ဆောင်းပါး

ပြည်တွင်းစစ်မီး ရခိုင်မှာ ထပ်လောင်ပြီ

Want create site? Find Free WordPress Themes and plugins.

မြို့နယ်အများအပြားတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြားတွင် တိုက်ပွဲများ အရှိန်မြင့် ကျယ် ပြန့်လာသည်နှင့် အမျှ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ်ကို လက်နက်ကိုင် ပဋိပက္ခက ထိခိုက် စေခဲ့သည်။

အသစ်ပေါ်လာသည့် တိုက်ခိုက်မှုများက ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂက လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများအဖြစ် အစီရင်ခံခဲ့သော မြန်မာ့တပ်မတော်၏ နာမည်ဆိုးသည့် စစ်ဆင်ရေးများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ဖြစ်သည့် ဒေသတခုကို မတည် မငြိမ်ဖြစ်အောင် ပြုလုပ်နေသည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးများကို ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) က နယ် ခြားစောင့် လုံခြုံရေးစခန်းများကို တိုက်ခိုက်ခဲ့သည့် အတွက် တရားဝင် လက်တုန့်ပြန်မှုတခု အဖြစ် မြန်မာ အာဏာပိုင်များက အကြောင်းပြခဲ့ကြသော်လည်း ယခုနောက်ဆုံး တိုက်ခိုက်မှုများမှာ နေပြည်တော်မှ ဗမာ ဗဟိုပြု အုပ်ချုပ်ရေးကို ဆန့်ကျင်နေသည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် AA က ထင်ထင်ရှားရှားပင် ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလမှ စတင်၍ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်များသာမက အိမ်နီးချင်း ချင်းပြည်နယ်နယ်မှ ပလက်ဝ မြို့နယ်တို့တွင် AA က ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ၂၀၁၇ ခုနှစ်ကုန်ပိုင်းမှ တိုက်ခိုက်မှုနောက်ပိုင်းတွင် သိသာထင်ရှားမှု အရှိဆုံး ထိတွေ့မှုများ ဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု လိုက်ပါလာသည့် ယာဉ်တန်းကို အဝေးထိန်း စနစ်ဖြင့် ထိန်း ချုပ်သည့် မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ကားတစီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် မည်သို့မျှ ပါဝင်ပတ်သက်မှု မရှိကြောင်း AA က ညင်းဆန်ခဲ့သည်ဟု သိရသော်လည်း ယခင်က မြေမြှုပ်မိုင်း သို့မဟုတ် ဖောက်ခွဲရေးပစ္စည်းများဖြင့် တိုက်ခိုက်မှုများတွင် သူတို့ ပါဝင် ပတ်သက်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရခိုင်ပြည်နယ် စစ်တွေမှ အစိုးရ ပစ်မှတ်များကို တိုက်ခိုက်မှုများ အပါအဝင် ဖြစ်သည်။ သို့သော် လည်း အဆိုပါ တိုက်ခိုက်မှုတွင် ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ဆန်ဂိုတောင် ကျေးရွာနှင့် ၁ ကီလိုမီတာ ခန့်အကွာ ဘူးသီးတောင်-ရသေ့တောင် လမ်းပေါ်တွင် ဝါယာကြိုးဖြင့် ထိန်းချုပ်သည့် ဖောက်ခွဲရေး ပစ္စည်းတပ်ဆင်ရင်း AA အဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့သည်ဟု မြန်မာ့ တပ်မတော်က ထုတ်ဝေသည့် မြဝတီနေ့စဉ် သတင်းစာတွင် ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းဖော်ပြခဲ့သည်။

AA ၏ ခြုံခိုတိုက်ခိုက်မှုများက မြန်မာ့တပ်မတော် တပ်ဖွဲ့များ နှင့် နယ်ခြားစောင့် တပ်ဖွဲ့များကို ပစ်မှတ်ထားခဲ့သည်။ ဘူးသီး တောင်မြို့နယ်၊ ဆေးတောင် ကျေးရွာမှ ဗုဒ္ဓဘာသ ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် စခန်းချထားသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လူ ၃၀ ခန့်ပါဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် အမည် မသိ လက်နက်ကိုင် အဖွဲ့တခုက တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့က အစိုးရမီဒီယာများတွင် ဖော်ပြခဲ့သည်။ ထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့က အမှတ် ၆၄ နယ်ခြားမှတ်တိုင် အနီးမှ တိုက်ခိုက်မှု အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် နှင့် နီးကပ်သောနေရာများမှ တိုက်ခိုက်မှုအများအပြား ကို တပ်မတော်မီဒီယာတွင် ဖော်ပြခဲ့သည်။ မြဝတီ နေ့စဉ်သတင်းစာ၏ အဆိုအရ နောက် ၂ ရက်ကြာသည့် အခါ အင်အား ၈၀ ပါဝင်သည့် AA အဖွဲ့တခုက တပ်မတော်တော် တပ်ဖွဲ့များကို နယ် ခြား မှတ်တိုင် ၆၃ နှင့် ၆၄ အနီးတွင် တိုက်ခိုက်ခဲ့ကြသည်။ ရခိုင် လက်နက်ကိုင်များက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခိုလှုံရာ အဖြစ် အသုံးပြုနေခဲ့ကြောင်း ဖော်ပြခြင်း ဖြစ်ဖွယ်ရာ ရှိပါသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့တခုတို့ကြားမှ တိုက်ပွဲတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်တဦး ပျောက်ဆုံးသွားခဲ့ရသည်။ ပျောက်ဆုံးသွားသည့် တပ်သား အောင်ကျော်သက်၏ အလောင်းကို ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်းနယ်စပ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရသည်။ အလောင်း၏ အောက်တွင် ဒေသတွင်းတွင် ထုတ်လုပ်သည့် စနက်တံတခု တွေ့ရှိရပြီး အလောင်းကို မြန်မာဘက်ခြမ်းကို ပြန်လည် ယူဆောင်၍ နောက်တနေ့တွင် ကောင်းမွန်စွာ မြှုပ်နှံသြင်္ဂ ိုဟ်ခဲ့ကြောင်း အစိုးရ မီဒီယာ၏ အဆိုအရသိရသည်။

တောင်ဘက်တွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ ရသေ့တောင်မြို့နယ်တွင် တပ်မတော်တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခံရသည်။ နောက် တနေ့တွင် ဘူးသီးတောင်မြို့နယ်၌ ဖြစ်သည်။ မြဝတီ နေ့စဉ် သတင်းစာ၌ “ဒေသ လုံခြုံရေးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသော AA လက်နက်ကိုင်များကြောင့် တပ်မတော်စစ်ကြောင်းများမှ အရာရှိနှင့် အခြားအဆင့် အချို့ ကျဆုံး သို့ မဟုတ် ဒဏ်ရာ ရရှိခဲ့ကြသည်” ဟု ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် AA က တပ်မတော် ယာဉ်တန်းကို RPG နှင့် ပစ်သည့်အတွက် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ ရသည်ဟု သိရသည်။ ရသေ့တောင်မြို့နှင့် ၅ မိုင်မျှသာ ဝေးသည့် နေရာတွင် ဖြစ်သည်။

ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ၂ ဘက်လုံးက ပြတ်တောင်းပြတ်တောင်း ကျေညာချက်များသာ ထုတ်ပြန်နေသည့် အတွက် နောက်ဆုံး ပေါ်ပေါက်သည့် တိုက်ခိုက်မှုများတွင် သေဆုံးရသည့် ၂ ဘက်တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အရေအတွက် ကို ခန့်မှန်းရန် ခက်ပါသည်။ မည်သည့် တရားဝင် ကိန်းဂဏန်း အချက်အလက်ကို ဖြစ်စေ သံသယ ထားသင့်ပါသည်။

ဒီဇင်ဘာလအတွင်းက ကျောက်တော်မြို့နယ်မှ တိုက်ပွဲများတွင် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ၏ အကူအညီ ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အတည်မပြုနိုင်သော်လည်း ယခင်က AA နှင့် တိုက်ပွဲတွင် အနီးကပ် လေကြောင်း အကူအညီကို အသုံးပြုခဲ့ဖူးသည်။

ဒီဇင်ဘာလ ၈ ရက်မှ စတင်၍ ပုဏ္ဏားကျွန်း နှင့် ကျောက်တော် မြို့နယ်အတွင်းမှာပင် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာ ထွက် ပြေးရသည့် အရပ်သား ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ခန့် မှန်းထားသည်။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာ အတွင်းတွင် ပဋိပက္ခကြောင့် ရခိုင်နှင့် ချင်းပြည်နယ်များအတွင်းမှ ရာနှင့် ချီသော အရပ်သားများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အထမ်းသမားအဖြစ် ခိုင်းစေခြင်း၊ အရပ်သားများကို လူသားဒိုင်း အဖြစ်အသုံး ပြုခြင်း နှင့် မြေမြှုပ်မိုင်းများကို ၂ ဘက်လုံးက လက်လွတ်စပယ် အသုံးပြုခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများလည်း အများအပြား ရှိခဲ့သည်။

ဒေသခံ ရခိုင်နှင့် ချင်းအဖွဲ့အစည်းများက ပြီးခဲ့သည့် ၃ နှစ်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင် ခဲ့ ကြသည့်တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မည်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုမျှ ထင်ထင်ရှားရှား မရှိခဲ့ ပါ။

နောက်ဆုံး ပေါ်ပေါက်သည့် တိုက်ခိုက်မှုများ၏ သိသာထင်ရှားမှုမှာ ခြုံခိုတိုက်ခိုက်မှုများ ကျယ်ပြန့်လာနေသည် နှင့် တချိန် တည်းတွင် AA က ၎င်းတို့၏ စစ်ဆင်ရေးလှုပ်ရှားမှု ဧရိယာကို ချင်းပြည်နယ်တောင်ပိုင်း တောင်ကုန်းများနှင့် သီးခြားနေရာ များတွင်သာ မကဘဲ ရခိုင်ပြည်နယ်အလယ်ပိုင်း လွင်ပြင်များဆီသို့လည်း တဖြည်းဖြည်း တိုးချဲ့လာနေခြင်း ဖြစ်သည်။

AA ၏ ကျယ်ပြန့်သော ရည်မှန်းချက်များက မည်သို့ဖြစ်သည်ဆိုသည့် ကြေညာချက်များ အပြင် သဲသဲကွဲကွဲ မသိရှိရပါ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းတွင် သူတို့၏ အင်အားအရေအတွက်ကို လည်းမသိရှိရသေးပါ။ သို့သော်လည်း AA အဖွဲ့တွင် တပ်သားထောင် ပေါင်းများစွာ ရှိနေပြီး ရခိုင်ပြည်နယ်တွင် ရာပေါင်းများစွာ လှုပ်ရှားနေသည်ဟု အချို့က ခန့်မှန်း ခဲ့ကြသည်။

ရှင်းရှင်းလင်းလင်း ရှိနေသည်မှာ စစ်ဆင်ရေးများကို ချဲ့ထွင်ရန် AA ၏ ရည်ရွယ်ချက်ဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်၍ မြန် မာနိုင်ငံ အနောက်ပိုင်းမှ ၎င်းတို့၏ လှုပ်ရှားမှုများကို အနီးကပ်လေ့လာဆန်းစစ်မှုမှ ထင်ထင်ရှားရှားတွေ့ရှိလာရသည့် ဦး တည်ချက်တခု ဖြစ်သည်။ ၎င်း၏ ပါဝင်ပတ်သက်မှုကို ညင်းဆန်ထားခဲ့သော်လည်း နိုင်ငံရေးခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများကို ပစ်မှတ်ထားသတ်ဖြတ်မှုများတွင်လည်း AA ကပါဝင် ပတ်သက်နေခဲ့သည်။

လက်ရှိ တိုက်ခိုက်မှုများ အတွင်းတွင် အတိတ်နိမိတ်ဆိုးတခု အနေဖြင့် ပေါ်ပေါက်ခဲ့သည်မှာ AA က ဘူးသီးတောင် မြို့နယ်မှ လူပုဂ္ဂိုလ် ၃ဦး (ရဲစခန်းမှူးတဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတဦး နှင့် လူသိများသည့် သစ်လုပ်ငန်းရှင် တဦး) တို့ ထံသို့ ကျည်ဆန် တတောင့်စီ ပါဝင်သည့် သတိပေးစာများ ပေးပို့ခဲ့ကြောင်း ဧရာဝတီ သတင်းဝက်ဆိုက်တွင် ဖော်ပြခဲ့ သည်။ သူတို့၏ လှုပ်ရှားမှုများကို အနှောက်အယှက် မပြုရန် သတိပေးခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)ကို တည်ထောင်သူ တဦးဖြစ်သည့် ဦးခင်သန်း မောင် မှာ မြေပုံမြို့နယ် ကြာအင်းဒင်ကျေးရွာရှိ သူ၏ နေအိမ်တွင် သေနတ်နှင့် ပစ်သတ်ခြင်းခံ ခဲ့ရ သည်။ ALD သည် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အလွန်နီးကပ်မှုရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သဘောထားခြင်း ခံရသည့် ပါတီ ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ လုပ်ကြံခံရခြင်းသည် နောက်ဆုံးပေါ်ပေါက်နေသည့် မဖြေရှင်းနိုင်သေး သော လူသတ်မှုအများ အပြားထဲမှ တခုသာဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့မှ တပ်ဖွဲ့ဝင် တဦးဖြစ်သည့် တပ်ကြပ် ကိုဖိုးလုံး သေနတ် နှင့် အပစ်ခံခဲ့ရသည်။ စစ်တွေ အလယ်ပိုင်းတွင် ပြုလုပ်သည့် ပွဲလမ်းသဘင်တခုသို့ သူ၏ ဇနီး၊ ကလေး တို့နှင့် အတူ သွား ရောက်စဉ် သေနတ်သမားတဦးက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူသတ်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၃ လ အတွင်းတွင် ထင်ရှားသည့် လူငယ်နှင့် နိုင်ငံရေး တက် ကြွလှုပ်ရှားသူများ အပါအဝင် သံသယရှိသူ အများအပြားကို ဖမ်းဆီးခဲ့ခြင်းက ရခိုင်တိုင်းရင်းသားများကို ဒေါသထွက်စေခဲ့ ပြီး ထိန်းသိမ်းခံရသူများသည် အပြစ်မရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ တရားမျှတမှု မရှိဟု ယူဆခြင်းက AA အပေါ် လူမှုရေး ထောက်ခံမှုကို တိုးပွားစေခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း အာဏာပိုင်များက ရခိုင် နိုင်ငံရေး၊ အသိုင်းအဝိုင်းနှင့် ဘာသာရေး ခေါင်းဆောင်များကို AA အား ထောက်ခံခြင်း နှင့် လက်နက်ကိုင်တော်လှန်ခြင်း စွပ်စွဲချက်များဖြင့် ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။ တခါတရံတွင် မတရား အသင်းဆက်သွယ်မှုနှင့် ဖြစ်သည်။

ဖမ်းဆီးမှုများတွင် လူသိအများဆုံး အမှုမှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင် အမှုဖြစ်သည်။ သူ့ကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ အတွင်းတွင် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလအတွင်းတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခဲ့သည်။ မြောက်ဦးမြို့တွင် လူထုချီတက်ပွဲတခုကို ရဲ အဖွဲ့က ပစ်ခတ်ဖြိုခွဲခဲ့သည့် အတွက် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့ရပြီးနောက် သူပြောကြားခဲ့သည့် မိန့်ခွန်းတခု ကြောင့် ဖြစ်သည်။

AA ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)က ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပိုမို ပါးနပ် သည့် လူထုဆက်ဆံရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့သည်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ “ရက္ခိတအိပ်မက် ၂၀၂၀” ကို အရှိန်မြှင့်တင်ရေး အတွက် စည်းရုံးနေခဲ့သည်။ ရခိုင်တို့၏ မကျေနပ်မှုများကို “ရက္ခိတ လမ်းစဉ်” ဆိုသည့် ကြွေးကြော်သံအောက်တွင် ULA က ပုံဖော်နေခဲ့သည်။ ယခုအခါ အင်္ဂလိပ်ဘာသာဖြင့် “The Way of Rakhita” ဟု ရိုက်နှိပ် ထားသည့် တီရှပ်များကို ရခိုင်ပြည်နယ်တလွှားမှ နေရာအများအပြားတွင် အသင့် ရရှိနိုင်ပြီ ဖြစ်သည်။

“ရက္ခိတ လမ်းစဉ်”ကို ULA က ၎င်းတို့၏ လှုပ်ရှားမှု မြှင့်တင်ရေးဆောင်ရွက်ရာတွင် တနိုင်ငံလုံး အတိုင်းအတာအရ လက်နက်ကိုင် တော်လှန်မှုတခု အဖြစ် ဖွင့်ဆိုခဲ့သည်။ “ဗမာ ကိုလိုနီ အုပ်ချုပ်မှုနှင့် လူမျိုးရေး ခွဲခြားသည့် အစိုးရလက်အောက်တွင် ယခုအခါ ရခိုင်ပြည်နယ်က မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဖြစ်လာခဲ့ပြီး ရခိုင်ပြည်သူများမှာ တရားမျှတမှု မရှိခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှု သံသရာအတွင်းသို့ ကျဆင်းနေကြရသည်။ ထိုကဲ့သို့ ကြီးလေးစွာ ထိခိုက်ရခြင်းနှင့် ဝမ်းနည်းစရာများက ရခိုင်မျိုးဆက်သစ်များကို အမျိုးသားတော်လှန်ရေးတခု ဆင်နွှဲရန်မှ လွဲ၍ အခြားရွေးချယ်စရာ မရှိ ဖြစ်စေခဲ့သည်” ဟု သူတို့က ဆိုသည်။

ကျည်ဆန်များနှင့် အတူ ဘူးသီးတောင်မြို့နယ်မှ လူ ၃ ဦးထံသို့ ပေးပို့ခဲ့သော သတိပေးစာများတွင် ရက္ခိတလမ်းစဉ်ကို အနှောက်အယှက်မပြုရန် သတိပေးထားသည်ဟု သိရသည်။

အဆိုပါ လတ်တလောတိုက်ခိုက်မှုများက ကချင်ပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့ ပါဝင်သည့် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ စစ်တိုင်း ၅ ခုတွင် စစ်ဆင်ရေးများကို ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း တပ်မတော်ခေါင်းဆောင်ပိုင်းက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပြီးသည့် အချိန်မှာပင်လျှင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေး ယာယီ ရပ်ဆိုင်းခြင်းက မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ပြုလုပ်ရာတွင် အဆင်ပြေ ချောမွေ့စေရေး ရည်ရွယ်သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်နယ်စပ်နှင့် နီးကပ်သည့် ကချင်ပြည်နယ်အတွင်းတွင် အဓိက ဌာနချုပ်များနှင့် လေ့ကျင့်ရေးဌာနများ ရှိသည့် AA အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် ၃ ဦးက ဗဟို အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ထိုသို့ ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ၄ လကြာမြင့်မည့် အဆိုပါ ရပ်ဆိုင်းမှုတွင် ရခိုင်ပြည်နယ် ပါဝင်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ အရ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အစိုးရက သတ်မှတ် ကြေညာပြီး ဖြစ်သည့် ARSA ၏ တိုက်ခိုက်မှုများရှိလာပါက ပြန်လည်တိုက်ခိုက်ရန် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးအတွက် အသင့်ပြင်ဆင်ထားမှုကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်သောကြောင့် များစွာ ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက မောင်တောမြို့နယ်မှ ခြုံခိုတိုက်ခိုက်မှု တခုနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များအပေါ် မည်သည့်တိုက်ခိုက်မှုကိုမျှ ARSA က လူသိရှင်ကြားဝန်ခံ ပြောဆိုထားခြင်းမရှိပါ။ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များကို ၎င်း၏ တိုက်ခိုက်နိုင်စွမ်းက AA ထက်များစွာ လျော့နည်းပါသည်။

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရခိုင် အမျိုးသား အဖွဲ့ချုပ်(ULO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် ကိုးကန့်နိုင်ငံရေး အဖွဲ့ဖြစ်သည့် အမှန်တရားနှင့် မျှတမှုအတွက် မြန်မာ အမျိုးသားပါတီ (MNTJP) တို့ အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ဝင် ၄ ဦးလုံးက ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတခု နောက်ပိုင်းတွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အကယ်၍ တပ်မတော်၏ ၄ လကြာ စစ်ရပ်ဆိုင်းမှုကို ရခိုင်ပြည်နယ်သို့ တိုးချဲ့၍ AA အပေါ်ပြုလုပ်နေသည့် စစ်ဆင်ရေးများကိုလည်း ရပ်ဆိုင်းမှ သာလျှင် ၎င်းတို့က စစ်ဆင်ရေးများကို ရပ်ဆိုင်းလိမ့်မည်ဖြစ် ကြောင်းပြောသည်။

အနောက်ဘက်နယ်စပ်ဒေသများမှ လတ်တလောတိုက်ခိုက်မှုများ နှင့် ရခိုင်ပြည်နယ် အလယ်ပိုင်း အချက်အချာ နယ်မြေ များ ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်း သို့ဝင်ရောက်လာခြင်းက အစိုးရ၏ ဒေသတွင်းမှ ဖွံ့ဖြိုးရေး အားထုတ်မှုများအတွက် စိုးရိမ်စရာ အကြောင်းတခု ဖြစ်သင့်ပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါးကို လက်ခံရန် ဆောင်ရွက်နေကြသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာ အဖွဲ့များကိုလည်း စိတ်ပျက်စေမည်မှာ သံသယ ရှိရန် မလိုပါ။ အကယ်၍ အခြေအနေများက လက်ခံနိုင်သည့် အခြေအနေရှိနေလျှင်ပင် လတ်တလောတွင် မဖြစ်နိုင်ဖွယ်ရာ ပို၍ များနေပါသည်။

ဂျပန်နိုင်ငံနှင့် ကမ္ဘာ့ဘဏ် အပါအဝင် အခြားသော အလှူရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း စိုးရိမ်ရမည် ဖြစ်သည်။ ၎င်းတို့က ဆင်းရဲနွမ်းပါး၍ ကွဲပြားနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှုများကို ချဲ့ထွင်နေကြသည်။

အိန္ဒိယ နိုင်ငံက ၎င်း၏ နယ်စပ်တွင် ရခိုင်လက်နက်ကိုင် လှုပ်ရှားမှုအသစ်တခု ရှိလာသည့် အဖြစ်မှန်နှင့် ပတ်သက်၍ ဖြည်း ဖြည်းချင်း နိုးထလာနေသည်။ လတ်တလော တိုက်ပွဲအချို့က ကုလားတန် မြစ်တလျှောက်တွင် ပေါ်ပေါက်ခဲ့သောကြောင့် ဖြစ်သည်။ အိန္ဒိယ နိုင်ငံက အမေရိကန် ဒေါ်လာ ၄၀၀ တန်သည့် ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း ကို တဖြည်းဖြည်း အကောင်အထည် ဖော်နေသည်။ ၎င်း၏ အပိုင်းတခုတွင် စစ်တွေဆိပ်ကမ်း နှင့် ချင်းပြည်နယ် အတွင်းမှ ပလက်ဝဆိပ်ကမ်းတို့ကို ဆက်သွယ်ရန် ရှိပြီး ပလက်ဝဆိပ်ကမ်း နှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းမှ မီဇိုရမ်ပြည်နယ်တောင် ပိုင်းကို ဆက်သွယ်ထားသည့် လမ်းတခု ရှိသည်။

တရုတ်နယ်စပ်မှ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရေနက်ဆိပ်ကမ်းတခုကို ဆက်သွယ် မည့် အစီအစဉ်တခု အပါအဝင် ၎င်း၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေးနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ၂ ခုလည်း ရှိနေခြင်းကြောင့် တိုက်ခိုက်မှု ပဋိပက္ခ၏ ထိခိုက်ပျက်စီးမှုများက တရုတ်နိုင်ငံကိုလည်း စိတ်ပျက်စေလိမ့်မည် ဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် AA နှင့် ၎င်း၏ မဟာမိတ်အဖွဲ့ ၂ ခုတို့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ်မှာ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံ၏ တွန်းအားတခု ဖြစ်ကြောင်း ထင်ရှားပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ အတွင်းတွင် အ ဆင့် အမျိုးမျိုးထားသည့် တရုတ်နိုင်ငံခြားရေး မူဝါဒက မောင်းနှင်သည့် တရုတ်အစိုးရနှင့် ယူနန်ပြည်နယ်တို့ ၂ ခုလုံးက AA နှင့် ရခိုင်ပြည်တွင်းမှ ၎င်းတို့၏ အဖနိုင်ငံတော်အတွက်ဟု ဆိုသည့် စစ်ဆင်ရေးများ အပေါ် မည်မျှအထိ သြဇာ သက် ရောက် မှု ရှိလိမ့်မည်နည်း။

သို့သော်လည်း စိုးရိမ်စရာ အရှိဆုံးမှာ မြန်မာနိုင်ငံနှင့် ၎င်းတို့၏ နယ်စပ်တလျှောက်တွင် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး ရှိ နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပါသည်။ ၎င်း၏ တံခါးဝတွင် ရခိုင်လက်နက်ကိုင်လှုပ်ရှားမှု တဖြည်းဖြည်း ကျယ်ပြန့်လာ နေခြင်းက အကယ်၍ ရခိုင်ပြည်နယ်အတွင်းတွင် ကျန်ရစ်နေဆဲ ဖြစ်သလို နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာများ အပေါ် နက်ရှိုင်းစွာ မုန်းတီးမှုကို အခြေခံသည့် ရခိုင်တိုင်းရင်းသားတို့၏ အထွေထွေ မကျေနပ်မှုကို ရောင်ပြန် ဟပ်ခြင်း ဖြစ်ခဲ့လျှင် စိုးရိမ်စရာ ရှိသောကြောင့် ဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းမှ အခြားသော မြို့နယ်များတွင် ရိုဟင်ဂျာ အသိုင်းအဝိုင်း အမြောက်အများ ကျန်ရှိနေဆဲ ဖြစ်သော်လည်း ယခုအချိန်အထိ AA က ၎င်းတို့ စစ်ဆင်ရေး ပြုလုပ်သည့် ဧရိယာများတွင် ရိုဟင်ဂျာ မွတ်ဆလင် အသိုင်းအဝိုင်း အပေါ် ပစ်မှတ်ထားမှု သတင်းများ မရှိခဲ့သေးပါ။

နိုင်ငံတကာ အဖွဲ့ အစည်းအားလုံးအနေဖြင့် ရိုဟင်ဂျာမွတ်ဆလင် အသိုင်းအဝိုင်း ရင်ဆိုင်ခဲ့ရသည့် ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းတွင် သတိမမူမိဘဲ ဖြစ်နေလေ့ရှိသော ရခိုင်တိုင်းရင်းသားတို့၏ မကျေနပ်မှုများ နှင့် ဗမာ လွှမ်းမိုးသည့် နိုင်ငံ ရေး၊ စီးပွားရေး နှင့် လုံခြုံရေး အသိုက်အဝန်းကို ကာလရှည်ကြာစွာ ဆန့်ကျင်ခဲ့ခြင်းတို့ အပေါ်တွင် ပိုမိုကောင်းစွာ နား လည်သဘောပေါက်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်နယ်သို့ AA ရောက်ရှိလာခြင်းနှင့် ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် တိုက်ခိုက်မှုများကို မှန်မှန်တိုးမြှင့် လာခြင်းတို့က ARSA ၏ တိုက်ခိုက်မှုများ ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော်ထွက်ပြေးခြင်းတို့၏ အောက်တွင် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မေလတွင် ၁၀ နှစ်ပြည့် အခန်းအနားကို ကျင်းပရန် ရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းသစ် တခုဖြစ်သည့် AA က ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှု နှင့် ဖွံ့ဖြိုးတိုးတက် ရေးကို သိသိသာသာ အတားအဆီး ပြုလုပ်နိုင်နေသည်။

အသေအပျောက် များပြားသည့် လတ်တလော တိုက်ခိုက်မှုများက နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ပဋိပက္ခ အပေါ် သဘောထားကို ပြန်လည်သုံးသပ်ရန် နှင့် ရခိုင်ပြည်နယ်၏ လက်တွေ့ အရှိတရားများအရ ရပ်တန့်ထားသော ငြိမ်းချမ်းရေး အထောက်အကူပေးမှု ဆောင်ရွက်ချက်များကို ပိုမိုအံဝင်ခွင်ကျဖြစ်စေရေး နိုးကြားစေမည့် တောင်းဆိုမှုတခု ဖြစ်သင့်ပါသည်။

(David Scott Mathieson သည် ရန်ကုန် အခြေစိုက် လွတ်လပ်သော လေ့လာဆန်းစစ်သူ တဦးဖြစ်သည်။ Asia Times ပါ ၎င်း၏ Myanmar’s Rakhine torched anew by insurgent fire ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading