ပြည်ပသို့ တရားဝင် ရောင်းဝယ်ဖောက်ကားနိုင်သော ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စင်တာကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြေဧက ၇၀ မှ ဧက ၁၀၀ ကြားရှိသောနေရာတခုတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နီးကပ်သည့် နေရာဖြစ်ရာ မြေနေရာချထားပေးမှု၊ လုံခြုံရေးချထားမှုစသည့်ကိစ္စများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးတိုင်ပင်နေကြောင်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ရှင်းပြသည်။
သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က “မင်္ဂလာဒုံမှာ တည်ဆောက်နေစဉ် ယာယီအနေနဲ့ ၆ မိုင် အနီး ဝန်းကျင်မှာ ဖော်ဆောင်မှာဖြစ်တယ်။ နိုင်ငံတကာအဆင့်မီ ရွှေ၊ ချောက်မျက်အချောထည် နဲ့ ရွှေနဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ သတ္တုတွေကို ရောင်းဝယ်တဲ့ ဈေးကွက်လုပ်ဖို့ ဖြစ်ပါတယ်’’ဟုု ပြောသည်။
ရွှေ၊ ကျောက်မျက်ရတနာ နှင့် သတ္တု စင်တာများကို ရန်ကုန်မြို့ အပါအဝင် နေပြည်တော်နှင့် မန္တလေးတို့တွင်လည်း တည်ဆောက်သွားမည် ဖြစ်ပြီး စီမံကိန်းကာလမှာ ၁ နှစ်မှ ၂ နှစ်အတွင်းဖြစ်ကြောင်း၊ ဈေးကွက်ပေါ်ပေါက်ရန်အတွက် ရန်ကုန် မင်္ဂလာဒုံမြို့နယ်တွင် စင်တာတည်ဆောက်နေစဉ်အတွင်း ယာယီအဖြစ် လိူင်မြို့နယ်ရှိ ၆ မိုင် အနီးဝန်းကျင်၌ ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျောက်မျက်ရတနာ အချောထည် စက်ရုံများ ပေါ်ပေါက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်း၊ နယ်စပ်မှ မှောင်ခိုသွားနေသော ရွှေ၊ ကျောက်မျက်ရတနာနှင့် သတ္တုများမှာလည်း တရားဝင်လမ်းကြောင်း ပေါ် ရောက်ရှိလာခြင်း၊ အရောင်းအဝယ်ပြုလုပ်သည့် ပမာဏ အတိအကျ သိရှိမည် ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အခွန်များ ရရှိလာနိုင်မည်ဟု ဦးခင်မောင်ဟန်က သုံးသပ်သည်။
ဈေးကွက်ဖြစ်မြောက်ရေးအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့မှ ဦးဆောင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဆက်စပ်နေသည့် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်း ရှင်များအသင်း နှင့် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းတို့မှ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နဝမအကြိမ်မြောက် ဒုသမ္မတနှင့် မြန်မာ့လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲတွင် ‘‘၂၄ နာရီနဲ့ တနှစ်ပတ် လုံးရောင်း ဝယ်နိုင်တဲ့ ရွှေနဲ့ ကျောက် မျက်ရောင်းဝယ်ရေး စင်တာတွေ ဖွင့်လှစ်ဖို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းထားပါတယ်။ ဒါကြောင့် ရောင်းကြ၊ ဝယ်ကြမယ်။ ဒီကထုတ်လုပ်မယ်။ ဒီမှာပဲ အခွန်ဆောင်မယ်။ နိုင်ငံခြားပဲ ပို့ပို့ ပြည်တွင်းမှာပဲ ရောင်းရောင်း။ ဒီနည်းတူ ဆက်စပ် နေတဲ့ လက်မှု လုပ်ငန်းတွေ အခြားဝန်ဆောင်မှု လုပ်ငန်းတွေဒီမှာပဲ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်။ ဒါမှမြန်မာနိုင်ငံ ဈေးကွက် ဆိုတာ ပေါ်လာမယ်။ ကုန်ပစ္စည်းတွေ ကလဲ တန်ဖိုးရှိလာမှာ ဖြစ်တယ်’’ဟု ပြောကြားထားသည်။
ယင်းဈေးကွက်အတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၀ ဝန်းကျင်မှ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိပြီး ရွှေဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရှန်ဟိုင်း ရွှေစတော့အိတ်ချိန်း၊ အမေရိကန် ရွှေစတော့အိတ်ချိန်းတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားကာ စင်ကာပူ Gold Market Association နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။