စီးပွားရေး

အစိုးရသစ် လက်ထက် ကုန်သွယ်ရေးလိုငွေ ယခုနှစ် အများဆုံးဖြစ်

This article has been converted from Zawgyi One to Unicode

အစိုးရသစ်လက်ထက် တလျှောက် ကုန်သွယ်ရေးလိုငွေပြမှုဖြစ်စဉ်တွင် ယခုဘဏ္ဍာနှစ်သည် အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း) အချက်အလက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ်(၂၀၁၄-၂၀၁၅)မတ်လ ဒုတိယပတ်အထိ နိုင်ငံတော် ကုန်သွယ်မှုတွင် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ကျော်ရှိနေပြီး ပို့ကုန်တန်ဖိုးသည် ၁၀ ဘီလီယံကျော်ဖြစ်ရာ စုစုပေါင်း ကုန်သွယ်ရေးလိုငွေ ၅ ဘီလီယံကျော် ရှိနေပြီဖြစ် သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က“ဒီနှစ်က အများဆုံးနှစ်လို့ ပြောလို့ရပါတယ်။ ကုန်သွယ်မှု ပမာဏကလည်း ၂၆ ဘီလီယံလောက်ကို တက်သွားတာ။ ကုန်သွယ်ရေးလိုငွေ ပြတာ လည်း များပါတယ်”ဟု ပြောသည်။

ယခင်နှစ်များက ကုန်သွယ်ရေးလိုငွေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၆၀ကျော်သာရှိသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်  ၃ ဘီလီယံနီးပါးရှိခဲ့ပြီး ယခုနှစ်မှာ ၅ဘီလီယံကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။ လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄.၁ ဘီလီယံ ဘဏ္ဍာရေးဝန်ကြီးဌာနက မှန်းထားသည်ဟု ဆိုသည်။

ယခုကဲ့သို့ ကုန်သွယ်ရေးလိုငွေ များပြားလာခြင်းသည် နိုင်ငံဖွံ့ဖြိုးရေး တည်ဆောက်ဆဲကာလဖြစ်သည့် အတွက် အခြေခံ အဆောက် အအုံ လိုအပ်ချက်အတွက် သွင်းကုန် များပြားနေခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေး အသိုင်းအဝိုင်းမှ လုပ်ငန်းရှင် ပညာရှင်တို့က ပြောဆိုသည်။

စီးပွား/ကူးသန်း အကြံပေး ဒေါက်တာ မောင်အောင်က“ပို့ကုန်တိုးတက်ဖို့ကတော့ လိုနေတယ်။ ရေရှည်မှာ ပို့ကုန်များမှကို တိုင်းပြည် က ဖွံ့ဖြိုးမှာ။ ပို့ကုန်များဖို့ဆိုတာမှာလည်း ရိုးရိုးပို့ကုန်များလို့မရဘူး။ တန်ဖိုးမြှင့် ထုတ်ကုန် Value added ကိုသွားနိုင်မှ သိသိ သာသာ တက်မှာ။ ဒါတက်ဖို့ဆိုတာ စက်ရုံတွေ ဆောက်ရမယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ စက်မှုလုပ်ငန်းတွေ ထောင်ရမယ်။ ဒီအတွက် ရင်းနှီး ကုန်စည်သွင်းမှုကတော့ များနေတယ်”ဟု ပြောသည်။

သွင်းကုန်လိုင်စင်သည် အစိုးရသစ်မတက်ခင် ယခင်အချိန်အထိ အကန့်အသတ် ရှိခဲ့သည်။

ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “လိုငွေဖြစ်ရတဲ့ အကြောင်းအရင်းက အရင်တုန်းက မဖြစ်ဘူး။ အခုဖြစ်တယ် ဆိုတာ ဘာလို့လဲ။ အရင်က ပို့ကုန်ပို့လိုက်တယ်။ ပို့ကုန်က ရတဲ့ပိုက်ဆံထဲက ၁၀ ရာခိုင်နှုန်း အစိုးရက ဖြတ်တယ်။ ပြီးတော့ အဲ့ဒီ ပိုက်ဆံထဲကနေ ပြည်ပက သွင်းလို့ရတယ်။ အဲ့ဒီ အတွက်ကြောင့် ပို့ကုန်နဲ့ သွင်းကုန်သည် အမြဲတမ်း ၁၀ ရာခိုင်နှုန်း ကွာတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူရောင်းလို့ရတဲ့ ပစ္စည်း ၁၀၀ ဖိုးမှာမှ ၉၀ ရာခိုင်နှုန်းပဲ သွင်းလို့ရတယ်”ဟု ပြောသည်။

ယခုကဲ့သို့ သွင်းကုန်နှင့် ပို့ကုန် မမျှတမှုကြောင့် ကုန်သွယ်ရေးလိုငွေပြမှု များပြားလာလျက်ရှိသည့် ဖြစ်စဉ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်း တွင် ရှိတတ်ကြသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေသည် ကုန်သွယ်ရေးလိုငွေ ပြမှု နှစ်စဉ်ဖြစ်ခြင်း၊ ဘဏ္ဍာရေးလိုငွေပြမှု နှစ်စဉ်များပြား လာခြင်း၊ အရံငွေအင်အားချိနဲ့လာခြင်းတို့ ဖြစ်နေရာ ရေရှည်တွင် ယခုအတိုင်းဆက်သွားနေပါက အခြေအနေ ဆိုးဝါးကြောင်း၊ ပို့ကုန်တန်ဖိုးမြင့်တက်လာပြီး ပို့ကုန်ဖွံ့ဖြိုးမှသာ ရေရှည်တွင် စီးပွားရေးအင်အား ရှေ့ရောက်မည်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ် ထားသည်။

စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက“အမျိုးသား ကုန်ထုတ်လုပ်မှု စွမ်းအား (National productivity) ကို မမြှင့်နိုင်ရင် ကျနော်တို့ရဲ့ လိုငွေ(Deficit )က ဝန်ထုပ် ဝန်ပိုးဖြစ်မှာပဲ။ အခုမျိုးဆက်ရော နောင်လာမယ့် မျိုးဆက်ရောအတွက်ပဲ”ဟု ပြောဆို သည်။

အဆိုပါ အခြေအနေများအရ ပို့ကုန်ဖွံ့ဖြိုးမှု အားကောင်းလာရေး အထူးလိုအပ်ချက်ရှိလာသောကြောင့် ယခုအချိန်တွင် အမျိုးသား ပို့ုကုန်မဟာဗျူဟာ (National Export Strategy) အကောင်အထည်ဖော်မှုကို ယခု ၂၀၁၅ ခုနှစ်မှ စတင်တော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Loading