စီးပွားရေး

မဟာဓာတ်အားလိုင်း အဆင့်မြှင့်ရန် ADB ချေးငွေ လွှတ်တော် ခွင့်ပြု

Want create site? Find Free WordPress Themes and plugins.

ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုတို့တွင် မဟာဓာတ်အားလိုင်း အဆင့်မြှင့်တင်နိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ချေးယူမည့်ကိစ္စကို လွှတ်တော်က အတည်ပြုလက်ခံလိုက်သည်။

စက်တင်ဘာ ၁၉ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ၅၀၅ ဦးအနက် ၅၀၁ ဦးက ထောက်ခံမဲ၊ ၂ ဦးက ကန့်ကွက်မဲနှင့် ၂ ဦးက ကြားနေမဲများ ပေးခဲ့ကြသည်။

အဆိုပါချေးငွေအား ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မဟာဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးထွန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။

အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီးရှိ အိမ်ထောင်စု ၈၄,၈၅၀ စု၊ ပဲခူးတိုင်းဒေသကြီးရှိ အိမ်ထောင်စု ၁၅၁,၆၆၇ စု၊ မွန်ပြည်နယ်ရှိ အိမ်ထောင်စု ၄၂,၇၄၇ စု၊ ကရင်ပြည်နယ်ရှိ အိမ်ထောင်စု ၂၇,၈၂၀ စုနှင့် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၂၇,၈၂၀စု တို့အတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုနှုန်း မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။

အဆိုပါ ချေးငွေကို ခွင့်ပြုရန် သမ္မတဦးဝင်းမြင့်က လွှတ်တော်သို့ တိုက်တွန်းခဲ့သည်။

အဆိုပါစီမံကိန်းသည် စုစုပေါင်းဒေါ်လာ ၃၀၈ ဒသမ ၉ သန်းကုန်ကျမည့်အနက် ADB ကဒေါ်လာ ၂၉၈ ဒသမ ၉ သန်းထုတ်ချေးမည်ဖြစ်ကြောင် းအစိုးရက ကျန်ရှိသည့်စရိတ်ကို စိုက်ထုတ်သုံးစွဲရမည်ဖြစ်သည်။

ADB ချေးငွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် ဒေါ်လာ ၁၄၃ ဒသမ ၁ သန်း ဓာတ်အားဖြန့်ဖြူးရေးအတွက် ဒေါ်လ ာ၉၈ ဒသမ ၉ သန်း၊ လုပ်ငန်းအတိုင်ပင်ခံများအတွက် ၁၀ ဒသမ ၅ သန်း၊ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်ကိစ္စရပ်များအတွက် ဒေါ်လာ ၃၈ ဒသမ ၆ သန်းနှင့် အတိုးနှုန်းအတွက် ၇ ဒသမ ၈ သန်းခွဲေ၀ သုံးစွဲမည်ဖြစ်သည်။

ယင်းအဆိုပြုချက်ကို လွှတ်တော်တွင် အကြေအလည်ဆွေးနွေးကြရာ လွှတ်တော်ကိုယ်စားလှယ်အချို့က လုပ်ငန်းအတိုင်ပင်ခံကြေး ပေးရသည့် ပမာဏကို ထောက်ပြခဲ့ကြသည်။ ထောက်ပြသည့် ပမာဏမှာ ချေးငွေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်။

လွှတ်တော်ကိုယ်စားလှယ်များထောက်ပြသည့် ADB ထံမှ လိုအပ်သောငွေကြေးပမာဏမှာ စီမံကိန်းကာလ ၆ နှစ်တာလုံးအတွက် ကာမိစေရန် လျာထားခြင်းဖြစ်ကြောင်း ဦးထွန်းနိုင်က လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းပြခဲ့သည်။

အစိုးရက စိုက်ထုတ်ရမည့် ဒေါ်လာ ၁၀ သန်းမှာ စီမံကိန်း စီမံခန့်ခွဲမှုနှင့် စီမံကိန်းကြောင့် ဆုံးရှုံးသွားသောမြေယာနှင့် ကောက်ပဲသီးနှံများအတွက် လျော်ကြေးဖြစ်သည်။

ဝန်ကြီးဌာနနှင့် ADB တို့သည် စီမံကိန်းကြောင့် ရိုက်ခတ်လာမည့် နယ်ပယ်တွင် သုံးကြိမ်တိုင်တိုင် ပြည်သူလူထုနဲ့တွေ့ဆုံ ခဲ့ကြပြီး ဒေသဆိုင်ရာအာဏာပိုင်များ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူများနှင့် အခြားပညာရှင်များကို ဖိတ်ခေါ်ဆွေးနွေးခဲ့ကြကြောင်း ဦးထွန်းနိုင်ကပြောသည်။ ပတ်ဝန်းကျင်နှင့် လူမှုရေးအရ သက်ရောက်လာနိုင်မှုများအပေါ် အကဲဖြတ်ဆန်းစစ်ခြင်းကို ပူးပေါင်းအဖွဲ့တဖွဲ့ဖြင့်လည်း ဆောင်ရွက်ပြီး ၎င်းက ဆက်လက်ပြောကြားသည်။

ကြွေးမြီဝန်ထုပ်ဝန်ပိုးနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်အချို့က စိုးရိမ်ပူပန်မှုရှိသော်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ နိုင်ငံခြားချေးငွေမှာ ဒေါ်လာ ၁၀ ဒသမ၂ သန်းဝန်းကျင်ရှိပြီး ADB ချေးငွေနှင့် ထပ်ပေါင်းလျှင် လှုပ်သာလှည့်သာရှိပါကြောင်း ပြောကြားခဲ့သည်။

ပြန်ဆပ်ရမည့်ကာလ ၂၄ နှစ်နှင့် ဆိုင်းငံ့ကာလ ၈ နှစ်အပါအဝင် ချေးငွေသက်တမ်းမှာ ၃၂ နှစ်ဖြစ်သည်။ ယင်းငွေထဲတွင် ပြန်ဆပ်ရမည့်ကာလအတွင်း အတိုး ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဆိုင်းငံ့ကာလအတွင်း အတိုး ၁ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။

မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတခုအရ မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်းသည် အရှေ့တောင်အာရှတွင် လျှပ်စစ်မီးသုံးစွဲနိုင်မှု အနည်းဆုံးဖြစ်နေသည်။

၂၀၁၇ ခုနှစ်တွင် တိုင်းပြည်လူဦးရေ၏ ၄၁ ရာခိုင်နှုန်းသာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။၂၀၂၁ ခုနှစ်အရောက်တွင် စုစုပေါင်း လူဦးရေ၏ ၅၅ ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲနိုင်စေရန် အစိုးရက မျှော်မှန်းထားသည်။

ဆက်စပ်ဖတ်ရှုရန်၂၀၂၁ တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှစ်ဆတိုးမည်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading