မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောက်တိုဘာလကုန်ပိုင်းမှ စတင်ကာ ဆန်တန်ချိန် ၃ သိန်း တင်ပို့သွားမည်ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ ဟီလ်တန်ဟိုတယ်တွင် မြန်မာ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food တို့ပြုလုပ်သည့် ဆန်အရောင်းအဝယ် စာချုပ် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးသည့် အခမ်းအနားမှ သိရသည်။
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “အခု စာချုပ်က တန်ချိန် ၃ သိန်းဖိုး လက်မှတ် ရေး ထိုးမှာ ဖြစ်ပါတယ်။ လာမယ့် ၁၄ ရက်အတွင်းမှာတော့ တန်ချိန် ၁ သန်းအထိ တင်ပို့နိုင်ရေးအတွက် လက်မှတ်ရေးထိုးသွားမှာ ဖြစ် ပါတယ်။ အောက်တိုဘာလကုန်လောက်မှာ စပို့ဖို့ ခန့်မှန်းပါတယ်။ ၃ လအတွင်းမှာ ပို့ဖို့ စာချုပ်မှာ သဘောတူထားတယ်”ဟု ပြောသည်။
ဘင်္ဂလားဒေရှ်နှင့် မြန်မာနိုင်ငံတို့ကြား ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ဆန်တင်ပို့မှု မရှိခဲ့ဘဲ ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်တွင် ရေကြီး နှစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့၍ ဆန်လိုအပ်ချက် ကြီးမားနေချိန်တွင် ပြည်တွင်းမှာ ဆန်စပါးတွေ ပိုလျှံပြီး ဈေးကွက်ချိတ်ဆက်မိသဖြင့် ပထမဆုံးအကြိမ် ဘင်္ဂလားဒေရှ်နိုင်ငံ Ministry of Food နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား လက်မှတ် ရေးထိုးခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
ဈေးကွက်ရရှိရန် အစိုးရအချင်းချင်း နှစ်နိုင်ငံ ဆွေးနွေးနေဆဲ ဖြစ်ပြီး ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်က အရည်အသွေးမြင့် ဆန်များကိုသာ ဝယ်ယူမည် ဖြစ်ကြောင်း၊ မနှစ်က ဆန်တန်ချိန် ၁ ဒသမ ၃ သန်းခန့် ပြင်ပသို့ တင်ပို့နိုင်ခဲ့သည်။
ယခင်နှစ်က အာဖရိကနှင့် သီရိလကာၤသို့ တင်ပို့နေသည့် ၂၅ မတ် ဆန်ကွဲ ၂၅ ခိုင်နှုန်းပါသည့် ဆန်များကို တင်ပို့နေရာမှ ယခုနှစ်တွင် ဆန်ကွဲပါဝင်မှု ၁၀ ရာခိုင်နှုန်းသာ ရှိသည့် အရည်အသွေးကောင်းသော ဆန်များကို တင်ပို့သွားမည် ဖြစ်ပြီး ဈေးနှုန်းမှာလည်း ကမ္ဘာ့ပေါက်ဈေးထက် မနိမ့်သည့် ပေါက်ဈေးကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
“ဒီလိုတင်ပို့နိုင်ခြင်း အားဖြင့်လည်း တဖက်နိုင်ငံက ယခင်နှစ်က နယ်စပ်က နေပြီးတော့ ပိတ်တလှည့်၊ ဖွင့်တလှည့် မသေချာတဲ့ ဈေးကွက်တွေကနေ အခုလို သေချာတဲ့ အခွင့်အရေးလို့ ပြောချင်ပါတယ်။ “ဒီလို Government to government – g to g လက်မှတ်ရေးထိုးထားတဲ့အတွက် ကျနော်တို့ နိုင်ငံက ထွက်တဲ့ဆန်တွေ ဈေးကွက်ခိုင်မာလာမှာ ဖြစ်သလို အတင်း လက်သိပ်ထိုး ရောင်းရတာမျိုးတွေ မဖြစ်တော့ဘူး”ဟု ဆန်စပါး အသင်းချုပ်မှ ဦးအောင်သန်းဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံသာမက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့နှင့်လည်း အစိုးရချင်း သဘောတူလက်မှတ်ရေးထိုး ထားကြောင်း၊ မြန်မာကလည်း တရုတ်နိုင်ငံကို ဆန် တန်ချိန် ၂ သိန်း တင်ပို့ရန် လက်မှတ်ရေးထိုးရန် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်ပ ဆန်ဈေးကွက် ခိုင်မာစွာ ရရှိလာပြီး ပိုလျှံသည့်ဆန်များကို ပင်လယ်ရေကြောင်းမှ တဆင့် ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။
တရုတ်ဈေးကွက်တွင်မူ အဖမ်းအဆီးရှိကြောင်း၊ မြန်မာဘက်မှ ဆန်ကို တရားဝင် တင်ပို့သော်လည်း တရုတ်ဘက်တွင် တရားမဝင်၍ ဈေးကွက် မခိုင်ကြောင်း၊ ငွေကြေး ပေးချေမှုတွင် ဆုံးရှုံးမှုများ ရှိကြောင်း၊ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံတွင် ဆန်ကုန်သည်များ အဖမ်းခံရပြီး ဆန်ဖိုး မရလိုက်သည့် ကုန်သည်များလည်း ရှိကြောင်း ဆန်စပါး အသင်းချုပ်က ပြောသည်။
“ဒီလိုအချိန်မှာ ဘင်္ဂလားဒေရှ်နဲ့ လက်မှတ်ရေးထိုးနိုင်တာဟာ နိုင်ငံရေးအရလည်း အများကြီး အကျိုးရှိပါတယ်။ နယ်စပ်မှာ ဘင်္ဂလီတွေနဲ့ ပြဿနာ ရှိတယ်။ တချို့က မေးမှာပေါ့။ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ဆန်ရောင်းရတာလည်း ဆိုပြီးတော့။ မဆိုင် ပါဘူး။ ကျနော်တို့ လူသားချင်း စာနာပြီးတော့ ကုန်သွယ်မှုမှာ ဘယ်လိုနိုင်ငံကိုမဆို ဆန်ရောင်းလို့ ရပါတယ်”ဟု ဆန်စပါး အသင်းချုပ်မှ ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။