မြန်မာကျပ်ငွေကို ကျပ်ငွေဖြင့်ပင် အမြတ်ပေးကာ ပြန်လည်ဝယ်ယူနေရခြင်း၊ အမြတ်တင်ကာ ရောင်းချနေခြင်း ဆိုသည့် တရားမဝင် ငွေကြေးဈေးကွက်တခု မကြံစဖူး ထူးကဲစွာ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည် ဆိုပါက အများက အံသြလိမ့်မည်ဖြစ်သည်။။
ထိုသို့ မြန်မာငွေကို အမြတ်တင်ရောင်းချနေသည့် ဈေးကွက်ကို စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ချုပ်ကိုင်ထားသည်ကို သိရှိပါက ပို၍ပင် အံသြသွားပေလိမ့်မည်။
နိုင်ငံတကာတွင် မကြုံခဲ့ဖူးသော၊ စီးပွားရေး သီအိုရီများအရ မရှိခဲ့ဘူးသော ဈေးကွက်တခု လတ်တလော မြန်မာပြည်တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ထိုဝိသမလောဘဈေးကွက်သည် ဘယ်ကစ ပေါ်ပေါက်လာသနည်းဟု မေးလျှင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည်ဟု ဆိုရမည်။
ဖေဖေါ်ဝါရီ ၂၀ရက်ခန့်က စစ်တပ်ပိုင် မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့က အစပျိုးခြင်းဟု ဆိုနိုင်ပြီး ယင်းဘဏ်တို့တွင် အပ်နှံထားသောငွေကို လူထုက ပြန်ထုတ်ယူခြင်းအပေါ် ဗဟိုဘဏ်က ထိန်းချုပ်နိုင်ရန် တပတ်အတွင်း ငွေထုတ်နိုင်သည့် ပမာဏကို ၁၀ ရာခိုင်နှုန်း လျှော့ချ ကန့်သတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးစနစ်တခု ပျက်သုဉ်းခဲ့ရသည့် အကျိုးဆက်ဟုပင် ဆိုရမည်၊ လူထုက ကြုံတွေနေသည့် နိုင်ငံရေး အကျပ်အတည်း မည်မျှကြာမည်ကို မခန့်မှန်းနိုင်သဖြင့် ရေရှည်တွင် မိမိတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် သုံးစွဲရန် ဘဏ်များတွင် အပ်နှံထားသည့် ငွေများကို ထုတ်ယူကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။
ထိုသို့ ငွေလာရောက် ထုတ်ယူမှု အပေါ် ကန့်သတ်မှုများ ပြုသည့်အခါ လူ့သဘောအရ မိမိငွေ ဆုံးရှုံးမည်ကို စိုးရိမ်၍ ထုတ်ယူသူ ပိုမိုများလာသဖြင့် ကသောင်းကနင်း နိုင်လာခြင်းပင်ဖြစ်သည်။
သို့သော် ထိုအချိန်က ပုဂ္ဂလိကဘဏ်များမှာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် အများစု ပိတ်ထားခဲ့ရသော်လည်း ငွေကြေးဆိုင်ရာ ပြဿနာ သိပ်မရှိခဲ့ပါ။ ပြည်သူများသည်အရောင်းအဝယ်နှင့် လုပ်ငန်း ကိစ္စရပ် များအတွက် ငွေပေးချေခြင်း၊ ငွေလွှဲပြောင်းခြင်းများကို Mobile Banking အသုံးပြုပြီး ဆောင်ရွက်နိုင်သေးသည်ကို တွေ့ရသည်။
ထိုမှတဖန် မတ် ၁၅ ရက်နေ့မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီက သတင်းအချက်အလက် စီဆင်းမှုကို ကန့်သတ် လိုသဖြင့် မိုဘိုင်းဒေတာစနစ်၊ ဝိုင်ဖိုင်နှင့် Wireless Broadband စနစ်များကို ဖြတ်တောက်ရာမှ Mobile Banking စနစ်ဖြင့် လည်ပတ်နေသည့် အွန်လိုင်းငွေပေးချေမှု ရပ်ဆိုင်းသွားခဲ့ရာ ပြည်သူလူထုလက်ဝယ် ငွေသားရှိရေးသည် လွန်စွာ အရေး ကြီးသွားစေခဲ့သည်။
ထိုအချိန်မှစ၍ ATM စက်များတွင် ငွေသားထုတ်ယူရန် အရှိန်အဟုန်ဖြင့် ကြိုးစားလာရာမှ ယင်းပြဿနာကို ထိန်းချုပ်ရန် ဗဟိုဘဏ်ဘက်ကလည်း ငွေကြေးထုတ်ယူနိုင်သည့် စည်းကမ်းသစ်များ ချမှတ်ကာ ထပ်မံ တင်းကြပ်လိုက်သည်။
ATM စက်၊ ဘဏ်စာအုပ်နှင့် ဘဏ်များတွင် ထုတ်ယူနိုင်သည့် ငွေကြေးပမာဏကို ကန့်သတ်လျှော့ချလိုက်ရာ ပြည်သူများ သည် ကိုယ့်ငွေကိုယ် လွယ်လွယ်ကူကူ ထုတ်ယူလို့မရသည့် အခြေအနေ ဖြစ်သွားခဲ့ရာမှ တဖြည်းဖြည်း ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းလာပြီး အုံနှင့် ကျင်းနှင့် ငွေကြေးထုတ်ယူမှုများ နိုင်ငံတဝှမ်း ပေါ်ပေါက်လာတော့သည်။
သာမန်ပြည်သူမှ အစ အလယ်အလတ်ကုန်သည် ပွဲစားနှင့် လက်ကား ရောင်းဝယ်သူများ အနေဖြင့် တကိုယ်စာနှင့် မိသားစု အသုံး စရိတ်အတွက်သာမက လုပ်ငန်းအတွက် ငွေပေးချေရန် အခက်အခဲ ဖြစ်ရသည်။
ထိုငွေကြေး ကြပ်တည်းမှုကို အခွင့်ကောင်းယူကာ ငွေကြေးချမ်းသာသည့် စစ်ဗိုလ်ချုပ်ဟောင်းများ အပါအဝင် ၎င်းတို့နှင့် နီးစပ်သည့် စစ်တပ် အသိုင်းအဝန်းက ကျပ်ငွေသား လက်ဝယ် လိုချင်သူများကို အမြတ်တင် ရောင်းချကြသည်။
ငွေပမာဏ အများအပြား အရေးတကြီး လိုအပ်သူများ၊ ဘဏ်ခွဲနှင့် ATM စက်များရှေ့တွင် နာရီပေါင်းများစွာ အချိန်ပေးပြီး မစောင့်ဆိုင်းလိုသူများ၊ ဘဏ်က အကန့်အသတ်ဖြင့် ထုတ်ပေးသည့် ငွေပမာဏထက် ပိုမိုထုတ်ယူလိုသူများသည် အဆိုပါ ဈေးကွက်၏ Customer များ ဖြစ်လာသည်။
ထိုသို့ ဝိသမလောဘဖြင့် အဓိက လုပ်ကိုင်နေကြသူများမှာ စစ်တပ်မှ အငြိမ်းစား ရယူထားသော အရာရှိကြီးများဖြစ်ပြီး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်းတဦး၏ ဇနီးနှင့် ၎င်းတို့ အသိုင်းအဝန်းမှ အဓိက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။
“ဒီလိုလုပ်နေတာ စစ်တပ်က အငြိမ်းစား ဗိုလ်ချုပ်တွေထဲက လုပ်နေကြတာလေ။ အဲဒီလို လုပ်တဲ့ ၅ ဦးမှာ ၄ ဦး လောက်က သူတို့တွေပဲ” ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။
ထိုသူများသည် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။
၎င်းတို့လုပ်ဆောင်ချက်မှာ ၎င်းတို့ ဘဏ်စာရင်းအကောင့်ထဲသို့ မိမိဘဏ်အကောင့်စာရင်းမှ ထုတ်ယူလိုသည့် ငွေပမာဏ ကို လွှဲပေးပြီး ထိုသူတို့က ငွေသားပြန်ထုတ်ပေးခြင်း ဖြစ်ကာ ဝန်ဆောင်ခအဖြစ် ကျပ်သိန်း ၁၀၀ လျှင် ကျပ် ၁၀ သိန်း ပေးရသည်။
အဆိုပါ ဝန်ဆောင်ခနှုန်းထားသည် ယခင်က ၅ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းဖြင့် စတင်ခဲ့ရာမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက် လာရာ ဗဟိုဘဏ်က ထို့သို့ ပြုလုပ်သူများကို အရေးယူမည်ဟု ကြေညာပြီးနောက် ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားခဲ့သည်။
ထိုတရားမဝင် ငွေကြေးရောင်းဝယ်နေသူများသည် ငွေကျပ် သိန်းရာဂဏန်းမှ ထောင် ဂဏန်း အထိကို ချက်ချင်း ထုတ်ပေးနိုင်ကြကြောင်း ထိုသူများထံ ကျပ်သိန်း ၂၀၀ ငွေသားလဲလှယ်ဖူးသူနှင့် နီးစပ်သူတဦးကလည်း အတည်ပြုပြော သည်။
၎င်းငွေလဲလုပ်သူများက ငွေသားကို ပြန်လည်ဖြည့်တင်းရန်အတွက် ဝယ်လိုအားမြင့်တက်ပြီး စံချိန်တင် ဈေးတက်နေသည့် ရွှေနှင့် အမေရိကန်ဒေါ်လာကို ပြန်လည်ရောင်းချခြင်း၊ ၎င်းတို့နှင့် နီးစပ်သည့် ဘဏ်ဝန်ထမ်းအရာရှိများနှင့် ချိတ်ဆက်ပြီး ဘဏ်စာရင်းထဲမှ ငွေသားပြန်လည် ထုတ်ယူခြင်းများ ပြုလုပ်ကြသည်ဟုလည်း သိရသည်။
အဓိကအားဖြင့် အခေါက်ရွှေကို ပြန်လည်ရောင်းချပြီး ငွေပြန်ဖော်ကြလေ့ရှိသည်။
ထို့အပြင် ၎င်းတို့လိုအပ်သည့် ငွေသားရရှိရန်အတွက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သော ကရင်နယ်ခြားစောင့် တပ်ဖွဲ့ (BGF) အပါအဝင် တရုတ်-မြန်မာ နယ်စပ်နှင့် ရှမ်းပြည်နယ်ရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များအထိ ကွန်ရက် ဖြန့်ကျက်ထားကြကြောင်း သိရသည်။
ထိုမှတဆင့် တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များနှင့်လည်း ချိတ်ဆက်ကာ ငွေသားပြန်လည် ရယူမှုများလည်း ရှိနေသည်။
“သူတို့က စစ်အာဏာသိမ်းပြီး လူမသိသူမသိ ငွေတွေထောနေတာ၊ ငွေကအရမ်းရတာလေ။ သူတို့သာ အင်တာနက်တွေ မပိတ်ခင်တုန်းက ငွေတွေ ထုတ်တာစောရင် သူတို့ပိုက်ဆံကို ရာခိုင်နှုန်းနဲ့ ပြန်ပေးနေတောင်ရတယ်” ဟု ထိုသူများနှင့် နီး စပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။
အာဏာ သိမ်းပြီးချိန်မှစ၍ ယခုအချိန်အထိ ရာခိုင်နှုန်းနှင့် ငွေအလဲအလှယ် လုပ်ပေးခဲ့သည့် ငွေသားပမာဏသည် သိန်းပေါင်း သောင်းနှင့်ချီကာ ရှိနေပြီ ဖြစ်သည်။
“သိန်း၁၀၀ ရင်းပြီး နာရီပိုင်းနဲ့ ဆယ်သိန်းမြတ်တာ ဘယ်လုပ်ငန်းရှိလို့လဲ။ ဒီလောက် တွက်ချေကိုက်တာ” ဟု သူက ဆိုသည်။
ပြည်သူများသည် အာဏာသိမ်းပြီးနောက် ၎င်းတို့၏ ဘဏ်ထဲတွင် အပ်နှံထားသော ငွေပမာဏများသည် နေ့စဉ် ဆိုသလို တန်ဖိုးလျော့ကျသွားသော်လည်း စစ်တပ်ကျောထောက်နောက်ခံ ရှိသူတချို့အတွက်မူ ပိုက်ဆံတိုးပွားစေသည့် စီးပွားရေး လုပ်ငန်းတခု ဖြစ်စေခဲ့သည်။
ပြင်ပမှ ငွေသား ကျပ် သိန်း၂၀၀ ရှိရင်တောင် နိုင်ငံတော်စီးပွားရေးတည်ငြိမ်မှုကို ပျက်စီးအောင်လုပ်တဲ့အမှု နဲ့ ညှိစွန်းတယ်လို့ BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ခြိမ်းခြောက် ပြောဆိုခဲ့သော ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော် တယောက် ယခုကဲ့သို့ ကျပ်ငွေကို ကျပ်ငွေနှင့် ပြန်ရောင်းကာ စီးပွားရှာနေကြသည့် စစ်တပ်အသိုင်းအဝိုင်းမှ ဝိသမလောဘသားတွေကို မည်သို့ အရေးယူမည်နည်းဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
You may also like these stories:
ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ