ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များ မိုးတွင်း ၃ လ ရပ်နားထားရာမှ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြန်လည် တူးဖော် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ဖားကန့်ဒေသရှိ ကျောက်လုပ်ကွက်များကို ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ရပ်နားထားခြင်း ဖြစ်ပြီး ယခု ပြန်လည် ဖွင့်လှစ်ခြင်းမှာ ပိတ်သိမ်းထားသည့် အချိန် ၃ လအစား လုပ်ကွက်များကို ပြန်လည် ပေးခြင်း ဖြစ်ပြီး အစားထိုး ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးမင်းသူ က “အခု စဖွင့်တာက ၃ လ ပိတ်တာကို အစားထိုး ပေးရမှာပါ။ ဒီ ၃ လကတော့ နဂိုအတိုင်းပဲ ပေးရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ အစားထိုး ကာလ ပြီးဆုံးပါက ကျောက်စိမ်းတူးဖော်ရေး အတွက် ကုမ္ပဏီ ၁ ခုလျှင် လုပ်ကွက် ၅ ဧကသာ ခွင့်ပြုတော့ရန် အသစ်ပြင်ဆင်ထားသည့် အစီအစဉ်ကို စတင် အကောင်အထည် ဖော်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ဦးမင်းသူ က “၃ လပြည့်ပြီးရင်တော့ ၅ ဧက ကိစ္စ ဆက်လုပ်မှာပါ။ ၅ ဧက ကိစ္စက အမိန့်ထုတ်ပြီးမှ ရမှာပေါ့။ အမိန့်ထုတ်ဖို့ ကြားထဲမှာ စီစဉ်နေပြီး အမိန့်ကို ဝန်ကြီးဌာနက ထုတ်ပေးမှာပါ” ဟု ပြောသည်။
လက်ရှိတွင် တူးဖော်ရန် သက်တမ်း ကျန်ရှိနေသည့် ကုမ္ပဏီ အချို့က ပျက်စီးနေသည့် လမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှုအပိုင်း ပြုလုပ်နေပြီ ဖြစ်သော်လည်း တူးဖော်ခွင့် သက်တမ်းပြည့်သည့် ကုမ္ပဏီအများစုမှာ အသစ် ပြန်လည် လုပ်ဆောင်ရန် စိတ်ဝင်စားမှု အားနည်း နေသည်ကို တွေ့ရကြောင်း မြန်မာ့ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဒု ဥက္ကဋ္ဌ ဦးကျော်သူရ က မြေပြင် အခြေအနေကို ရှင်းပြသည်။
မြန်မာသူရ ကုမ္ပဏီ ပိုင်ရှင်လည်း ဖြစ်သူ ၎င်း က “ပေးပြီးသား လုပ်ကွက်တွေကိုပဲ သက်တမ်း ရှိတာလေးကို ဆက်လုပ်ခွင့်ပေးတဲ့ သ ဘောပေါ့။ ၅ ဧက သတ်မှတ်ထားတာက အခု စလုပ်လို့ မရသေးဘူး။ အရင်ပိုင်ဆိုင်တဲ့ အနေအထား အတိုင်း ဆက်လုပ်ရမှာ ဖြစ်ပါ တယ်” ဟု ဆက်ပြောသည်။
အသစ်ပြဌာန်းလိုက်သည့် ကျောက်မျက်ရတနာ ဥပဒေတွင် အသေးစား၊ အလတ်စားနှင့် လက်လုပ်လက်စား ဟူ၍ ၃ ပိုင်း ခွဲခြားထားပြီး အသေးစား လုပ်ကွက်ကို ၃ ဧကဖြင့် သက်တမ်း ၂ နှစ်၊ အလတ်စား လုပ်ကွက်ကို ၅ ဧကဖြင့် သက်တမ်း ၃ နှစ်၊ လက်လုပ်လက်စား လုပ်ကွက်ကို ၁ ဧကဖြင့် သက်တမ်း ၁ နှစ် သတ်မှတ်ထားကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။
ယင်းဥပဒေမှာ အတည်ပြု ပြဌာန်းပြီး ဖြစ်သော်လည်း နည်းဥပဒေ ထွက်ရှိရန် ကျန်နေသေးကြောင်း၊ ယခင်က အကျိုးတူ လုပ်ငန်းများဟု ဆိုကာ ၁ ဧက မှ ဧက ၁၀၀ အထိ လုပ်သည့် လုပ်ကွက်များ ရှိခဲ့ရာ ယင်းလုပ်ကွက်ရှင် များကလည်း ရရှိထားသည့် သက်တမ်းအတွင်း အပြီးသတ် တူးဖော်မှုများ ရှိနေသည်ကို တွေ့ရကြောင်း ဖားကန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ရှင်းပြသည်။
ဦးတင့်စိုး က “ကုမ္ပဏီဘက်ကလည်း စဉ်းစားကြမှာပဲလေ။ အကြီးအကျယ် လုပ်လာကြတဲ့ သူတွေက ၅ ဧက ပဲ လုပ်ရမယ်ဆိုတော့ သူတို့ အနေနဲ့ ထိရောက်မှု၊ အောင်မြင်နိုင်မှု ရှိမရှိ စဉ်းစားရတော့မယ်။ နားမယ့် ကုမ္ပဏီတွေက များမယ်လို့ ခန့်မှန်းရပါတယ်။ တချို့လည်း မလုပ်တော့ဘူး။ နားမယ် ဆိုတာမျိုးတွေလည်း ကျနော်တို့ သိရပါတယ်” ဟု ပြောပြသည်။
ကချင်ပြည်နယ် လုံးခင်း/ဖားကန့် ရတနာနယ်မြေတွင် ၂၀၁၉ ခုနှစ် မေလအထိ တူးဖော်လုပ်ကိုင်ခွင့် သက်တမ်း ကျန်ရှိသေးသော ကုမ္ပဏီပေါင်း ၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော် လုပ်ကိုင် နေကြောင်း သတ္တုတွင်း ဦးစီးဌာန စာရင်းများအရ သိရသည်။
ဝန်ကြီးဌာန စာရင်းများ အရ ဖားကန့်ဒေသတွင် ကုမ္ပဏီ ၈၀၀ ကျော်ရှိပြီး ကျောက်စိမ်းလုပ်ကွက် ၇၄၀၀ ကျော် နှင့် ကျောက်မျက် လုပ် ကွက် ၃၀၀၀ ကျော် တူးဖော်လုပ်ကိုင်နေသည်။
အဆိုပါ လုပ်ကွက် အတွင်းမြေပြိုမှုများကြောင့် မြေပြိုခြင်း၊ နွံအိုင်ပြိုခြင်း၊ ယာဉ် မတော်တဆ ဖြစ်ခြင်းများကြောင့် မကြာခဏ လူသေဆုံး မှုများနှင့် ဒဏ်ရာ ရရှိမှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။
ယခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဖားကန့် ရှိ နွံကန် ကျိုးပေါက်မှုကြောင့် ကုမ္ပဏီ ၂ ခု လုပ်သား ဝန်ထမ်း ၅၄ ဦး နွံရေများနှင့် အတူ နစ်မြုပ် သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃၊ ၂၅ ရက်တွင် ထပ်မံ ဖြစ်ပွားသည့် ဖြစ်စဉ်များ ကြောင့် လူ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ယင်းဒေသ၌ မြေစာပုံပြိုကျမှု အကြီးအကျယ် ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၁၆ ဦး သေဆုံးပြီး ၁၀၀ ဦး ခန့် ပျောက်ဆုံးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ဖားကန့်တွင် ကုမ္ပဏီ ၁ ခု လုပ်ကွက် ၅ ဧကသာ လုပ်ခွင့်ပေးရန် စီစဉ်နေ