ကမ္ဘာ့အကြီးဆုံး စီးပွားရေး ၂ ခုကြားမှ ကုန်သွယ်ရေးစစ်ပွဲတခု အရှိန်မြင့်တက်လာစဉ် အတွင်း အမေရိကန် ပြည်ထောင် စုနှင့် တရုတ်နိုင်ငံတို့က ဒေါ်လာဘီလီယံနှင့်ချီ၍ တန်ဖိုးရှိသော ထုတ်ကုန်များကို သြဂုတ်လ ၂၃ ရက်နေ့တွင် တဘက် နှင့်တဘက် ကုန်သွယ်ခွန်များ ပို မိုစည်းကြပ်ခဲ့ကြသည်။
၂ လအတွင်းတွင် သူတို့၏ ပထမဆုံး အဆင့်မြင့်ဆွေးနွေးမှု အနေဖြင့် ဝါရှင်တန်မြို့တွင် ၂ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ ဆွေးနွေးနေသည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ၂၅ ရာခိုင်နှုန်းတိုးမြှင့်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သြဂုတ်လ ၂၂ ရက် နေ့တွင် စတင်ခဲ့သည့် ၂ ရက်ကြာဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါ။
အမေရိကန်၏ စည်းကြပ်မှုက ကားများ၊ စက်ပစ္စည်းများနှင့် သတ္တုများအပါအဝင် တရုတ်ကုန်စည် ဒေါ်လာ ၁၆ ဘီလီယံဖိုး အပေါ်တွင် သက်ရောက်စေခဲ့သည်။
အမေရိကန်က ဂရင်းနစ် စံတော်ချိန် ၄ နာရီတွင် ကုန်သွယ်ခွန်များ စတင်ခဲ့ပြီးနောက် များမကြာမီတွင် ထုတ်ပြန်ခဲ့သော တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၏ ကြေညာချက်တစောင်တွင် တရုတ်နိုင်ငံ အနေဖြင့် လိုအပ်သော တန်ပြန်မှုများကို ဆက်လက်ပြုလုပ်သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
တရုတ်အစိုးရ၏ မမျှတသော ကုန်သွယ်ရေး အလေ့အထများကို တုန့်ပြန်ခြင်း ဖြစ်သည်ဟု ပြောဆို၍ အမေရိကန်ဘက်မှ အခွန်တိုးမြှင့်ခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(WTO) တွင် ဥပဒေကြောင်းအရ တိုင်ကြား သွား မည် ဖြစ်သည်ဟုလည်း တရုတ်နိုင်ငံက ပြောသည်။
ဇူလိုင်လ အတွင်းတွင် အမေရိကန်က ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိသော ကုန်စည်များအပေါ် ကုန်သွယ်ခွန် ၂၅ ရာခိုင် နှုန်း တိုးမြှင့်ခြင်းအားဖြင့် တရုတ်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီး တရုတ်အစိုးရကလည်း အလားတူ ပမာဏ စည်းကြပ်ခြင်း အား ဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။
ယခုအခါတွင် ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိသည့် သွင်းကုန်များမှာ ကုန်သွယ်ခွန် ကောက်ခံရမည့် အကြောင်းကိစ္စ ဖြစ် လာသည်။ ယခုအခါ အမေရိကန် ကုန်သွယ်ရေး အာဏာပိုင်အဖွဲ့ ဖြစ်သည့် The US Trade Representative က ဒေါ်လာ ၂၀၀ ဘီလီယံခန့် တန်ဖိုးရှိသည့် တရုတ်သွင်းကုန်များအပေါ် အခွန်စည်းကြပ်ရေးနှင့် ပတ်သက်၍ ထောက်ခံခြင်းနှင့် ကန့် ကွက်ခြင်းများကို စစ်ဆေးကြားနာလျှက်ရှိသည်။
တရုတ်နိုင်ငံသည် ကုန်သွယ်ရေး အလေ့အထများတွင် မျှတမှု မရှိဟု အမေရိကန်က စွပ်စွဲထားသည်။ အထူးသဖြင့် နည်းပညာနှင့် ပတ်သက်၍ ဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် နှစ်က ဒေါ်လာ ၃၇၅ ဘီလီယံ အထိ ရောက်ရှိခဲ့သော ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရန် ဆန္ဒရှိနေသည်။
တရုတ် ဈေးကွက် ဖွင့်လှစ်ရေး ကတိကဝတ်များကို တရုတ် အစိုးရက ချိုးဖောက်ကြောင်း အမေရိကန်က ပြောဆိုပြီး အစိုးရက ဦးဆောင်သည့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို လျှော့ချရန် အမေရိကန် တောင်းဆိုမှုများကို တရုတ်အစိုးရက ပယ်ချခဲ့သည်။
ကုန်သွယ်ရေးနှင့် ပတ်သက်၍ အမေရိကန် နှင့် ဆွေးနွေးရာတွင် ရလဒ်ကောင်းတခု ရရှိလိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရနှင့် အမေရိကန် အစိုးရတို့ ကြားတွင် ဘုံဖြစ် သည့် အခြေအနေတခုကို ရရှိရန် မျှော်လင့် ကြောင်းလည်း ဆက်ပြောသည်။
“တကယ်လို့ ကုန်သွယ်ရေး စစ်ပွဲကို တတ်နိုင်သလောက် အမြန်ဆုံး အဆုံးသတ်နိုင်မယ် ဆိုရင် တရုတ်စီးပွားရေး အပေါ် မှာ သက်ရောက်မှုက အနည်းငယ်ပိုပြီး သေးငယ်မယ်လို့ ကျနော် ထင်ပါတယ်” ဟု စီးပွားရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည့် Hu Xingdou က ပြောသည်။
“ဒါပေမယ့် တကယ်လို့ ကုန်သွယ်ရေး စစ်ပွဲက ဆက်လက်ပြီး ဒေါ်လာ ၅၀ ဘီလီယံကနေ ၂၀၀ ဘီလီယံ အဲဒီကနေ ၅၀၀ ဘီလီယံ အထိ အရှိန်တက်သွားမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုအပေါ် ထိခိုက်မှုက ပိုပြီး ကြီးမား သွားပါလိမ့်မယ်။”
နောက်ဆုံးပေါ်လာသည့် ကုန်သွယ်ခွန်များက တရုတ်နိုင်ငံ အတွက် စီးပွားရေး အခက်အခဲရှိနေသည့် အချိန်တွင် ပေါ်လာ ခြင်း ဖြစ်သည်ဟု Al Jazeera မှ Adrian Brown က ဘေဂျင်းမြို့မှ သတင်းပို့ခဲ့သည်။
“ခုချိန်မှာ တရုတ်အစိုးရ ကိုင်တွယ်ဖြေရှင်းရမှာက ကုန်သွယ်ရေးစစ်ပွဲ သက်သက် မဟုတ်ပါဘူး။ စီးပွားရေးကလည်း စတင် နှေးကွေးလာနေပြီးတော့ စားသုံးသူတွေကြားမှာ ယုံကြည်မှု ပျောက်ဆုံးတဲ့ အရိပ်လက္ခဏာတွေ မြင်နေရပါတယ်။ စားသုံးသူတွေက ပိုက်ဆံ ချွေတာဖို့ အတွက် အသုံးအစွဲကို စတင်လျှော့ချနေကြပါပြီ။ ကုန်သွယ်ရေး စစ်ပွဲနဲ့ ပတ်သက်လို့ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သူတို့ မစိုးရိမ်ကြပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ သူတို့ စိုးရိမ်ကြပါတယ်” ဟု သူက ပြောသည်။
“အကြီးမားဆုံး သတိပေးချက်တွေထဲက တခုက အကြွေးပါ။ တရုတ်နိုင်ငံက အကြွေးတောင်ပေါ်မှာ ထိုင်နေပါတယ်။ အဲဒီတောင်က ပိုပြီး ကြီးမားလာဖို့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရက ဒီ ကုန်သွယ်ခွန်စစ်ပွဲ ကနေ သူ့တို့ရဲ့ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ အနေနဲ့ ငွေတွေ ထုတ်ချေးပေးနေလို့ ဖြစ်ပါ တယ်။”
ယွမ်ငွေတန်ဘိုးက လတ်တလောလများ အတွင်းတွင် ရုတ်တရက်ကျဆင်းသွားပြီး စီးပွားရေးလုပ်ငန်းများ၏ ယုံကြည် စိတ်ချမှုကို ထိခိုက်စေခဲ့သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။
အင်အားကုန် အသုံးပြုထားသည့် ကုန်သွယ်ရေး စစ်ပွဲတခုက ယခုနှစ် အတွင်းတွင် စီးပွားရေး ၂ ခုလုံး၏ GDP ကို ဝ.၂၅ ရာခိုင်နှုန်း ထိခိုက်စေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပိုမို ထိခိုက်စေမည် ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် DBS ဘဏ်၏ သုတေသန တခု အရသိရသည်။
“တကယ်လို့ ဒီ ကုန်သွယ်ခွန် စည်းကြပ်မှုတွေက ရက်သတ္တပတ်လောက် သို့မဟုတ် လပိုင်းလောက် မဟုတ်ဘဲ နှစ်နဲ့ ချီပြီး ကာလရှည်တဲ့ ကုန်သွယ်ရေး စစ်ပွဲတခု ဖြစ်လာခဲ့ရင် အနာဂါတ်မှာ ဘာဖြစ်လာမလဲလို့ နက်နက်ရှိုင်းရင်း စိတ်မသက်သာစရာ ရှိပါတယ်” ဟု Al Jazeera မှ Adrian Brown က ပြောသည်။
ကိုးကား ။ ။ Al Jazeera