပြီ ဖြစ်သည်။

ချွေးနှဲစာများကို နိုင်ငံ တည်ဆောက်ရေး ဘက်တွင် သုံးစွဲရန် မျှော်လင့် တောင့်တ နေကြသလို လူမှု ဘဝများ ဖွံ့ဖြိုး တိုးတက် နိုင်သည့် အပြောင်းအလဲများကိုလည်း လိုချင်နေကြ ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading