Vivo က Z5 စမတ်ဖုန်းအသစ်ကို တရုတ်နိုင်ငံမှာ မနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ မေလတုန်းက မိတ်ဆက်ပေးခဲ့တဲ့ Z5x ဖုန်းထက် စွမ်းဆောင်ရည်ပိုမြင့်သွားပြီး၊ ဒီဇိုင်းလည်း အနည်းငယ် ပြောင်းလဲထားပါတယ်။
Vivo Z5x ဖုန်းမှာ မျက်နှာပြင်အပေါက်ဖောက် Punch-hole ဒီဇိုင်းကို အသုံးပြုခဲ့ပေမယ့်၊ ယခု Z5 မှာတော့ ရိုးရိုး ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ဖြစ်သွားပါတယ်။ LCD အစား အရည်အသွေးပိုမြင့်တဲ့ Super AMOLED မျက်နှာပြင်ကို ပြောင်းလဲအသုံးပြုထားပြီး၊ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာလည်း ပါဝင်လာပါတယ်။
ထို့အတူ Chipset ကလည်း Snapdragon 712 ဖြစ်သွားတဲ့အတွက် Z5x ထက် စွမ်းဆောင်ရည် ပိုကောင်းသွားမှာပါ။
အခု အသစ်ထွက်လာတဲ့ Z5 ကလည်း ဖန်သားလို တောက်ပပြောင်လက်နေတဲ့ ပိုလီကာဘွန်နိတ် ပလတ်စတစ်ကိုယ်ထည်နဲ့ ပဲ ဖြစ်ပါတယ်။ ၆.၃၈ လက်မအရွယ် FHD+ Super AMOLED မျက်နှာပြင်က 19.5:9 စခရင်အချိုးအစားနဲ့ ဖြစ်တာကြောင့် ဖုန်းကိုယ်ထည်က အနည်းငယ် ရှည်လျားနေမှာပါ။ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၀ % အထိ ရှိတယ်လို့ Vivo က ပြောထားပါတယ်။
Snapdragon 712 Chipset ပါဝင်လာပြီး၊ 6GB RAM နဲ့ 8GB RAM ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်မှာပါ။ 6GB RAM ကိုမှ 64GB၊ 128GB နဲ့ 256GB ဆိုပြီး သုံးမျိုး ထပ်ရွေးနိုင်ပါတယ်။ 8GB RAM ကိုတော့ 128GB တမျိုးပဲ ထုတ်သွားမှာပါ။ ဒီဖုန်းမှာ microSD ကတ် အပေါက် မပါလာဘူးလို့ သိရပါတယ်။
Vivo Z5 မှာ အရှေ့ကင်မရာတလုံးနဲ့ ကျောကင်မရာသုံးလုံး ပါဝင်မှာပါ။
f/1.8 Aperture နဲ့ 48MP အဓိကကင်မရာ၊ f/2.0, 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Depth ကင်မရာသုံးလုံးတွဲ ဖြစ်ပါတယ်။ သီးသန့် Night Mode ပါဝင်တာကြောင့် ညဘက်အလင်းရောင်နည်းတဲ့အချိန်တွေမှာလည်း ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်မှာ ဖြစ်ပါတယ်။ အရှေ့ကင်မရာကတော့ 32MP တလုံးတည်း ဖြစ်ပါတယ်။
4,500mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ 22.5W အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ တခြားဖုန်းတွေကိုတောင် အားပြန်သွင်းပေးနိုင်တယ်လို့ သိရပါတယ်။ Android 9 Pie စနစ် အခြေခံ Funtouch OS 9.1 နဲ့ ထွက်ရှိလာမှာပါ။
Vivo Z5 6GB/64GB အနိမ့်ဆုံးမော်ဒယ် ကို ၂၃၀ ဒေါ်လာ၊ 6GB/256GB ကို ၂၉၀ ဒေါ်လာ၊ 8GB/128GB အမြင့်ဆုံးမော်ဒယ်ကို ၃၃၀ ဒေါ်လာခန့်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဝယ်ချင်တယ်ဆိုရင်တော့ တရုတ်နိုင်ငံက အွန်လိုင်းအရောင်းဝဘ်ဆိုဒ်တွေမှာ ယနေ့ကစပြီး အော်ဒါတင်ထားနိုင်ပါပြီ။ သြဂုတ်လ ၆ ရက်နေ့မှာ စတင် ရောင်းချသွားမှာပါ။ ရွေးချယ်စရာ အရောင်သုံးမျိုး ထုတ်ပေးထားပါတယ်။
Ref: Gizmochina, GSM Arena
You May Also Like These Stories:
ကျောကင်မရာ ၄ လုံးနဲ့ ပွဲထွက်လာတဲ့ Huawei Nova 5i Pro စမတ်ဖုန်း
Pop-up ကင်မရာ အသုံးပြုထားတဲ့ Honor 9X ဖုန်းအသစ်တွေကို မိတ်ဆက်
အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာတဲ့ Xiaomi Mi A3 ဖုန်းကို မိတ်ဆက်