အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်တွင် အများဆုံး အကျိုးအမြတ်ထွက်သည့် ထိပ်ဆုံး နိုင်ငံများ စာရင်းတွင် ဗီယက်နမ်က ရပ်တည်လျှက်ရှိကြောင်း သိရသည်။
တင်ပို့သူများ အနေဖြင့် မြင့်မားသော အခွန်စည်းကြပ်ခြင်းမှ လွတ်ကင်းရန် ကုန်စည်များကို တခြားသော နိုင်ငံများသို့ ပြောင်းရွေ့မှာယူလျှက်ရှိရာ တရုတ်၏ အိမ်နီးချင်း ဗီယက်နမ်သည် ထိုအခွင့်အရေး အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်သည် ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း စုစုပေါင်းပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး(GDP) ၇ဒသမ၉ ရာခိုင်နှုန်းနှင့် တူညီသည့် အကျိုးအမြတ်ကို အခွန်စည်းကြပ်မှုမှ ရှောင်လွှဲသည့် ကုန်စည်မှာကြားမှုမှ ရရှိခဲ့ ကြောင်း Nomura Holdings ၏ လေ့လာဆန်းစစ်ချက် အရသိရသည်။
အလားတူ ထိုင်ဝမ်သည် ဒုတိယမြောက် အမြတ်ထွက်သည့် နိုင်ငံဖြစ်ပြီး GDP၏ ၂ ဒဿမ ၁ရာခိုင်နှုန်း နှင့် တူညီသည့် အကျိုးအမြတ်ရရှိသည်။ ယင်းနှစ်နိုင်ငံသည် အမေရိကန်အပေါ် တရုတ်က ကောက်ခံသည့် အခွန်ထက် တရုတ်အပေါ် အမေရိကန်က အခွန်စည်းကြပ်မှု တိုးမြှင့်ခြင်းမှ အကျိုးအမြတ် ပိုမိုရခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
Nomura Holdings တရားဝင် အခွန်စည်းကြပ်သည့် ကုန်စည်များ Code များနှင့် အလားတူ ကုန်စည်များ လစဉ် ကုန် သွယ်မှု အချက်အလက်များကို နှိုင်းယှဉ်ကြည့်ခဲ့ရာ တရုတ်ကုန်စည်များဘက်တွင် အခွန် စုပေါင်းနှုန်းထားမှာ ဒေါ်လာ ၂၅၀ ဘီလီယံရှိနေပြီး အမေရိကန်ကုန်စည်များဘက်တွင်မူ ဒေါ်လာ ၁၁၀ ဘီလီယံမျှသာ ရှိနေကြောင်း တွေ့ရသည်။
တရုတ်အပေါ် အမေရိကန် အခွန် စည်းကြပ်မှုတွင် အဓိအားဖြင့် အစားထိုးတင်ပို့ကုန်ဖြစ်သည့် အီလက်ထရောနစ် ကုန်စည်တင်ပို့မှုကို တိုးမြှင့်ခြင်းဖြစ်ပြီး ယင်းနောက်တွင်မှ ပရိဘောနှင့်ခရီးသွားလုပ်ငန်းသုံးကုန်စည်များ ပါဝင်သည်။
အမေရိကန်အပေါ် တရုတ် အခွန် စည်းကြပ် ထားသည့် ပဲပိစပ်၊ လေယာဉ်၊ ဆန်/ပြောင်းနှင့် ဝါဂွမ်းအော်ဒါမှာ ကြားမှု များသည် အမေရိကန်မှ စီးပွားရေး တတိယအဖွဲ့အစည်းဖြစ်သော ချီလီနိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံများသို့ လမ်းကြောင်းပြောင်းသွားရန် အလားအလာအများဆုံးဖြစ်နေသည်ဟု ခန့်မှန်းသည်။
တရုတ်၏ ဟွာဝေး နည်းပညာ ကုမ္ပဏီနှင့် ZTE ကော်ပိုရေးရှင်းတို့အပေါ် အမေရိကန်ကန့်သတ်မှုအပါအဝင် အမေရိကန်-တရုတ်နည်းပညာအငြင်းပွားမှုအပေါ် အခြေခံ၍ Nomura Holdings သုတေသီများက အီလက်ထရောနစ် ရောင်းလိုအား ကွင်းဆက်မှာ သိသိသာသာ ယိုယွင်းလာမည်ဟု အလားအလာရှိနေကြောင်း ရှုမြင်သုံးသပ်ကြသည်။
အမေရိကန်- တရုတ် နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်တွင် အိမ်နီးချင်း မြန်မာနိုင်ငံမှာ အခွင့်အလန်း ရယူနိုင်မှု ရှိမရှိကိုမူ စီးပွားရေး ပညာရှင်များ၏ သုံးသပ်ချက်တွင် မတွေ့ရပေ။
You may also like these stories:
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ
iPhone မသုံးရေး လှုံ့ဆော်မှု တရုတ်လူမှုကွန်ရက် Weibo တွင် စတင်လာ