ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ် တကုန်းကြီး ကျေးရွာ၌ နိုဝင်ဘာလ ၁၀ ရက် ညပိုင်းက ကန်ကြီး ထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တဦး ကျောက်ခဲဖြင့်ထု၍ သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့နယ်၌ NLD ပါတီ အနိုင်ရသဖြင့် တကုန်းကြီးကျေးရွာက ထမင်းကျွေးသည့် ပွဲတွင် ပါတီဝင် ကိုအောင်ဇင်ဖြိုး(ခ) အသေးလေး (အသက် ၃၁ နှစ်) မှာ ထမင်းစားပြီး ပြန်လာချိန် တရွာတည်းနေ မင်းတင်(ခ) လမ်းဂျူတီ ဆိုသူမှ ကျောက်ခဲဖြင့် ထု၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် NLD ကိုယ်စားလှယ် ဦးဝေယံအောင်က “မနေ့က ညပိုင်းမှာ အောင်နိုင်ရေးမှာ ပါဝင်ခဲ့သူတွေ ညစာ စားပွဲ လုပ်ကြတယ်။ ည ၈ နာရီလောက် ပြီးသွားတော့ အဲဒီ ကောင်လေးက အိမ်ပြန်သွားပြီး အိမ်ရောက်တဲ့အချိန်မှာ လူတယောက်က လာခေါ်တယ်။ ခေါ်ပြီးတော့ အမှောင်ထဲမှာ ကျောက်ခဲနဲ့ ထုတာ။ ကျနော်တို့ သိရသလောက် အဲဒီကျောက်ခဲက အဲဒီ နေရာမှာ မရှိဘူး။ တခြားနေရာကနေ အသင့် ယူလာတာ။ NLD ပါတီဝင် ကောင်လေးကတော့ ကျောက်ခဲနဲ့ ထုတဲ့ ဒဏ်ရာနဲ့ပဲ သေဆုံးခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာမှ ဒေသခံတချို့က ကိုအောင်ဇင်ဖြိုး(ခ) အသေးလေး (အသက် ၃၁ နှစ်) ကို လူတစုက သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုကြသော်လည်း ရဲတပ်ဖွဲ့ကမူ တရားခံမှာ မင်းတင်(ခ) လမ်းဂျူတီဆိုသူ တဦးတည်သာ ကျူးလွန်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“NLD ပါတီ အောင်နိုင်ရေး အထိမ်းအမှတ် ထမင်းကျွေးတဲ့နေရာကို မင်းတင်က ရောက်လာပြီးတော့ ထမင်းစားတယ်၊ အရက်သောက်တယ်။ ၉ နာရီကျော် လောက်မှာ အသေးလေး(ခေါ်) အောင်ဇင်ဖြိုးကို မှောင်ရိပ်ထဲ ခေါ်သွားပြီး မှောင်ရိပ်ထဲမှာ သူတို့ နှစ် ယောက် ရန်ဖြစ်ကြတဲ့အတွက် မင်းတင်က အသေးလေးကို ကျောက်ခဲနဲ့ ထုသတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
သေဆုံးသူ အောင်ဇင်ဖြိုး(ခေါ်) အသေးလေးနှင့် သတ်ဖြတ်သူ မင်းတင်(ခ) လမ်းဂျူတီတို့မှာ ရန်ငြိုးလည်း မရှိသလို ရန်ဖြစ်ခဲ့မှုလည်း မရှိကြောင်း၊ ကြိုတင်ကြံစည်၍ သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် NLD ပါတီ က ပြောဆိုသည်။
အဆိုပါ လူသတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တရားခံ မင်းတင်(ခ)လမ်းဂျူတီကို ညတွင်းချင်း ဖမ်းဆီးခဲ့ပြီး
ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
You may also like these stories:
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို
ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ် ၉၀ တွင် NLD အနိုင်ရ