Facebook ရှယ်ယာရှင်တွေဟာ ကုမ္ပဏီတည်ထောင်သူ Mark Zuckerberg ကို ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ သိရပါတယ်။
ရှယ်ယာရှင်တွေဟာ ကုမ္ပဏီရဲ့ CEO ရာထူးနဲ့ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌ ရာထူး နှစ်ခုစလုံးကို Mark Zuckerberg တဦးတည်းက ရယူထားတဲ့အတွက် ဥက္ကဋ္ဌတဦး ပြောင်းလဲခန့်ထားဖို့အတွက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ နှစ်စဉ်အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ခဲ့ပေမယ့် မဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့် ၆၀ ရာခိုင်နှုန်းလောက်ကို Mark Zuckerberg က ထိန်းချုပ်ထားတာကြောင့် သူကိုယ်တိုင် ကန့်ကွက်မဲ ပြန်ပေးမှပဲ ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားပေးရမှာပါ။
ကုမ္ပဏီရှယ်ယာရှင်တွေဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Facebook ပါဝင်ပတ်သက်ခဲ့မှုနဲ့ Cambridge Analytica ဒေတာပေါက်ကြားမှုလိုမျိုး ကုမ္ပဏီနာမည်ပျက်စရာကိစ္စတွေအပေါ် Zuckerberg ရဲ့ ကိုင်တွယ်ပုံကို သဘောမကျဖြစ်နေကြတယ်လို့ သိရပါတယ်။
Zuckerberg နဲ့ ၎င်းရဲ့ ထိပ်တန်းအရာရှိတွေကို တာဝန်ခံမှုအပြည့်ရှိအောင် တသီးပုဂ္ဂလ ဥက္ကဋ္ဌ တဦးနဲ့ ခန့်ထား ထိန်းချုပ်နိုင်မယ်ဆိုရင် ကုမ္ပဏီအတွက် အကျိုးရှိမယ်လို့ ယုံကြည်နေကြပါတယ်။
Mark Zuckerberg ကို ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားရေး အဆိုပြုချက်ဟာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း၊ ဘုတ်အဖွဲ့ဝင်မဟုတ်တဲ့ ပြင်ပရှယ်ယာရှင် ၆၈ ရာခိုင်နှုန်းလောက်က တခဲနက် ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း အလားတူ မဲခွဲဆုံးဖြတ်မှု တခု ပြုလုပ်ခဲ့ပြီး၊ ပြင်ပရှယ်ယာရှင် ၅၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပါတယ်။ ယခုနှစ်မှာ ထောက်ခံသူ ရာခိုင်နှုန်း သိသိသာသာ ပိုများလာတာပါ။
Facebook မှာ ဒေါ်လာ ၇ သန်းဖိုးလောက် ရှယ်ယာပိုင်ဆိုင်ထားတဲ့ Trillium Assest Management ကုမ္ပဏီရဲ့ အကြီးတန်း ဒု-ဥက္ကဋ္ဌဖြစ်သူ Jona Kron က”သူအနေနဲ့ CEO အဖြစ်ပဲ အာရုံစိုက်ပြီး အခြားတယောက်ကို ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် အဓိက တာဝန်ယူခိုင်းမယ်ဆိုရင် တော်တော်လေး အခြေအနေ ပိုကောင်းလာမှာ ဖြစ်ပါတယ်” လို့ မဲမပေးခင်မှာ BBC ကို ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီတည်ထောင်သူတွေဖြစ်ပေမယ့်လည်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ ရာထူးမယူထားတဲ့ Google ရဲ့ Larry Page နဲ့ Microsoft ရဲ့ Bill Gates တို့ကို Zuckerberg အနေနဲ့ နမူနာယူသင့်တယ်လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Facebook ရှယ်ယာတန်ဖိုးဟာ မနှစ်က Cambridge Analytica ဒေတာပေါက်ကြားမှု ဖြစ်အပြီး ထိုးကျသွားခဲ့ရာကနေ၊ ယခုအချိန်ထိ နလန်မထူနိုင်သေးဘူး ဖြစ်ပါတယ်။ ၂၀၁၈၊ ဇူလိုင် ၂၅ ရက်နေ့မှာ ရှယ်ယာတန်ဖိုး ၂၁၇.၅၀ ဒေါ်လာ အမြင့်ဆုံး ရောက်ခဲ့ပြီးနောက်ပိုင်း ဆက်တိုက် ကျဆင်းသွားခဲ့တာပါ။
ယခုတပတ် တနင်္လာနေ့တုန်းကလည်း ဈေးကွက်လက်ဝါးကြီးအုပ်မှုအတွက် စစ်ဆေးခံရနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ရှယ်ယာဈေးနှုန်း ၇.၅ ရာခိုင်နှုန်း ကျသွားခဲ့ပြီး၊ ရှယ်ယာတစုကို ၁၆၄.၁၅ ဒေါ်လာသာ ရှိခဲ့ပါတယ်။
Ref: BBC, Business Insider, Daily Mail
You may also like these stories:
ဇနီးဖြစ်သူ ညဘက်အိပ်ပျော်စေဖို့ သေတ္တာတလုံး တီထွင်ခဲ့တဲ့ Mark Zuckerberg
ဒစ်ဂျစ်တယ် နည်းပညာ ဆိုင်ရာ သင်တန်းများ Facebook နှင့် MBAPF တို့ ပူးပေါင်း ပြုလုပ်မည်