NLD အစိုးရသစ်၏ စီးပွားရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်ကြည့်နေသည့်အတွက် ယခုဘဏ္ဍာနှစ်စ ဖြစ်သည့် ဧပြီလမှ စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှုပမာဏသည် ယခင်နှစ်ထက် လျှော့နည်းနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။
ယခုဘဏ္ဍာနှစ်စမှ ခြောက်လကြာကာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှု ပမာဏသည် ၁ ဒသမ ၃၉၇ ဘီလီယံ ( ၁ ဒသမ ၄ ဘီလီယံ)နီးပါးသာ ရရှိထားပြီး၊ ယခင်နှစ် အလားတူကာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရရှိထားသည့်အတွက် နှိုင်းယှဉ်ကြည့်ပါက NLD အစိုးသစ် လက်ထက်အတွင်း ရင်နှီးမြှုပ်နှံမှုပမာဏ လျော့နည်းနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
“မနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီနှစ်ကလျှော့တယ်။ ၁ ဒသမ ၄ ဘီလီယံပဲ ရှိတယ်။ မနှစ်ကဒီအချိန် ၃ ဘီလီယံ လောက် ရှိတယ်။ နိုင်ငံတိုင်းမှာ အစိုးရအပြောင်းအလဲရှိရင် ရင်းနှီးမြှုပ်နှံမှု လုပ်မယ့်သူတွေက တုံ့ဆိုင်းပါတယ်။ အစိုးရ မူဝါဒက ဘာလဲ။ အစိုးရက ဘယ်ကဏ္ဍကို ဦးစားပေးမှာလဲ စောင့်ကြည့်လေ့ရှိတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် ပတ်သက်ပြီး ဦးအောင်နိုင်ဦးက “ကျနော်တို့ဆီမှာ ထူးခြားတာက ၂ ခု ဖြစ်နေတယ်။ အစိုးရသစ်ကိုလည်း စောင့်ကြည့်တယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်ကြည့်တာလည်း ပါတယ်။ ဥပဒေသစ် မပြဌာန်းသေးဘဲနဲ့ သူတို့ ဝင်လာလို့မရဘူး” ဟု ဆက်ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စောင့်မျှော်နေသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်နှင့် ပတ်သက်ပြီး ဦးအောင်နိုင်ဦးက “ ရင်းနှီးမြှုပ်နှံမှု မူဝါဒက မကြာခင်ရက်ပိုင်းအတွင်း ထွက်မယ်။ ရက်အတိအကျတော့ မပြောနိုင်ဘူး” ဟု ဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပြီး ပါရမီ စွမ်းအင်အုပ်စုကုမ္ပဏီမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးတင်ချိုက “စီးပွားရေးက နှောင့်နှေးနေတာတော့ အမှန်ပဲ။ ဒါပေမယ့် တိုင်းပြည်မှာ မတည်ငြိမ်တာတွေက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သူကိုတော့ အဟန့်အတား ဖြစ်စေမယ်။ ပြဿနာကြီးတော့ မဟုတ်ပေမယ့် တခါမှ မဝင်ကြဘူးသူတွေက စိုးရိမ်တယ်။ အားလုံး တည်ငြိမ်အေးချမ်းသွားရင် စီးပွားရေးက ဖွံံ့ဖြိုးလာမှာပါ။ အမေရိကန်ဆန်ရှင်လည်း မရှိတော့ အကောင်းဘက်ကို မြင်တယ်။ ၂၀၁၇ အစပိုင်းကစပြီး အကောင်းဘက်ကို ဦးတည်မယ်လို့မြင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသစ်ခွင့်ပြုထားသည့် လုပ်ငန်း၊ အဟောင်း ခွင့်ပြုပြီးထားသည့် လုပ်ငန်းများ အပါအဝင် သီလဝါ အထူးစီးပွားရေးဇုန်၌ ခွင့်ပြုထားသည့် လုပ်ငန်းများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် စက်တင်ဘာလကုန်ထိ ၁ ဒသမ ၃၉၇ ဘီလီယံ ( ၁ ဒသမ ၄ ဘီလီယံနီးပါး) ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေး နိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပစျေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာ ဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး ထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မည့် အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်းစသည့် အချက်များကို အခြေခံစိစစ်၍ ခွင့်ပြုခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရရှိရန် ရည်မှန်းထားကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။