ကျနော်က ခံစားမှုနဲ့ ဂေါက်နေတဲ့ လူတယောက်ပါ။ သစ်ရွက်လေတိုးတာလည်း ခံစားတယ်၊ လေချွန်သံကိုလည်း ခံစားတယ်။ ပန်းပွင့်ကို ဖြတ်တိုက်သွားတဲ့ လေပြေညင်းကိုလည်း ခံစားတယ်။ အဲဒီလို ခံစားတတ်တဲ့ ကျနော်ဟာ လေအကြီးကြီး တိုက်တာနဲ့ တိုးပါလေရော …၊ ၂ – ၅ – ၂၀၀၈ နဲ့ ၃ – ၅ – ၂၀၀၈ နာဂစ်မုန်တိုင်းကြီးမှာပေါ့။
ခံစားမှုနဲ့ ရူးနေတဲ့ ကျနော်ဟာ အဲဒီအချိန်က အင်မတန်မှ နာမည်ဆိုးနဲ့ ကျော်ကြားပြီး လူ့အခွင့်အရေးနတ္တိ ဖြစ်နေတဲ့ အင်းစိန်ထောင်ထဲမှာပေါ့။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အုပ်ချုပ်နေတဲ့ကာလပေါ့။ ထောင်ဆိုတာ လူတွေက လူတွေအတွက် လုပ်ထားပြီး လူတွေပြန်ဖျက်လို့မရတဲ့ နေရာပေါ့ အာဏာရှင်တွေက ထောင်ကို နှစ်မျိုး အသုံးချတယ်။ ၁ က လူဆိုးတွေကို ထည့်ပြီး ထိန်းသိမ်းမယ်၊ သူတို့ အာဏာတည်မြဲဖို့ အသုံးလိုရင် ထုတ်သုံးမယ်၊ ၂ က လူကောင်း လူတော်တွေကို ဖမ်းထည့်ထားမယ်။ ဒါမှ သူတို့ မတော်တာတွေ အသုံးမကျ တာတွေကို ပြောဆိုဝေဖန်မယ့် လူမရှိဘဲ သူတို့ လုပ်ချင်တိုင်းလုပ်လို့ ရမှာကိုး။ အမှန်တရားနဲ့ ယှဉ်ပြီးဝေဖန်တဲ့ လူတွေ၊ အမှန်ဘက်ကပဲ ရပ်တဲ့လူတွေကို ဝှက်ထားတဲ့ နေရာ။ ဒီတော့ အကာအရံတွေ တံတိုင်းကြီးတွေကို အထူအထဲ အခိုင်အမာ အလုံအခြုံ လုပ်ထားကြတာပေါ့။ အဲဒါကပဲ နာဂစ်မုန်တိုင်းကြီးမှာ ဘေးကင်းလုံခြုံခဲ့ရတာပေါ့။
ထောင်အပြင်က လူတွေကတော့ မီးတွေလောင်၊ သေနတ်တွေပစ်၊ လူတွေအများကြီး ထောင်ထဲမှာ သေမယ်လို့ ထင်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် လူ ခုနစ်ထောင်လောက် ရှိတဲ့ ထောင်ထဲမှာ တယောက်တည်းသေပြီး ရာဂဏန်း ကျော်ကျော်လေး ဒဏ်ရာရခဲ့ကြတယ်။ ဒဏ်ရာရတဲ့ အထဲ ကျနော်လည်း ပါတာပေါ့။
မုန်တိုင်းကြီးပြီး နောက်ရက်တွေမှာ အစိုးရပိုင် မီဒီယာတွေက ဝိုင်းလိမ်တော့တာပါပဲ။ တသက်လုံး လိမ်ပြီး ပြောနေကြ ဆိုတော့ ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ယုံကြည်ချက် အကျဉ်းသားတွေက အမြဲပဲ သေဆုံးတဲ့ အရေအတွက်ကို တရာနဲ့ မြှောက်ကြပြီးမှ မှတ်ပါတယ်။ ပြည်ပမီဒီယာတွေနဲ့ အမှန်ဖိအားကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း အားလုံးပေါင်း တသိန်းငါးသောင်းကျော် သေကြေပျက်စီး ကြရတယ်ဆိုတဲ့ အမှန်သတင်းဟာ ထောင်တွင်းကို ရောက်လို့လာပါတယ်။
အနုပညာသမားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဝိုင်းကြ ဝန်းကြ၊ ကူကြကယ်ကြ ဂျာနယ်တွေဖတ်ရတော့ ကျနော် ထောင်ကျမှ အလွတ်ချင်ဆုံးရက်ဟာ မုန်တိုင်းကြီးပြီးစ ရက်တွေပါပဲ။ ဘာဖြစ်လို့ဆို ကျနော့်မှာ ရူးသွပ် မှုခြင်းတူတဲ့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ မော်ဒယ်လ် သမားတွေ စုဖွဲ့ထားတဲ့ အဖြူရောင်သက်တံ လူမှုကူညီရေး အဖွဲ့ရှိတယ်လေ။ စောဝေ၊ အောင်ဝေး၊ ဇော်သက်ထွေး ဆိုပြီး ဦးဆောင်ဖွဲ့ထားသော အဲဒီအဖွဲ့နဲ့ မုန်တိုင်းထိပြီး ဒုက္ခရောက်နေသူတွေ ကူမယ်ပေါ့။ မလွှတ်ပါဘူး၊ အကျဉ်းသားအားလုံး လေးလလျှော့ပေးပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ မပါပါဘူး။ ခံစားချက်နဲ့ ရူးနေတဲ့ လူမဟုတ်လား၊ ထောင်ထဲမှာ ခံစားရတာပေါ့။ ပိုပြီးခံစားရတာက အာဏာရှင်ခေါင်းဆောင်က သူနဲ့သူတပည့်တွေရဲ့ အာဏာ အကျိုးစီးပွားထိပါးမှာစိုးလို့ အမေရိကန်က လူသားချင်းစာနာတဲ့ အကူအညီ ကယ်ဆယ်ရေးတွေ ပေးဖို့လာတဲ့ စစ်သင်္ဘောကြီး သုံးစင်းကို မြန်မာ့ရေပြင်ထဲ အဝင်မခံတာပါပဲ။ ပြီးတော့ နာဂစ်မုန်တိုင်းကြီးမှာ စွမ်းစွမ်းတမံ အသက်စွန့် ကယ်ကြ ကူကြတဲ့ အဖြူရောင်သက်တံ သူငယ်ချင်းတွေဖြစ်တဲ့ ဇော်သက်ထွေး၊ ဇာဂနာ၊ နေဘုန်းလတ်တို့ကို နှစ်ရှည် ထောင်ဒဏ်နဲ့ ကျနော်ရှိရာ အင်းစိန်ထောင်ထဲ ထည့်ဝှက် လိုက်ကြတာပဲ ခံစားရတာပေါ့။
ယခု နာဂစ်မုန်တိုင်းမိပြီး ခြောက်နှစ်လောက်ကြာတဲ့အခါ ကျနော်လည်း ထောင်ကလွတ်လာပြီးပြီ။ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ကြီး အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာချိန်မှာ ဧရာဝတီတိုင်း၊ လပွတ္တာက ကျန်းမာရေး ကွန်ယက်နှလုံးသား သွေးလှူအသင်းက ဖိတ်ပါတယ်။ ပန်းရဲ့ လမ်းနဲ့ ကဗျာရွတ်ဖို့၊ ရေးသူဖတ်သူ ဆွေးနွေးကြဖို့ သိပ်ရောက်ချင်နေတဲ့ နာဂစ်မုန်တိုင်း ဦးတည်ရာကို ရောက်ပါပြီ။
နံနက်စောစော ရောက်တယ်ဆိုရင်ပဲ နှလုံးသားက မြို့အဝင်က ဆီးကြို၊ ရသကမ်းခြေ ကဗျာဆရာများ အဖွဲ့က တည်းခိုခန်းကကြို၊ ပထမဆုံး သွားဖြစ်တာက မောင်ထင်စာကြည့်တိုက်။ စာကြည့်တိုက်မှူးလေးက ပြုံးမြမြနဲ့ တနေ့ကို စာဖတ်သူ ၁၅၀ က ၂၀၀ ရှိတယ်။ စာအုပ်က သုံးသောင်းကျော်တဲ့။ လူကို ကျက်သရေရှိသွားတာပဲ၊ လူက ကျက်သရေ ရှိရင် တကယ်လုံခြုံတယ်လို့ ခံစားရတယ်။ စာရေးသူ တယောက်အနေနဲ့ ကိုယ့်စာအုပ် ပါပါ မပါပါ ဒီလောက် ဖြေဖျော်ရေး တွေ တာစားနေတဲ့ ခေတ်မှာ မြို့တမြို့ဟာ နေ့တိုင်း တရာကျော်နှစ်ရာ စာဖတ်တယ်ဆိုတာ ကျက်သရေပေါ့။
ပြီးတော့ ပြောကြဆိုကြ ဘဝတွေကို လေ့လာပေါ့။ ကျနော် အခုတလော လုပ်ဖြစ်နေတာက နိုင်ငံအနှံ့သွားပြီး အနုပညာနဲ့ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတာပေါ့။ အနုနိုင်ငံရေးလို့ ပြောရင် အဆင်ပြေပါလိမ့်မယ်။ ရောက်တဲ့မြို့ရွာက လူတွေရဲ့ မျှော်လင့်ချက် အခက်အခဲ၊ ဘဝတွေထဲထိ ခုန်ဆင်းပြီး အဲဒီမြို့ကို ကဗျာရေး၊ ရွတ်၊ ဖတ် မီဒီယာတွေပေါ်ကနေ တိုင်းပြည်ကို သိစေတယ်ပေါ့။ အခုလည်း လပွတ္တာဆိုတော့ နာဂစ်မုန်တိုင်းကြောင့် ဘဝတွေ ဘယ်လိုလည်းမေးမိတော့ ခြောက်နှစ်သာ ကြာသွားတယ် သူတို့ရင်ထဲက ဒဏ်ရာက ကျက်ပုံ၊ ပျောက်ပုံ မရကြပါဘူး။ အားလုံးရဲ့ ဖြေသံတွေဟာ တိုးတိမ် ထိခိုက်နေကြတယ်။ ကျနော်ကလည်း ရိုင်းစိုင်းစွာပဲ ဘယ်ရွာ အဆိုးဆုံးလဲလို့ မေးမိတော့ ပြင်စလူတဲ့၊ တရွာလုံး ဆယ်ယောက်လောက်ပဲ ကျန်တယ်တဲ့။
အဲဒီ ဆယ်ယောက်လောက်က ရွာမှာပြန်နေလားဆိုတော့ မနေကြပါဘူး။ ကျန်ရစ်တဲ့လူတွေက သွေးပျက်နေကြပြီလေတဲ့။ ဘုရား ဘုရား တယောက်ယောက် တွေ့ချင်လိုက်တာဆိုတော့၊ အဖွဲ့က ကျိုးစားကြည့်မယ်လေ ဆိုပြီး ညနေရောက်စ အချိန်လေးမှာ မြို့ရဲ့အပြင် ပင်လယ်ဘက်ကို သုံးမိုင်လောက် သွားရတဲ့ရွာက ဘုရားရှိတဲ့ ဘုန်းကြီးကျောင်းကို ခေါ်သွားပါတယ်။
တွေ့ပါပြီ အသက် သုံးဆယ်နဲ့ လေးဆယ်ကြား ကျနော်တို့ တိုင်းပြည်မှာ အင်မတန်မှ ရိုးသား၊ ပွင့်လင်း၊ ဖော်ရွေ၊ သတ္တိကောင်းတဲ့ လူမျိုး၊ ကျနော်တို့ရဲ့ နိုင်ငံတွင်းအတူနေမျိုး … ကရင်တိုင်းရင်းသူပါ။ အဝတ်အစား သပ်သပ်ရပ်ရပ် ကိုယ်လုံး ခပ်ဖိုင့်ဖိုင့်လေး၊ ခန္ဓာကျန်းမာရေး ကောင်းပုံပါ။ သူ့ပုံကြည့်တာနဲ့ မြို့က ဝိုင်းပြီးစောင့်ရှောက်ထားတာ မလိုအပ်အောင်ဘဲ ဆိုတာ သိပါတယ်။
ကျနော်က နာဂစ်မုန်တိုင်းကြီး အကြောင်းမေးတော့ “တမျိုးလုံးမှာ ကျမတယောက်တည်း ကျန်တာလေ၊ တမျိုးလုံးမှာ ကျမတယောက်တည်း ကျန်တာလေ၊ တမျိုးလုံးမှာကျမတယောက်ထဲ ကျန်တာလေ” ဆိုပြီး ပင်လယ်ဘက်ကိုငေးပြီး ညှိုးနွမ်းသွားတဲ့ သူ့မျက်နှာဟာ ကျနော့်ကို မီးလောင်တိုက်သွင်းလိုက်သလိုပဲ။
ကျနော် နှုတ်မဆက်ရက်တော့ဘူး။ ထောက်ပံ့ဖို့ လှူဒါန်းဖို့လည်း မဖြစ်နိုင်ဘူး။ အဲဒီလို လုပ်လိုက်ရင် သူ့ကို စော်ကားရာ ကျမှာ။ မြို့က ရုပ်ဝတ္ထုအရ ပြည့်စုံအောင် ထားထားတာ။ ကားပေါ်ပြန်တက်ပြီး ပြန်ရအောင်ဗျာလို့ နှလုံးမချမ်းမြေ့စွာနဲ့ ကားဆရာကို ပြောတော့ ကားဆရာက ကားပေါ်မှာ “ဆရာ သူ့အကြောင်း ကျနော် နည်းနည်းသိတယ် မုန်တိုင်းကြီး ဝင်တော့ သစ်ပင်မှာချိတ်ပြီးကျန်နေတာ၊ ဘာအဝတ်အစားမှ မရှိတော့ဘူး။ အိမ်လောက်ရှိတဲ့ လှိုင်းလုံးကြီးတွေက ခြောက်နာရီလောက် ဆက်တိုက်တက်နေတာ။ သူ့မှာ သားလေး တယောက်ရှိတော့ သူ့သားလေးကို ပြန်ရှာအုံးမယ်ဆိုတဲ့ စိတ်နဲ့ အဲဒီသစ်ပင်ထိပ်ဖျားမှာ ဖက်ကျန်ခဲ့တာပေါ့ ဆရာ။ အရူးတပိုင်း ဖြစ်သွားလို့ မနည်း မြို့က ဝိုင်းကုထားရတာ”
ကျနော်၊ ကျနော် ခံစားမှုနဲ့ ရူးနေတဲ့ လူတယောက်လေ၊ ရူးပြီပေါ့။ သူက ဆက်ပြီး ရွေးမြစ်ပေါ်က လပွတ္တာ မြို့ကို ဆည်းဆာမှာ ကြည့်ဖို့ဆိုပြီး ရွေးမြစ်ဆီ မောင်းသွားတယ်။ ရွေးမြစ်ပေါ်ရောက်တော့ တံတားလေးပေါ်က မြစ်ကိုငေးတော့ ရေတွေလို့ ကျနော်မထင်ပါဘူး။ နာဂစ်တုန်းက ကျခဲ့တဲ့ တနိုင်ငံလုံးက မျက်ရည်တွေလို့ပဲ မြင်မိတယ်။ ဘယ်မှာမှ လှမနေတော့ပါဘူး ဝင်စပြုနေတဲ့ နေမင်းကြီးဟာလည်း ငိုနေသလိုပဲ။
တံတားလေးပေါ်က ရွေးမြစ်ထဲကရေကို ဒါမှမဟုတ် တနိုင်ငံလုံးက မျက်ရည်တွေကို လက်နဲ့ခပ်ကြည့်ဖို့ဆိုပြီး အောက်ကို ငုံ့ကြည့် လက်လှမ်းလိုက်တော့ ပေါက်ပေါက်ပေါက် ဆိုပြီး မြစ်ပြင်မှာ ရေစက်ကျတယ်။ ဒါနဲ့ ကျနော် ခေါင်းကိုမော့ပြီး ကောင်းကင်ကို ကြည့်တော့ နွေခေါင်ခေါင်ကြီး ဘာမိုးသား တိမ်လိပ်မှ မရှိပါဘူး။ ပြာမှောင်လို့ ဒါနဲ့ မြစ်ပြင်ကို ထပ်ကြည့်လိုက် ပြန်ပါတယ်။ ပေါက် ပေါက် ပေါက် … ရေစက်လား။ ကျနော် ရွေးမြစ်ရေကရေကို မခပ်နိုင်တော့ပါဘူး၊ ငုံ့လည်း မကြည့်ဝံ့တော့ပါဘူး။ ကျနော်က ခံစားမှုနဲ့ ရူးနေတဲ့လူဆိုတော့ ရင်ထဲမှာပြိုတော့မလို ခံစားမှုမိုးသား တိမ်တိုက်ကြီးနဲ့ ပြန်ခဲ့ပါတယ်။
ကျနော်က ခံစားမှုနဲ့ ရူးနေတဲ့လူ၊ နေပြည်တော်က အာဏာကြောင့် ရူးနေတဲ့လူတွေထက် စာရင် ခံစားမှုကြောင့် ရူးနေတဲ့လူက လောကကြီး နေပျော်ပါသေးတယ်။
လပွတ္တာ
ထန်းပင်ရေကျော်မြို့
တိုင်းပြည်ရဲ့ တောင်ဘက်တံခါး
တခါတရံ ဒေါထန်တတ်ပေမယ့်
သဘာဝအလှပင်လယ်နဲ့
ရွေးမြစ်ကပွင့်တဲ့ပန်းကလေး
လပွတ္တာ
နံနက်ခင်းရောင်နီဆမ်းချိန်မှာ
ပရဟိတတွေနဲ့ နိုးထနေတဲ့မြို့
နှလုံးသားကျန်းမာရေး ကွန်ယက်ကကြို
နေရောင်ဟာ ခမ်းနားထည်ဝါ
ရသကမ်းခြေ၊ မောင်ထင်စာကြည့်တိုက်
စာဖတ်အားကောင်းသလောက်
အနိုင်ရပါတီကြီးရဲ့ လှည့်ကွက်ကိုသိ
တိုင်းဧရာရဲ့ စပါးကျီ
လပွတ္တာ
နာဂစ်ဆိုတဲ့ သဘာဝဘေးဟာ
ဧရာဝတီတိုင်း လပွတ္တာကို တိုက်တာမဟုတ်
ပြည်သူသန်းခြောက်ဆယ်ရဲ့
နှလုံးသားတွေ ကွဲကြေအောင်တိုက်ခဲ့
ကမ္ဘာကြီးက သန်းခြောက်ထောင်ကျော်
လူသားတွေ ပညာရစေဖို့
တို့ဆွေမျိုးတွေ တသိန်းငါးသောင်းကျော်
သေခဲ့ ဝမ်းနည်းနေဆဲ လပွတ္တာ
ဒီမုန်တိုင်းရဲ့ ဘေးထွက်ကောင်းကျိုးက
လပွတ္တာမှာ အရပ်ဖက်အဖွဲ့အစည်းတွေ
အားကောင်းရှင်သန်
ပြည်သူက ပြည်သူကိုအကျိုးပြု
ပြည်သူကို ဗဟိုပြုရမယ်ဆိုတဲ့
ဧရာဝတီတိုင်းသား
သမ္မတကြီး လမ်းညွှန်စကားဟာ
လပွတ္တာမှာ ပြာဖြစ်သွားပြီ
လပွတ္တာ မိဘပြည်သူတွေ အားကိုးနေရတဲ့
ဆေးရုံကို သုံးမိုင်ကိုရွှေ့
ကျန်းမာရေး အခက်တွေ့နေတဲ့
လပွတ္တာ
ပြည်သူ့ထံမှာပဲ အာဏာရှိနေမှ ဒီမိုကရေစီ
အမှန်တရားအတွက် သတ္တိရှိကြ
ဒီမိုကရေစီဆိုတာ
သမ္မတကနေ ရပ်ကွက်အဆုံး
ပြည်သူကိုခုတုံးလုပ်
အသုံးချနေသူဆိုရင် ဖြုတ်ချ
လပွတ္တာ
မြစ်များ၊ ရေများ၊ မြေများနဲ့
တိုင်းပြည်ဝမ်းဝဖို့ ဆန်စပါးစိုက်ပျိုး
လူ့တန်ဖိုးတွေထွက်
အနုပညာကဗျာတွေဝင်းလက်
ဒေါင်းမိခင်ကိုသာ သမ္မတဖြစ်လိုကြ
သံစဉ်တွေချိုမြ
မှားတာတွေ ပြင်ရမယ့်အထဲ
အခြေခံဥပဒေ ၄၃၆ ကို အမြန်ပြင်ကြ
လပွတ္တာ
ဒီမြို့က ရှင်ဘုရင် စစ်ဘုရင် ထွက်တာထက်
အမှန်တရားဘက်က ရပ်တဲ့သူတွေ ထွက်ပါစေ
ကမ္ဘာမှာ အရုဏ်ရောင်ခြည်ကို
မြစ်လေးခံပြီး မျှော်ရကျိုးနပ်တဲ့ရွေးမြစ်
လပွတ္တာ မြို့တမြို့က သူ့အကြောင်းပြောဖို့
စာရေးဆရာ ကဗျာဆရာတွေမွေးခဲ့
သူတို့က သူတို့မြို့ရဲ့ လိုချင်တာတွေကိုပြောတယ်
တို့ချစ်တဲ့နိုင်ငံမှာ ငါတို့လိုချင်တာ
အမှန်တရားနဲ့ မိန်းမသမ္မတ
လှလိုက်တဲ့ လပွတ္တာ
ထာဝရ ကမ္ဘာပေါ်မှာ လှပါစေ လပွတ္တာ။