ရန်ကုန်တိုင်း အစိုးရက အဆိုပြုထားသည့် မရမ်းကုန်းမြို့နယ်ရှိ အမေရိကန်ဒေါ်လာ ၉၃ သန်းတန်တည်ဆောက်ရေး စီမံကိန်းသည် အနီးရှိ ရပ်ကွက် သဘာဝပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေသောကြောင့် ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆန့်ကျင်ကန့်ကွက်နေကြသည်။
ရန်ကုန်တိုင်းအစိုးရသည် အထက်ပါ မြို့နယ်အတွင်းတွင် မရမ်းကုန်း ဗီလာ အမည်ရှိ စီးပွားရေး ဘက်စုံ တည်ဆောက်ရေး စီမံကိန်း အကောင်အထည်ဖေါ်ရန် တိုင်းလွှွတ်တော်သို့ ယခုလ အစောပိုင်းတွင် တင်သွင်းခဲ့သည်။ ထိုစီမံကိန်းသည် တိုင်းအစိုး၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း အစီရင်ခံစာ (၂၀၁၈-၂၁) တွင် ပါဝင်ပြီး ၎င်း အစီရင်ခံစာကို ရန်ကုန်တိုင်း အစိုးရက တိုင်းလွှတ်တော်သို့ မေလ ၃ ရက်နေ့တွင် တင်သွင်းခဲ့သည်။
ထို အစီရင်ခံစာ အရ ရန်ကုန်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် စုစုပေါင်း ကျပ်ငွေ ၁.၃ ထရီလီယံ တန်ကြေးရှိ အခြေခံအဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ရာတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုစသည့် စီမံကိန်း ၁၂ ခုကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
သို့သော် ထို စီမံချက်တခုလုံးသည် ပွင့်လင်းမြင်သာမှုမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့ပြီး လွှတ်တော်ကလည်း ထိုစီမံချက်ကို အတည်ပြုခြင်း မရှိသေးပေ။
ရန်ကုန်လေဆိပ်မှ ကားဖြင့် မိနစ်အနည်းငယ်သာ မောင်းနှင်ရမည့်နေရာတွင် တည်ရှိသော မရမ်းကုန်းဗီလာစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉၃ သန်း ကျော် ဖြင့် ၈ မိုင်လမ်းဆုံအနီး ၈ ဧကကျယ်သော မြေကွက်တွင် ၂၀၁၈-၁၉ တွင် အကောင်အထည်ဖော်မည်ဟု ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့ရသော အစီရင်ခံစာ အရ သိရသည်။ ထိုစီမံကိန်းတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်သည့် အမျိုးသား ရေ သယံဇာတ ကော်မတီ အတွက် ဇလဗေဒ (Hydro Informatics Center) လေ့လာရေးဌာန အဆောက်အအုံ တည်ဆောက်ရေးလည်း ပါဝင်သည်။
မရမ်းကုန်း ဗီလာ စီမံကိန်း၏ ရည်ရွယ်ချက်များတွင် ထိရောက်သော မြို့မြေ အသုံးချမှု ဖြစ်ပေါ်လာစေရန်၊ စီးပွားရေး အကျိုးအမြတ်များကို အခြားပြည်သူ့အရောင်းအိမ်ရာ စီမံကိန်းများတွင် အရင်းအနှီးအဖြစ် ထောက်ပံပေးရန်၊ စီမံကိန်းအကျိုးအမြတ်များကို အခြားသော အများပြည်သူ အိမ်ရာစီမံကိန်းများတွင် အသုံးပြုရေးနှင့် ရန်ကုန်၏ ဖွံ့ဖြိုးမှု ဥပဓိရုပ်ကို မြှင့်တင်ရေး နှင့် အခြားရည်မှန်းချက်များလည်း ပါဝင်သည်။
သို့သော် ထိုရည်ရွယ်ချက်များကို လွှတ်ကိုယ်စားလှယ်များနှင့် ဒေသခံများက လက်ခံနိုင်ခြင်း မရှိပေ။ မြေနိမ့်ပိုင်းတွင် ရှိသည့် မရမ်းကုန်း ၅ ရပ်ကွက်ကို ဆိုးဝါးသော ရေကြီး ရေလျှံခြင်းတို့မှ အကာအကွယ်ပေးနေသည့် မိုးရေနှင့်မြောင်းရေများ ကို ထိန်းထားပေးသည့် ကန် ၃ ခု ကို စီမံကိန်းကြောင့် ပျက်ဆီးမည်ကို ဒေသခံများနှင့် လွှတ်တော်ကိုယ်စာလှယ်များ စိုးရိမ်နေသည်။
၎င်းတို့သည် မိုးရာသီတွင် ရေလွှမ်းမိုးမှုကို ခံနေရကြောင်းနှင့် ထိုကန်များကို စီမံကိန်းအတွက် မြေဖို့လိုက်ပါက ၎င်းတို့ရပ်ကွက်သည် ပိုမိုပြင်းထန်သော ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း မရမ်းကုန်း ၅ ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
ထိုရေကန်ကြီးများရှိနေသည့်တိုင် မိုးသည်းထန်စွာ ရွာသွန်းသောအခါ သူမ၏နေအိမ် ကားဂိုဒေါင်အထိ တခါတရံ ရေဝင်လာတတ်သည်ဟု ထို ရပ်ကွက်နေ ဒေါ်ခင်ပြုံးချိုက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ဒီကန်ကြီးတွေသာ မရှိလို့ကတော့ ရပ်ကွက်ထဲမှာ ပိုဒုက္ခရောက်မယ်။ ဒါကြောင့်မို့ကျမတို့က ဒီစီမံကိန်းကို ကန့်ကွက်တာ” ဟု ရှင်းပြသည်။
ထိုရေကန်ကြီးများကို မူလအတိုင်းထားရှိရန် ဒေသခံများကိုယ်စား မရမ်းကုန်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် မိုးမိုးစုကြည်က လွှတ်တော်အား လွန်ခဲ့သော အပတ်က တိုက်တွန်းခဲ့သည်။
“ ရေကန် ၃ ခု ပါမှ အဆိုပြုထားတဲ့ ၈ ဧက ရှိမှာ ဖြစ်ပါတယ်။ အခုတောင် ရေလျှံနေတာ စီမံကိန်းအတွက် ရေကန်တွေကို မြေဖို့လိုက်ရင် ပိုဆိုးမယ်။ ရေကန်တွေကို မထိဖို့ ကျမ ကန့်ကွက်ပါတယ်” ဟု သူက ပြောသည်။
ထို ရေကန်များသည် စီမံကိန်းနေရာအတွင်း ပါဝင်ကြောင်း ရန်ကနု်တိုင်း လျှပ်စစ်၊ စက်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်တွင် ပြီးခဲ့သည့် အပတ်က ဝန်ခံပြီး ရေကန်များ ထိခိုက်ခြင်း မရှိစေရန် ကတိပြုပြောဆိုခဲ့သည်။
“ရေကန် ၃ ခုစလုံးကို လုံး၀ မထိခိုက်ရအောင် အစိုးရ ရဲ့ ရေစီမံခန့်ခွဲရေး ကော်မတီ ကနေ လက်ရှိ အနေအထားထက် ပိုမိုကောင်းမွန်အောင်၊ ပို အသုံးဝင်အောင် စီစဉ် ဆောင်ရွက်လျှက်ရှိပါတယ်” ဟု လွှတ်တော်တွင် ပြောကြားခဲ့သော်လည်း မည်သို့ လုပ်မည်ကို အကျယ်တဝင့် ရှင်းလင်းခဲ့ခြင်း မရှိပေ။
အစိုးရ အဖြင့် မည်သို့ပင် စီစဉ်ထားသည်ဖြစ်စေ ရေကန်များ ဆက်လက်ရှိနေရန် ပိုအရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ် မိုးမိုးစုကြည်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“ဒီကန်ကြီးတွေက ရေစုကန် သက်သက်မဟုတ်ဘူး။ သူတို့တွေက မြေအောက်ရေကို ပြန်ဖြည့်ပေးနေတဲ့ ရေ အရင်းအမြစ်လည်း ဖြစ်တယ်” ဟု သူက ရှင်းပြသည်။
ရပ်ကွက်များ၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများကို ထိခိုက်စေသော မည်သည့် ဖွံ့ဖြိုးရေးကိုမျှ အယုံအကြည်မရှိကြောင်း အခြား ရပ်ကွက်နေတဦးက ပြောသည်။
“သူတို့ အရင်ကလူတွေ အမှားတွေ လုပ်ခဲ့ကြတယ်။ အခု အစိုးရကလည်း အရင်အတိုင်း လိုက်လုပ်ရင် အခြေအနေ ပိုဆိုးသွားမယ်” ဟု သူပြောသည်။
ထိုရေကန်များသည် မိုးရေ နှင့် ပတ်ဝန်းကျင်ရပ်ကွက်များမှ ဆင်းလာသည့် ရေကို ထိန်းထားပေးသောကန်များဖြစ်သောကြောင့် ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုညွုန်မှူးဟောင်း ဦးမြင့်ဆွေကလည်း ပြောသည်။
မိုးရာသီတွင် ရေများကို မြစ်အတွင်း မစီးဆင်းမီ ထိန်းထားပေးသော ရေထိန်းကန်ကြီးတခုရှိသောကြောင့် ယခင်က ရန်ကုန်မြို့လယ်သည် ယခုကဲ့သို့ ရေကြီးရေလျှံခြင်း မခံရကြောင်း သူရှင်းပြသည်။ သို့သော် ယခင်စစ်အစိုးရလက်ထက်က အိမ်ရာစီမံကိန်းအတွက် ဗိုလ်တထောင်မြို့နယ်ရှိ ထိုကန်ကြီးကို မြေဖို့ခဲ့ကြောင်း သူက ဆက်ပြောသည်။
“အခု မရမ်းကုန်းဗီလာ စီမံကိန်းမှာလည်း ဒီလိုပဲဖြစ်မှာပဲ။ ရေကန်တွေမရှိရင် ရေကြီးရေလျှံတာ ပိုဖြစ်မယ်။ ဖြစ်ရင် ဒေသခံတွေပဲ ဒုက္ခရောက်မယ်။”
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သည့် Kyaw Phyo Tha ၏ Yangon Residents Oppose $93M Development Plan, Cite Environmental Threats ကို ဘာသာပြန်သည်။)