[irrawaddy_gallery]
လမ်းချိုးလေးထဲက တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဗိဿနိုး ပန်းချီပြခန်းထဲမှာ စကားပြောနေတဲ့ ပန်းချီကားတချို့ ချိတ်ဆွဲထားတယ်။ အရှေ့တိုင်းဆန်တဲ့ Expression ပန်းချီကားတွေဟာ အသက်ဝင်ပြီး စကားတွေပြောလို့။ တိတ်ဆိတ်ခြင်းရဲ့အသံလို့ ဆိုရလေမလား။
တချို့ကို ကြည့်ပြီးပြုံးမိ၊ တချို့ကို ကြည့်ပြီးအသံထွက် ရယ်မောမိ၊ တချို့ကိုတော့ လေးလေးနက်နက် အဓိပ္ပာယ်ရှာဖွေမိ။ ပန်းချီကားတွေရဲ့ အသံတွေဟာ ပန်းချီဆရာရဲ့ နှလုံးသားထဲက ထွက်ပေါ်လာတဲ့စကား သံတွေပဲ ဖြစ်ပါတယ် …။
အရောင်တွေ တောက်ပစုံလင်တဲ့ ရာသီခွင် ပန်းချီကားတွေ၊ ပြီးတော့သီချင်းဆိုနေတဲ့ ငှက်မကြီး ဗိုက်ထဲမှာလည်း ငှက်ကလေးတွေနဲ့၊ မန္တလေးကျုံး မြို့ရိုး ထောင့်စုံ၊ လူမျက်နှာနဲ့ တိရစ္ဆာန် ခန္ဓာကိုယ်၊ လူလက်ခြေထောက်တွေနဲ့ တိရစ္ဆာန်မျက်နှာ၊ တိရစ္ဆာန် ခြေလက်တွေနဲ့ လူပုံတွေ။ ရေးဆွဲသူကတော့ စွယ်စုံရ အနုပညာရှင် ပန်းချီ ဝင်းဖေ။ မန္တလေး ပန်းချီပန်းပု အနုပညာ ကျောင်းအုပ်ကြီးဟောင်း ဦးဝင်းဖေ၊ ရုပ်ရှင် ဒါရိုက်တာ ဝင်းဖေ၊ စာရေးဆရာ ဝင်းဖေ၊ ပန်းချီ ပေါ်ဦးသက်၊ ပန်းချီ ခင်မောင်ရင်တို့နဲ့ ခေတ်ပြိုင် မြန်မာပြည်ရဲ့ မော်ဒန်ပန်းချီ ခေတ်ဦးကို အစပြုခဲ့ သူတွေထဲမှာ ပါဝင်ခဲ့သူ၊ လူထုသတင်းစာအတွက် ကာတွန်းတွေရေးခဲ့တဲ့ ကာတွန်းဆရာ ဝင်းဖေ။ သူ့ ဂုဏ်ပုဒ်တွေကများလွန်းလို့ စာစီရာမှာ ကျန်ခဲ့တာ တွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ စွယ်စုံရဆိုတဲ့ စကားလုံးနဲ့ကတော့ သူနဲ့အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်။
ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ဗိဿနိုး ပန်းချီ ပြခန်းမှာ မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ ‘‘ဝင်းဖေ ၁” ဆိုတဲ့ သူ့ရဲ့ ပြည်တော်ပြန်ပြီး ပထမဆုံး တကိုယ်တော်ပန်းချီပြပွဲက ပန်းချီကားတွေ အကြောင်းမစခင် ပြည်တော်ပြန် ဆိုတာကို အကျဉ်းရုံးချင်ပါတယ်။ စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေဟာ ၁၉၉၄ ခုနှစ်က အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ်ရဲ့ ဖိတ်ကြားချက်နဲ့ ၃ လတာ သွားရောက်ခဲ့တယ်၊ အဲဒီတုန်းက အုပ်ချုပ်သူ စစ်အစိုးရရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့မှုကြောင့် အမေရိကန်နိုင်ငံမှာ ၁၈ နှစ်ကြာ နေထိုင်ခဲ့ရတယ်၊ အခုလွတ်လပ်ပွင့်လင်းလာပြီဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ ပြည်တော် ပြန်ခဲ့တယ်၊ မနှစ်က သူ့တပည့်တဦးဖြစ်သူ မန္တလေး ရွှေချည်ထိုး စိန်မြင့်နဲ့တွဲပြီး ရန်ကုန် ယောမင်းကြီး လမ်းက Gallery 65 မှာ ပန်းချီပြပွဲတခု ကျင်းပခဲ့ပေမယ့် တကိုယ်တော်ပြပွဲကတော့ ဒါ ပြည်တော်ပြန်ပြီး ပထမဆုံး တကိုယ်တော်ပြပွဲပါပဲ။
ပန်းချီကားများစွာထဲက ပထမဆုံး သတိပြုမိတဲ့ ပန်းချီကားကတော့ ‘‘ရန်သူကို ဂုဏ်ပြုခြင်း” လို့ အမည်ရတဲ့ ကားပါ။ တကိုယ်လုံး ပတ်တီးတွေနဲ့ လူရုပ်တုတခုမှာ လှံတွေ စိုက်ဝင်နေတယ်၊ ဘေးမှာ ရပ်ကြည့်နေတဲ့လူတွေ ရှိတယ်။
‘‘ဒါ ရန်သူကိုဂုဏ်ပြုတာ၊ ရန်သူဆိုတာက ဖြစ် ချင်တာ ဖြစ်နိုင်တယ်။ ရန်သူရဲ့ပုံကို ပန်းပုထုထားတယ်၊ ပြီးရင် ခဲနဲ့ထုချင်လည်းထု၊ လုပ်ချင်ရာလုပ်ပေါ့။ ကျုပ်က ပန်းပု မထုတဲ့အတွက် ပန်းချီကားထဲမှာ ပန်းပုထုလိုက်တယ်” လို့ ဦးဝင်းဖေက ရှင်းရှင်းလင်းလင်း ပြောပြတယ်။ တကယ်တော့ ကိုယ်မနိုင်တဲ့ ရန်သူကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလဲ့စားချေခြင်း ဆိုတဲ့နာမည်နဲ့ ပိုလိုက်ဖက်မယ်လို့ စဉ်းစားမိတယ်။
ဦးဝင်းဖေရဲ့ ပန်းချီကားတချို့ဟာ Satire ဆန် နေတာကို သတိထားမိတော့ သူ့ရဲ့ဝတ္ထုတိုတချို့ကို ပြန်တွေးမိစေတယ်။ သူ့ဝတ္ထုတို အများစုဟာ ခပ်ဆတ်ဆတ်ကလေး သရော်ဟန်စွက်နေတာကို ဖတ်ဖူးသူတိုင်း သိပြီးဖြစ်ပါတယ်။ ကြည့်ရင်းပြုံးမိ၊ ရယ်မိတဲ့ ပန်းချီကားတွေပါပဲ။ ခွေးမျက်နှာနဲ့ လူလက်ခြေထောက် တွေနဲ့ ပြီးတော့ ပတ်တီးတွေနဲ့လည်း ပတ်ထားသေးတယ်၊ အဲဒီပန်းချီကားဆိုရင်ကြည့်ရင်း မရယ်ဘဲကို မနေနိုင်အောင်ပဲ။ သူဟာ ကာတွန်းတွေလည်း ဆွဲတဲ့အတွက် ကာတွန်းဆရာ တယောက်ရဲ့ သရော်လိုတဲ့ နှလုံးသားက ထွက်ပေါ်လာတဲ့ Expression က လွှမ်းမိုးမှု များသွားလေသလား။
တိရစ္ဆာန်မျက်နှာနဲ့ လူလက် ခြေထောက်တွေ ရေးထားတဲ့အပေါ် သူ့သဘောထားကို မေးကြည့်တော့ သူက ‘‘လွတ်လွတ် လပ်လပ် ရေးလိုက်တာ၊ တိရစ္ဆာန်ပုံတွေ ရေးရင်းနဲ့ လူလက်ခြေထောက်တွေ ဆွဲထည့်လိုက်တာကတော့ ရေးရင်းနဲ့ ရယ်ချင်လာ တယ်၊ သောချင်တဲ့စိတ်နဲ့ရေးလိုက်တာ၊ သောချင် တာ၊ လွတ်လွတ်လပ်လပ် ရေးနေပါတယ်ဆိုတာ ပေါ်လွင်ချင်တာ” လို့ ရှင်းပြပါတယ်။
အသားဖြူဖြူ၊ ဝဝ၊ ထောင်ထောင်မောင်းမောင်းနဲ့ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ ဦးဝင်းဖေရဲ့ ပုံစံက သူ့စကားနဲ့ ထပ်တူ ကျနေပါတယ်။ လွတ်လပ်တယ်၊ မျက်နှာက ဘယ်လိုအရိပ်မှ ထိုးမနေဘဲ ရှင်းလင်းနေ တယ်၊ စွယ်စုံရ အနုပညာရှင်ကြီး ဆိုပေမယ့် ဟိတ်ဟန်မရှိ၊ ဖော်ရွေပြီး သူနဲ့ စကားပြောရတာကိုက ပျော်စရာ ကောင်းနေပါတယ်။
တနေရာမှာတော့ အမျိုးသမီးတယောက်ကို ကျားချီပြေးတဲ့ ပန်းချီကားကို တွေ့ရတယ် …။ ပန်းချီကား နာမည်က ‘‘ကျားနဲ့ မိန်းမ အက” လို့ ဆိုထားတယ်။
‘‘ဒါကတော့ သောချင်တာ မဟုတ်ဘူး။ လူ့ လောကမှာ တကယ်ကျားချီပြေးသလို အဖြစ်မျိုးတွေ အများကြီးပဲ။ အဲဒါကိုပြောချင်တာ” လို့ ဦးဝင်းဖေက တည်တည်ငြိမ်ငြိမ် ပြောပြတယ်။
သူက ရာသီခွင်နဲ့ပတ်သက်တဲ့ ပန်းချီကားတွေ ရေးတာကိုတော့ ယုံကြည်လို့မဟုတ်ဘူး၊ ရာသီခွင် ကို အကြောင်းပြုပြီး ပုံတွေရေးချင်လို့၊ အရောင်တွေ ခြယ်ချင်လို့တဲ့။ ရာသီခွင်တွေ ရေးပြီးရင် တားရော့ ရုပ်တွေလည်း ရေးချင်ရေးဦးမှာလို့ ဆိုတယ်။
ကြည်ကြည်နူးနူး ပြုံးမိတဲ့ သူ့ပန်းချီကား တချပ် ကတော့ ‘‘ငှက်မကြီး သီချင်းဆိုနေပုံ” လို့ အမည်ရ ပါတယ်။ ငှက်မကြီးတကောင်၊ ဗိုက်ထဲမှာလည်း ငှက်ကလေးက သုံးကောင်၊ ဘေးမှာ၊ ငှက်ကိုယ်ထည် ပေါ်မှာ၊ ငှက်ကြီးပါးစပ်က ထွက်ကျနေတာတွေက ပန်းပွင့်ကလေးတွေပန်းချီကားပေါ်မှာလည်း’‘သီချင်း ဆိုနေတဲ့ ငှက်မကြီးပုံ၊ ဝင်းဖေ” လို့ ရေးထားသေး တယ်။ ချစ်စရာကောင်းတဲ့ ပန်းချီကားလေးမို့ ပြုံးမိ တဲ့ သဘောပါ။
သူ ၃ နှစ်သား အရွယ်လောက်က အဲဒီလိုပုံမျိုး ရေးဖူးတယ်၊ အဲဒါကို ပြန်ရေးတာလို့ ဦးဝင်းဖေက ရှင်းပြတယ်။ ပြီးတော့ သူ့ရဲ့သမီးဖြစ်သူ မီမီဝင်းဖေကလည်း အဆိုတော်ဆိုတော့ သူ့သမီးအတွက်သီချင်း ဆိုနေတဲ့ ငှက်မလေးပုံလည်း ရေးဖူးတယ်တဲ့။ သီချင်းဆိုနေတဲ့ ငှက်မကြီးက ၁ နဲ့ ၂ ဆိုပြီး ချိတ်ထားတယ်။ တခုက အနီ၊ တခုက အစိမ်း၊ သူ့ရဲ့ ကလေးဘဝက Expression ကို အခု အသက် ၇၀ ကျော်အရွယ်မှာ ဖမ်းဆုပ်ရေးဆွဲထားတာလို့ ယူဆပါတယ်။ ဒီပန်းချီကားလေးတွေ ကြည့်နေချိန်မှာ သူ့ရဲ့ ‘‘လေးထောင့်ကြယ်” ဝတ္ထုတိုကို ပြန်သတိရမိတယ်။
‘‘လောဘ” ဆိုတဲ့ ပန်းချီကားကတော့ ကိုယ့်အမြီး ကိုယ်ပြန်မျိုနေတဲ့မြွေတွေ …။ အရှေ့တိုင်း မှာ လောဘကိုသရုပ်ဖော်ရင် အဲဒီလိုပုံမျိုး သရုပ် ဖော်လေ့ရှိတယ်လို့ ဦးဝင်းဖေက ရှင်းပြပါတယ်။
ဦးဝင်းဖေရဲ့ ပန်းချီကားတွေဟာ လူတွေရဲ့စိတ် တွေကို ကိုယ်စားပြုတယ်လို့ ခံစားမိတယ်။ လူတွေ ဟာ ငိုတယ်၊ ရယ်တယ်၊ သီချင်းဆိုတယ်၊ ညည်းတွား တယ်၊ ဂီတကို ဖော်ကျူးတယ်၊ ယုတ်မာတယ်၊ ကောက်ကျစ်တယ်၊ လောဘကြီးတယ်၊ ရယ်စရာ ကောင်းတယ်၊ ချစ်စရာကောင်းတယ်၊ စိတ်ပျက်စရာ ကောင်းတယ်၊ ခက်ထန်တယ်၊ ပျော့ပျောင်းတယ်၊ နွေးထွေးတယ်၊ စိမ်းကားရက်စက်တယ်၊ ပြီးတော့ တခါတလေ တိရစ္ဆာန်စိတ်ပေါက်တယ် …။ အဲဒီ လူတွေကို ဦးဝင်းဖေရဲ့ ပန်းချီကားတွေထဲမှာ တွေ့ရ တယ်။ ပြီးတော့ အဲဒီလူတွေကိုပဲ သူ့ရဲ့ ဝတ္ထုတိုတွေ ထဲမှာလည်း တွေ့ရတယ်။ သူဖန်တီးသမျှ အနုပညာ တွေဟာ တခုနဲ့တခု ဆက်နွှယ်နေတယ်လို့ ဦးဝင်းဖေက ပြောဖူးပါတယ်။
‘‘အတွေးအခေါ်ပညာရှင်တွေ ပြောတာရှိတယ်၊ လူတိုင်းလူတိုင်းဟာ တခါလောက်တော့ လူသတ် ချင်စိတ် ပေါ်တတ်တယ်တဲ့” လို့ ဦးဝင်းဖေက ပြောတယ်။
သူကိုယ်တိုင်လည်း အနုပညာရှင်တဦး ဆိုပေမယ့် လူသတ်ချင်စိတ် ပေါ်လာတဲ့အချိန်မျိုးရှိဖူးသတဲ့၊ အဲဒီအခါမှာ သူက ပန်းချီကားထဲမှာ လူသတ်လိုက်တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုတယ်၊ တခါ တလေမှာ အနုပညာဟာ လူသတ်သလိုပဲ လို့လည်း ပြောသေးတယ် …။ ဒီစကားကို ဆိုနေချိန်မှာတော့ သူ့ရဲ့ ‘‘ရန်သူကိုဂုဏ်ပြုခြင်း” ဆိုတဲ့ ပန်းချီကားဆီ မျက်စိက ရောက်သွားတယ်။ သူ့ရဲ့ ‘‘မျက်မှန်” ဆိုတဲ့ ဝတ္ထုတိုကိုလည်း သတိရသွားတယ်။
မျိုးဆက်သစ်အနုပညာသမားတွေကို သူအကြံ ပေးနေကျအတိုင်း သူကိုယ်တိုင်လည်း လွတ်လွတ် လပ်လပ် တွေးတယ်၊ နက်နက်ရှိုင်းရှိုင်း တွေးတယ်၊ သူ့အတွေးအတိုင်း ရဲရဲရင့်ရင့် ဖန်တီးတယ်ဆိုတာ သူ့ရဲ့ ပန်းချီကားတွေကိုကြည့်ရင် ပေါ်လွင်ထင်ရှား နေပါတယ်။
ကျမအနေနဲ့ ဦးဝင်းဖေ ဖန်တီးတဲ့ အနုပညာ ပစ္စည်းတွေကို ဘာဘာညာညာ ဝေဖန်ပြောဆို၊ ချီး ကျူးဂုဏ်ပြု၊ တဆင့်အဓိပ္ပာယ်တွေ ဖွင့်ဆိုပြနေရတာ ဟာ ‘‘မြင်းထိန်းငတာ” လိုပဲ ဖြစ်နေပါလိမ့်မယ်။ ပန်းချီကား ကြည့်ရှုသူများရဲ့ နှလုံးသား အတိမ် အနက်နဲ့ အရောင်အဆင်းတွေ ကွဲလွဲကြတဲ့အလျှောက် ဦးဝင်းဖေရဲ့ Expression တွေကို မြင်ကြပါလိမ့်မယ်၊ မြင်တွေ့နိုင်ကြပါလိမ့်မယ်၊ ပြီးတော့ ခံစားမိကြပါ လိမ့်မယ် ဆိုတဲ့အကြောင်း …။