ဒါရိုက်တာ သီတာလင်း (Laurel Art Academy) က အမျိုးသမီး ဒါရိုက်တာ တယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်ဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားပြီ ဖြစ်ပြီး သူ့အနေနဲ့ အနုပညာအလုပ်ကို အသက်ကြီးမှ စိတ်ရူးပေါက်လို့ ထလုပ်တာ မဟုတ်တဲ့အကြောင်း ဧရာဝတီကို ပြောပါတယ်။
ဒါရိုက်တာ သီတာလင်းက “ပိုးက ပြန်နုတ်လို့ မရတော့ပါဘူး။ ကျမ အသက်ကြီးမှ အနုပညာအလုပ်ကို စိတ်ရူးပေါက်လို့ ထလုပ်တာ မဟုတ်ပါဘူး။ တကယ်ကို ဝါသနာပါသွားလို့ပါ။ အမျိုးသမီး ဒါရိုက်တာ တယောက်အဖြစ် ရပ်တည်ဖို့ သတ္တိရှိဖို့ လိုတယ်၊ တွေဝေနေမယ် ဆိုရင်တော့ ဘာအလုပ်မှ ဖြစ်မှာမဟုတ်ပါဘူး။ မိန်းမတွေ လုပ်တဲ့အလုပ်၊ ယောကျာ်တွေ လုပ်တဲ့ အလုပ် ဆိုပြီး ခွဲခြားနေမယ် ဆိုရင်တော့ ရပ်တည်ဖို့က ခက်ခဲလိမ့်မယ်။ ငါ မိန်းမ ဆိုပေမယ့်လည်း လုပ်နိုင်တဲ့ သတ္တိရှိရမယ်၊ ခွန်အား ရှိရမယ်၊ ရည်ရွယ်ချက်ခိုင်မာရမယ်၊ ခိုင်းမာတဲ့ ဇွဲ စိတ်ဓာတ်တွေနဲ့ နေရာတနေရာ ရောက်အောင် သွားမယ် ဆိုတဲ့စိတ် ကျမမှာ ရှိပါတယ်” လို့ ပြောပါတယ်။
ဒါရိုက်တာ သီတာလင်း ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် မင်းမော်ကွန်း၊ ချစ်သုဝေနဲ့ Laurel Art Academy က သင်တန်းဆင်း သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထားတဲ့ “စွန်ကလေးနှင့် သူမ၏ချစ်သူ” အဆင့်မြင့် DVD ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲမှာ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ပရိသတ်တွေ မကြာခင် ကြည့်ရှု ခံစားရတော့မှာပါ။
ဇာတ်ကားတွေ ရိုက်တာ ဆယ်ကား ကျော်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ သီတာလင်းဟာ ဇာတ်လမ်းတွဲ တခုလည်း ရိုက်ထားသလို၊သူ့ရဲ့ ဇာတ်ကားတိုင်းမှာ ပရိသတ်တွေ အတွက် Message တခုခု ပေးထားတယ်လို့လည်း ဆိုပါတယ်။
“ဆရာ ဦးကြည်စိုးထွန်း ဆီကလည်း ရသမျှ အနုပညာ အမွေတွေ အကုန်ယူပါတယ်။ မသိတာတွေ ဆိုရင်လည်း ဆရာ့ကိုပဲ မေးပါတယ်။ ကိုယ်တိုင် လည်း အနုပညာ အရည်အချင်း မပြည့်ဝသေးပါဘူး” လို့ သူက ပြောပါတယ်။
သူက ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ ဆန်းသစ်မှုရှိအောင် နိုင်ငံခြား ကားတွေကို အတုခိုးရတာလည်း ရှိသလို၊ မြန်မာကား ဖြစ်တဲ့အတွက် မြန်မာဆိုတဲ့ ဘောင်ထဲက ထွက်လို့ မရတာမျိုးတွေ ကြုံရတဲ့ အကြောင်း၊ အနောက်နိုင်ငံက ကားတွေကိုပဲ အထင်ကြီး အတုခိုးလို့ မရဘဲ ကိုယ့်လူမျိုးနဲ့ ကိုက်ညီပြီး ဂီတနဲ့ ပတ်သက်တဲ့ ဇာတ်ကား ပုံစံတွေကို စဉ်းစား ရွေးချယ် ရိုက်ကူးတဲ့အကြောင်း ရှင်းပြပါတယ်။
“အနုပညာနဲ့ ပတ်သက်ပြီး ဆရာဦးကြည်စိုးထွန်းကို အားကျတာပေါ့။ အောင်မြင်မှုဆိုတာ အနုပညာရှင်တိုင်းရဲ့ အိပ်မက် လှေကားထစ်တွေ ပဲလေ။ ကျမ ဒါရိုက်တာ ပညာကို သင်ခဲ့တာ ငါးနှစ်လောက်ရှိပြီ။ Edit ပိုင်းကိုတော့ ဆရာ့ဆီကရော၊ ဆရာဦးမြင့်သိန်းဖေ ဆီကရော၊ ဇာတ်ညွှန်း ပညာကိုတော့ ဆရာချစ်ဦးညို တို့ဆီက သင်ရင်းနဲ့ ဝါသနာပါသွား တာပါ။ အနုပညာ လောကကို ကျမက ရှုပ်ထွေးတယ်လို့ မထင်ပါဘူး၊ ပျော်စရာကောင်းတယ်လို့ပဲ ကျမထင်ပါတယ်။ အနုပညာ လောကမှာ ရပ်တည်ဖို့ဆိုရင် အနုပညာကို တကယ်ရူးသွပ်ဖို့် လိုတယ်၊ အနုပညာကို မရူးသွပ်ရင် စိတ်ညစ်စရာတွေပဲ တွေ့ရမယ်၊ တကယ် ရူးသွပ်ရင်တော့ ပျော်စရာတွေပဲ တွေ့ရမှာပါ” လို့ ဒါရိုက်တာ သီတာလင်းက ဆက်ပြောပါတယ်။
အနုပညာ အလုပ်ကို သူ့အနေနဲ့ ပေါ့ပေါ့တန်တန် မလုပ်တဲ့ အကြောင်း၊ သူ့ရဲ့ အနုပညာကျောင်း ဂုဏ်သိက္ခာ၊ ဆရာတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပရိသတ်တွေရဲ့ ဂုဏ်သိက္ခာတွေကို ထောက်ပြီး ကြိုးစားမယ့်အကြောင်း သူက ဆိုပါတယ်။
“ကျမမှာ လိုအပ်ချက်တွေတော့ ရှိမှာပေါ့နော်။ ကျမ တတ်နိုင်သလောက် ကိုယ်စွမ်း ကိုယ်စတွေနဲ့ ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ကျမကို အားပေးပါ” လို့ ဒါရိုက်တာ သီတာလင်းက ဟြေပါတယ်။