အပြောတွေများခဲ့သလောက် တကယ် လက်တွေ့မှာ အနည်းငယ်သာ အကောင်အထည်ဖော်နိုင်ခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန် ကို အဓိက လျှပ်စစ်ဓာတ်အားထောက်ပံ့သူ ဖြစ်လာမည်ဟု နောက်ဆုံး ထုတ်ဖော်ပြောဆိုလာသည့် ကုမ္ပဏီက လူသိနည်းသော ဘန်ကောက် အခြေစိုက် ကုမ္ပဏီတခုဖြစ်နေသည်။
မြန်မာအစိုးရက ထားဝယ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသအတွက် အရေးတကြီးလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားနှင့် အခြားသော အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် မြန်မာအစိုးရက ၎င်းတို့ ကုမ္ပဏီကို ရွေးချယ်လိုက်သည်ဟု Andaman Power & Utility Company Limited ကပြောသည်။
“မုတ္တမ ပင်လယ်ကွေ့က သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ရရှိဖို့လည်း သေချာသွားပါပြီ။ ဒါကြောင့် ကျနော်တို့ ရဲ့ ဓာတ်အား ပေးစက်ရုံ စီမံကိန်းကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်လုပ်နိုင်ပါသွားပါပြီ” ဟု Andaman Power & Utility ၏ ဥက္ကဌ Upakit Pachariyangkun က ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် ကြေညာချက်တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ၏ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် အမှတ် ၉ တွင် ထိုင်းအစိုးရပိုင် PTT Exploration & Production ကုမ္ပဏီက အကောင်အထည်ဖော်နေသော ဇောတိက ကမ်းလွန်သဘာ၀ ဓာတ်ငွေ့တွင်းကို ရည်ရွယ်ပြော ကြားလိုက်ခြင်းလည်း ဖြစ်ပါသည်။ မူလက အဆိုပါ စီမံကိန်းမှ ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် ဓာတ်ငွေ့ စတင်ထုတ်လုပ်ရန် သတ် မှတ်ထားသော်လည်း ယခုလအတွင်းတွင်မှ စတင်ထုတ်ယူနိုင်မည်ဟု မျှော်လင့်ရသည်။
Andaman Power က ထားဝယ် ဓာတ်အားပေးစက်ရုံကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်သွားမည်ဖြစ်သည် ဟုလည်း Upakit Pachariyangkun က ကြေညာချက်တွင်ပြောကြားထားသည်။
ပြီးခဲ့သည့် အပတ်က မြန်မာပြည်တွင်း မီဒီယာ အချို့တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက လျှပ်စစ် ဓာတ်အား မီဂါဝပ် ၅၀၀ ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားပေးစက်ရုံတခု ထားဝယ်ဒေသတွင် တည်ဆောက်ရန် “Admin Power & Utility” အမည်ရှိ သည့် ကမ္ပဏီတခုနှင့် ယခုလအတွင်း၌ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် စီစဉ်နေသည်ဟု ဖော်ပြခဲ့ကြသည်။ ကုမ္ပဏီ တခုထဲကို နာမည်မှားယွင်း ဖော်ပြမိခြင်း ဖြစ်ဖွယ်ရာရှိပါသည်။ မီဂါဝပ် ၅၀၀ ထုတ်လုပ်မည် ဆိုသော်လည်း ပထမ အဆင့်တွင် ၅၀ မီဂါဝပ်သာ ထုတ်လုပ်ရန် ရည်ရွယ်ထားသည် ဟုလည်း သိရသည်။
ဓာတ်အား မီဂါဝပ် ၅၀၀ သည် လက်ရှိအချိန်တွင် မြန်မာတနိုင်ငံလုံးအတွက် ထုတ်လုပ်ပေးနိုင်စွမ်း၏ ၂၅ ရာခိုင်နှုန်း နှင့်ညီ မျှသည်။ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်းရာပေါင်းများစွာ လိုအပ်သလို ဆောက်လုပ်ရေးအတွက် ကျွမ်းကျင်မှု စွမ်းရည်များလည်း လိုအပ်သည်။
ထားဝယ်တွင် စုစုပေါင်း လျှပ်စစ်ဓာတ်အား မီဂါဝပ် ၇၀၀၀ ထုတ်လုပ်ပေးနိုင်မည့် ကြီးမားသော ဓာတ်အားပေးစက်ရုံ တခု တည်ဆောက်ရန် တိုကျို အခြစိုက် ဂျပန်လုပ်ငန်းစုကြီးတခုဖြစ်သည့် Mitsubishi က ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေး အာဏာ ပိုင်အဖွဲ့ (EGAT)၊ ဆောင်လုပ်ရေး ကုမ္ပဏီ Italian-Thai Development (ITD) တို့နှင့် ပူးပေါင်းခဲ့ ကြောင်း ဂျပန် ထိပ်တန်း စီးပွားရေး သတင်းဌာန Nikkei က ပြီးခဲ့သည့် နိုဝင်ဘာလ နှောင်းပိုင်းကမှ ရေးသားဖော်ပြခဲ့ သေးသည်။
သတင်းရင်းမြစ် အဖြစ် EGAT ၏ အုပ်ချုပ်ရေးမှူး Soonchai Kumnoonsate ၏ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပြီး သူက စက်ရုံတွင် လောင်စာအဖြစ် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ကို ပေါင်းစပ်အသုံးပြုမည်ဟု ပြောခဲ့ကြောင်း သိရသည်။ ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၉.၈၅ ဘီလီယံကျော်ကို ပြန်လည်ကာမိစေရန် အတွက် ထွက်ရှိသော ဓာတ်အား တဝက်ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဟုသိရကြောင်း Nikkei ကဆိုသည်။
ထုတ်လုပ်ရေး၏ ပထမအဆင့်ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်သည် ဟုလည်း Nikkei ကပြောသည်။ သို့သော်လည်း အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဘာမှထပ်မကြားခဲ့ရပါ။ Italian-Thai Development (ITD)က ထားဝယ်ဖွံ့ဖြိုးရေး အတွက် အဓိက အကောင်အထည်ဖော်သူအဖြစ် နှစ်ပေါင်းများစွာ ရှိခဲ့သော်လည်း ဘဏ္ဍာရေး ကျောထောက်နောက်ခံ ပေးမည့် အဖွဲ့အစည်းများ မရှာဖွေနိုင်ခဲ့ပေ။
Andaman Power သည် ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်ပြီး ဘန်ကောက်၊ နေပြည်တော်၊ ထားဝယ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Rai တို့တွင် ရုံးခန်းများဖွင့်လှစ်ထားပြီး လျှပ်စစ်နှင့် အခြေခံလိုအပ်ချက်များ ထောက်ပံ့ရေးတွင် ကြီးမားသော အတွေ့အကြုံများ ရရှိထားကာ သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြောင်း ၎င်းတို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ဖက် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်ကို လျှပ်စစ်ဓာတ်အားပေးနေပြီး ရှမ်းပြည်နယ်၏ ထိပ်တန်း ဓာတ်အားပံ့ပိုးသည့် ကုမ္ပဏီဖြစ်သည်ဟုလည်း Andaman Power ကဆိုသည်။ သို့သော်လည်း Andaman Power က ရှမ်းပြည်နယ်ကို ပေးရန် လျှပ်စစ်ဓာတ်အားများ မည်သည့်နေရာက ရရှိနေသည် ဆိုသည့် အချက်က ရှင်းလင်းခြင်းမရှိပါ။ ၎င်း ကု မ္ပဏီသည် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းအသိုင်းအဝိုင်းတွင် မသိကြသည့် ကုမ္ပဏီ တခုဖြစ်ပါသည်။
ဘန်ကောက်မြို့ Andaman Power ရုံးခန်းသို့ ဧရာဝတီက ဖုန်းဆက်ခြင်း အီးမေးလ်ပို့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ထားဝယ်စီမံကိန်း နှင့် ပတ်သက်သည့် အချက်အလက်များ ထပ်မံမရရှိခဲ့ပါ။ Andaman Power၏ အီးမေးလ် လိပ်စာသို့ ပို့လိုက် သည့် အီးမေးလ်မှာလည်း ထိုအမည်ဖြင့် လက်ခံမည့်သူမရှိကြောင်း မှတ်ချက်နှင့် အတူ ပြန်လည်ရောက်ရှိလာသည်။
“ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ စွမ်းအင် စီမံကိန်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သေသေချာချာပြောနိုင်တာ တခုက တော့ ဘယ်သူတွေပါဝင်နေပြီးတော့ ဘယ်သူတွေက ဘာတွေလုပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတာပါပဲ” ဟု ဒေသတွင်း စွမ်းအင်လုပ်ငန်း အတိုင်ပင်ခံ Collin Reynolds က ဧရာဝတီသို့ပြောသည်။
“ပြောရမယ်ဆိုရင် ထားဝယ်က မြန်မာအစိုးရ စီစဉ်နေတဲ့ အထူးစီးပွားရေးဇုန်တွေဖြစ်တဲ့ ရန်ကုန်တိုင်းက သီလဝါနဲ့ ရခိုင် ပြည်နယ်က ကျောက်ဖြူတို့ နောက်က တတိယ နေရာမှာပဲ ရှိပါတယ်။ ထားဝယ်မှာ ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အတွက် မြန်မာ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ကြတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေ အမြောက်အများရှိခဲ့ပါတယ်။ ဒါက တည်ဆောက်ဖို့ ရှိနေတဲ့ ဆိပ်ကမ်း စက်မှုဇုန် စီမံကိန်းအတွက် ကြိုတင်ပြီးစီးအောင်လုပ်ထားရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် တခုမှ အတည်ဖြစ်မလာဘူး” ဟုလည်း Collin Reynolds ကဆိုသည်။
၎င်းကို ITD က လျှပ်စစ် ဓာတ်အား ၄၀၀၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံ ဆောက်လုပ်ရန် အဆိုပြုခြင်းဖြင့် စတင်ခဲ့သည်။ ထိုဓာတ်အားပေးစက်ရုံက ရေနက်ဆိပ်ကမ်း၊ သိုလှောင်ရုံများ၊ သံမဏိစက်ရုံတရုံ၊ ရေနံဓာတု ကုန်ထုတ်လုပ်ငန်းများ နှင့် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများကို ဘန်ကောက် ဒေသသို့ ပို့ ဆောင်ပေးရာတွင် ကြားခံအဖြစ်ဆောင်ရွက်မည့် စခန်း စသည်တို့ပါဝင်သော အမေရိကန် ဒေါ်လာ ၅၀ ဘီလီယန်တန် ဖိုး ရှိသည့် စီမံကိန်းကြီး၏ အဓိက အစိတ်အပိုင်းလည်း ဖြစ်သည်။
သို့သော်လည်း သမ္မတဦးသိန်းစိန် အာဏာရရှိလာပြီးနောက်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ ကြောင့် ကျောက်မီးသွေးလောင်စာသုံး စက်ရုံ စီမံကိန်းကို မြန်မာအစိုးရက ညင်းပယ်လိုက်သည်။
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ရပြီး သူ့ကို ဆန့်ကျင်သူများက ကြီးမားသောလူစုလူဝေးဖြင့် လမ်းပေါ်ဆန္ဒပြပွဲများပြုလုပ် ခဲ့သောကြောင့် နိုင်ငံစီးပွားရေး ရပ်တန့်သွားရသည့် အချိန်အထိ ထိုင်း အစိုးရက ၁၈ လလုံးလုံး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ရှေ့ဆက်ဖို့ တွန်းအားပေးနေခဲ့သည်။ ထားဝယ် ဆိပ်ကမ်းကြောင့် ဘန်ကောက်မြို့နှင့် အိန္ဒိယ သမုဒ္ဒရာသို့ ဝင်/ထွက် ပေါက်သည် ကီလိုမီတာ ၃၀၀ မျှသာဝေးတော့ မည့် အကျိုးအမြတ်ကို ထိုင်းနိုင်ငံက အထူးမျှော်လင့်ထားခဲ့သည်။
သို့သော်လည်း စိတ်ဝင်စားကြောင်း ပြသကြည်သည်မျှအပ အဓိကလိုအပ်နေသည့် မည်သည့် ဂျပန် ကျောထောက် နောက်ခံကိုမျှ ထိုင်းနိုင်ငံဘက်က မဆွဲဆောင်နိုင်ခဲ့သည့် အတွက် အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဆက်လက်ပြီး ရပ်တန့်နေခဲ့ရသည်။
“၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံနဲ့ ယခင် မြန်မာစစ်အစိုးရတို့က ဖွံ့ဖြိုးရေး ပူးတွဲသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး ၂၀၁၀ ခုနှစ် မှ အထူးစီးပွားရေးဇုန် စီမံကိန်းကို စတင်ခဲ့ပေမယ့် ခုချိန်အထိ ထားဝယ်မှာ ဘာမှသိပ်မတွေ့ရပါဘူး။ စီမံကိန်း လုပ်ငန်းခွင်ထဲမှာ ကတ္တရာ မခင်းရသေးတဲ့ ဖုန်ထူထူလမ်းတွေက ဆက်သွယ်ပေးထားတဲ့ ဆိပ်ကမ်းငယ်လေးတခုနဲ့ သာမန် အဆောက်အဦးအနည်းငယ်ပဲရှိပါတယ်။” ဟု မတ်လ ၂ ရက်နေ့ထုတ် Bangkok Post သတင်းစာ၏ အထူး သတင်းတပုဒ် တွင် ရေးသားထားသည်။