မြန်မာ့ဖွံ့ဖြိုးမှု အလယ်အလတ် ကြားကာလ စိန်ခေါ်ချက်များကို မကြာသေးမီက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် မီးမောင်းထိုးပြထားသည်။ လုံလောက်သော လျှပ်စစ်ဓာတ်အား မပေးနိုင်ခြင်း၊ မြေယာနှင့် ဘဏ္ဍာရေး အကူအညီ လက်လှမ်းဝေးနေမှုနှင့် ကျွမ်းကျင်လုပ်သား မရှိခြင်းစသည့် အားနည်းချက်များ ဖြစ်သည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်းတွင် တိုးတက်မှုရှိခဲ့သော်လည်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကဏ္ဍသည် ယခုအခါတွင် အကျပ် အတည်း အတွင်းသို့ရောက်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတခု ဖြစ်သည့် World Bank’s “East Asia and Pacific Economic Update” ကဆိုသည်။
ကျေးလက်ဒေသများတွင် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အ ဆောက်အဦး အကန့်အသတ်များကြောင့် တောင်သူ လယ်သမားများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများမှာ ဈေးကွက် နှင့် ဆက်သွယ်နိုင်စွမ်း အားနည်းနေကြောင်းလည်း ဆိုသည်။
“ဒီအကြောင်းရင်းတွေက သွင်းကုန်တွေနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရတဲ့ လုပ်သားအင်အားကို အဓိကထားတဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ အပါအဝင် ပုဂ္ဂလိက ကဏ္ဍရဲ့ ကုန်ထုတ်လုပ်ရေးကို သက်ရောက်စေပါတယ်။ တည်ငြိမ်ပြီး ငွေကြေးဖောင်းပွမှု လျော့နည်းစေမယ့် မက်ခရိုစီးပွားရေး မူဝါဒတွေက ယှဉ်ပြိုင်နိုင်စွမ်း မရှိတာကို ပြန်ထူထောင်စေရုံသာ မကပါဘူး အခြေခံ အဆောက်အဦးနဲ့ ဝန်ဆောင်မှု ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလာရေးကိုလည်း တွန်းအားဖြစ်စေပါတယ်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးတွင် ဘဏ္ဍာရေးသာမက ပုဂ္ဂလိက ကဏ္ဍမှ အရင်းအမြစ် အင်အားကို ရယူနိုင်ရန်လည်း လိုအပ်ကြောင်း ဆိုသည်။ လျှပ်စစ်စွမ်းအား ကဏ္ဍတခုတည်းမှာပင် နောက် ၁၅ နှစ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃၀ ဘီ လီယံ လိုအပ်မည် ဖြစ်သည်။ အခွန်ကောက်ခံရရှိမှု မှန်မှန် တိုးတက်လာခြင်း၊ ဘတ်ဂျက် ဦးစားပေးမှုများ ပြန်လည်ပြင်ဆင် ခြင်းများ ရှိနေပြီး ပြင်ပ အလှူရှင်များ ပါဝင်လာနိုင်သော်လည်း အရေးကြီးသည့် အခြေခံအဆောက်အဦး လိုအပ်ချက်၊ ကွာဟချက်များအတွက် လုံလောက်လိမ့်မည် မဟုတ်ပါ။
ရေကြီးရေလျံမှု၊ ငွေကြေးဖောင်းပွမှု ဖိအားများနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်မှု နှေးကွေးသွားသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက ၂၀၁၅ – ၁၆ တွင် ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သော်လည်း အလယ်အလတ်ကာလအတွင်း တိုးတက်မှုမှာ နှစ်စဉ် ပျမ်းမျှ ၈.၂ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ထိုသို့ ခန့်မှန်း ခြင်းမှာ ဝယ်လိုအား ပြန်တက်လာမည်ကို မျှော်လင့်ထား၍ သာမက စီးပွားရေးဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများ တိုးတက်လာအောင် အားထုတ်မှုများ၊ ငွေကြေးရရှိနိုင်မှု ဆက်လက်ကျယ်ပြန့်လာခြင်း နှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍမှ အဓိက ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် အခြေခံပြုပြင်ပြောင်းလဲရေးများ ဆက်လက်တိုးတက်လာမည်ဟု ယူဆသောကြောင့် ဖြစ်ပါသည်။
နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းမှုနှင့် တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းမှုများကြောင့် မြန်မာ့ စီးပွားရေး အပေါ် ဖိအားများ ဆက်လက် ပြင်းထန်နေဖွယ်ရာ ရှိကြောင်းလည်း ဆိုသည်။ ရေနံဈေးနှုန်းကျဆင်းခြင်းက မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ တင်ပို့သည့် ဓာတ်ငွေ့ဈေးနှုန်း အပေါ် စတင်သက်ရောက်နေပြီ ဖြစ်သည်။ ထုတ်လုပ်ရေးကလည်း အလယ်အလတ် ကြားကာလတခုအတွင်း သိသိသာသာ တိုးတက်လာဖွယ်ရာ မရှိပါ။ တွင်းထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုနှင့် ဝယ်လိုအားကလည်း ဆက်လက်ကျဆင်းနေဖွယ် ရှိသည်။ အခွန် ကောက်ခံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများမှ ဝင်ငွေအတိုင်းအတာ တခုအထိ တိုးတက်လာခြင်းနှင့် ပြန်ထေမိနိုင်သည်ဟု မျှော်လင့်ရ သော်လည်း အဆိုပါ အခြေအနေများက အစိုးရ၏ ဝင်ငွေ အပေါ် ဖိအားများ ဖြစ်လာနိုင်ပါသည်။
၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်၏ အစောပိုင်း ၉ လ တွင် နိုင်ငံခြားတင်သွင်းမှုက ၂.၅ ရာခိုင်နှုန်းလျော့ကျသွားခဲ့သည်။ ယခင်နှစ်က အဆိုပါကာလ အပိုင်းအခြားအတွင်း နိုင်ငံခြားမှ တင်သွင်းသည့် စက်မှုကုန်ကြမ်း ပစ္စည်းများ ဝယ်လိုလျော့ကျသည့် အတွက် နိုင်ငံခြားမှ ကုန်တင်သွင်းမှု ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ သို့သော်လည်း နိုင်ငံခြားသို့ ကုန်တင်ပို့မှု ကျဆင်းနေသည့် အတွက် စုစုပေါင်း ကုန်သွယ်ရေး လိုငွေပြမှုက ဆက်လက်၍ ကြီးမားနေဆဲဖြစ်ပါသည်။ ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းမှု၊ နိုင်ငံခြားတင်ပို့သည့် ဓာတ်ငွေ့ဈေးနှုန်း အနည်းငယ်ကျဆင်းမှု နှင့် တွင်းထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှု ကျဆင်းထားခြင်းတို့ ကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပနိုင်ခဲ့သည့် သမိုင်းဝင်ရွေးကောက်ပွဲက စီးပွားရေးအတွက် အကောင်းမြင်စရာများ ဖန်တီးပေးခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ သို့သော်လည်း ရေလွှမ်းမိုးမှုများကြောင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်သွားခဲ့ပြီး ဝယ်လိုအားတိုးတက်မှု နှေးကွေးသွားစေခဲ့သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုကလည်း ၂၀၁၅-၁၆ ဘဏ္ဍာ ရေးနှစ်တွင် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အတားအဆီးများနှင့် ရင်းနှီးမြှုပ်နှံမှု အသစ် များပြားစွာ မရရှိခဲ့ခြင်းတို့ကြောင့် ကျဆင်းသွားခဲ့သည်။
၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံက နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ချက် (reference exchange rate )ကို လျှော့ချပေးလိုက်ပြီး နောက်ပိုင်းတွင် ကျပ်ငွေတန်ဘိုးက ဈေးကွက်အင်အားနှင့် အညီ ရှိနေခဲ့သည်။ ၂၀၁၆ ခုနှစ် အစပိုင်းတွင် အချိန်အခါအလိုက် ဖြစ်တတ်သည့် အကြောင်းများအရ ကျပ်ငွေတန်ဘိုး အနည်းငယ် တက်ခဲ့သော်လည်း ပြင်ပ ယှဉ်ပြိုင်မှုများ၏ မတ်လကုန်ပိုင်းတွင် ကျပ်ငွေ တရားဝင်သတ်မှတ်နှုန်းက အမေရိကန် တဒေါ်လာလျှင် ၁၂၁၆ ကျပ်ဖြစ် ရာ လွန်ခဲ့သည့် ၁ နှစ်က ၁၀၂၇ ကျပ် ရှိခဲ့သည်နှင့် စာလျှင် ၁၈ ရာခိုင်နှုန်း ကျသွားခဲ့ရသည်။
ကျပ်ငွေတန်ဘိုး ကျဆင်းမှုကြောင့် ငွေကြေးဖောင်းပွမှုက အလျှင်အမြန်တိုးတက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် ယခင်နှစ်ကထက်စာလျှင် ၁၆ ရာခိုင် နှုန်းအထိ မြင့်သွားခဲ့သည်။ ဆန်ဈေး နှုန်းကလည်း ၂၁ ရာခိုင်နှုန်း တိုးလာခဲ့ကာ အခြား စားသောက်ကုန်ဈေးနှုန်းများလည်း ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့သည်။
လ အလိုက် ငွေကြေးဖောင်းပွမှုကလည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီအတွင်းတွင် ၁.၇ ရာခိုင်နှုန်း တိုး သွားသည်ကို ကြုံတွေ့ခဲ့ရသည်။
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ Asian Development Outlook 2016 အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း က ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ်တွင် ၈.၄ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။ အပေါင်းလက္ခဏာဆောင်သည့် နိုင်ငံရေး တိုးတက်မှုနှင့် အခြေခံကျသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များက စီးပွားရေး တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အတွက် အထောက် အကူဖြစ်လိမ့်မည်ဟုလည်း ADB က မှတ်ချက်ပြုခဲ့သည်။
“၂၀၁၁ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ စီးပွားပြုပြင်ပြောင်းလဲမှုတွေက ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့ပေမယ့် မြန်မာ အစိုးရ သစ် အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်တဲ့နေရာမှာ၊ အခြေခံ အဆောက်ဦးနဲ့ အလုပ်သမားရှားပါးမှုကို ဖြေရှင်းတဲ့ နေရာနဲ့ ငြိမ်းချမ်းရေးနဲ့ လူမှုရေး ပေါင်းစည်းမှုကို တိုးတက်ဖို့ပြုလုပ် တဲ့ နေရာတွေမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရပါ လိမ့်မယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Winfried Wicklein ကပြောသည်။ “ဒါ့အပြင် ကျေးလက်ဒေသ တွေတိုးတက်ရေးအတွက် ဈေးကွက်နဲ့ ဝန်ဆောင်မှုတွေရရှိအောင် ဆောင်ရွက်တဲ့နေရာနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ထုတ်ပေးတဲ့နေရာတွေမှာ အင်တိုက် အားတိုက် ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
မြန်မာ့ စီးပွားရေးအတွက် အခက်အခဲများထဲတွင် ပြည်တွင်းပြည်ပ ဘဏ္ဍာရေး အခြေအနေ၊ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် အစိုးရသစ်၏ စွမ်းဆောင်ရည်၊ လူမျိုးရေး နှင့် ခွဲခြားမှုဆိုင်ရာ တင်းမာ မှုများ နှင့် ရာသီဥတု ဆိုးရွားမှုတို့ ဖြစ်သည်ဟု Asian Development Outlook 2016 အစီရင်ခံစာတွင် ဖော်ပြထားသည်။
Asian Development Outlook 2016 က ရင်းနှီးမြှုပ်နှံမှု နည်းပါးခဲ့သော မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍ၏ အခြေခံ အဆောက်အဦး သည် ဈေးကွက်နှင့် ဝန်ဆောင်မှုများ ရရှိနိုင်ရန် ထောက်ပံ့နိုင်စွမ်းနည်းပါးနေခြင်း၊ ဆင်းရဲနွမ်းပါးမှု၊ ဒေသ တွင်း မညီမျှမှု နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မှု နှေးကွေးနေခြင်းများကို အလေးပေး ဖော်ပြခဲ့သည်။ ၂၀၃၀ ခုနှစ် မတိုင်မီ သယ်ယူပို့ဆောင်ရေး စနစ်ကို အလားတူဖွံ့ဖြိုးသည့် နိုင်ငံများတွင် မြင်တွေ့ရသည့် အခြေအနေ အတိုင်းဖြစ်လာ စေရန် အဆင့်မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ ခန့်လိုအပ်မည်ဟု ADB က ခန့်မှန်းထားပါသည်။