ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ကျမ စိတ်ထဲ အင်မတန် လှုပ်လှုပ်ခတ်ခတ် ဖြစ်ရတဲ့ မှတ်တမ်းရုပ်ရှင်တွေ၊ ရုပ်ရှင်ဇာတ်လမ်းတိုတွေ ရှိခဲ့ပါတယ်။ ကိုယ့်ပြည်တွင်း တနံတလျားမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကို အခြေခံထားတာမို့လည်း ကြည့်မိတဲ့အခါ ထိထိခတ်ခတ် ခံစားရတာပဲ ဆိုပါစို့။ အဲဒီအထဲမှာမှ “ကျွဲကျောင်းသား လေး” ရုပ်ရှင် ဇာတ်လမ်းတိုကိုတော့ ကြည့်မိစဉ်ကတည်းက စွဲလမ်းမှတ်မိနေပါတယ်။ ရသမြောက်တဲ့ အနုပညာ ဖန်တီးမှုတရပ်ကို မြည်းစမ်း ခွင့်ရတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အင်မတန် ကျေနပ်သွားတဲ့ ခံစားမှုကို “ကျွဲကျောင်းသားလေး” က ပေးခဲ့ပါတယ်။
ရွေးချယ်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက် တင်ပြပုံ၊ ဖန်တီးမှုအတတ်ပညာ၊ သရုပ်ဆောင်တွေ (အဓိကအားဖြင့် ကလေးသရုပ်ဆောင်) ရဲ့ အနုပညာအစွမ်းတွေ ပြည့်စုံလှပတဲ့ ကျွဲကျောင်းသားလေးကို ကြည့်ပြီးတဲ့အခါ ဒီရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ မိုင်းအိုက်နွေ (တအာင်း ချစ်သူ) ကို ဆုရမယ်ထင်ပါတယ်လို့ မှတ်ချက်ပြုမိပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီတုန်းကတော့ ဒီရုပ်ရှင်ဟာ ဆု ခုနစ်ခုသာ ချီးမြှင့်တဲ့အထဲက နှစ်ဆုတိတိ လက်ခံရလိမ့်မယ်လို့ ကျမ မထင်မိဘူး။ ဟော … ဇွန် ၁၉ ရက်မှာ ဆုလည်း ကြေညာရော “ကျွဲကျောင်းသားလေး” ဟာ မင်းကိုနိုင်ဆု (Best national short film) နဲ့ ဟံသာဝတီ ဦးဝင်းတင်ဆု (Best national film) ဆု ရယ်လို့ ဆုနှစ်ခု ရနေပါရော။ ကာယကံရှင်တင်မက ဒီရုပ်ရှင်ကို အားပေးခဲ့ဖူးသူ ပရိသတ်တွေကလည်း ဝမ်းသာခြင်း ရှိကြရပါတယ်။
“ကျွဲကျောင်းသားလေး” ရုပ်ရှင်ဇာတ်လမ်းတိုကို ရုပ်ရှင်ပွဲတော်မှာ ကျွန်မ နှစ်ကြိမ်တိတိ ကြည့်ဖြစ်ပါတယ်။ ဒုတိယအကြိမ်မှာ လည်းပဲ ပထမတကြိမ်ထက် မလျော့တဲ့ ခံစားမှုမျိုးကို ဒီရုပ်ရှင်က ပေးခဲ့တာပါ။ “ကျွဲကျောင်းသားလေး” ဇာတ်အိမ်ဟာ တအာင်း (ပလောင်) တိုင်းရင်းသားများ နေထိုင်ရာဒေသမှာ အခြေခံပါတယ်။ မူးယစ်ဆေး သုံးစွဲသူ အိမ်ထောင်ဦးစီးကြောင့် ဇနီးသည်နဲ့ ရင်သွေးငယ်အပေါ် လူမှုရေး၊ ပညာရေးပိုင်း ထိခိုက်နစ်နာမှု ဖြစ်စေပုံကို ပြဆိုတဲ့ ဇာတ်လမ်းတပုဒ်လို့ ခြုံပြောနိုင်တယ်။ သို့သော် ဒီအိမ်ထောင်စု တခု တင်မဟုတ်ဘဲ အိမ်ထောင်စုများစွာကို ကိုယ်စားပြုနေတယ်လို့ ကျမ ခံစားရပါတယ်။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ စာတန်းထိုးတဲ့၊ ပထမဆုံး တအာင်း (ပလောင်) စကားပြောဖြစ်တဲ့ ဒီရုပ်ရှင်မှာ ကွတ်ခိုင်မြို့နယ်က တအာင်းလူငယ်အဖွဲ့ဝင်တွေ ပါဝင်သရုပ်ဆောင်ထားတာပါ။
“ဒီရုပ်ရှင်ပွဲတော်အတွက် တခုခု လုပ်ရမယ်ဆိုတဲ့အခါ ကျနော် ဒီဇာတ်ကားကို ရိုက်ဖြစ်အောင် ရိုက်မယ်ဆိုပြီး ဇာတ်ကောင်တွေနဲ့ တိုင်ပင်ပြီး ရိုက်ဖြစ်လိုက်တယ်။ ရည်ရွယ်ချက်က မူးယစ်ဆေးဝါးကြောင့် အမျိုးသမီးနဲ့ ကလေးအခွင့်အရေး ချိုးဖောက်ခံနေရ တာတွေကို တင်ပြချင် တာရယ်၊ ဒီမူးယစ်ဆေးဝါး စိုက်ပျိုးသူတွေ၊ ထုတ်လုပ်သူတွေ၊ သုံးစွဲတဲ့သူတွေကိုပါ ထိထိမိမိ ရှာဖွေ ဖော်ထုတ်စေချင် တာရယ်ပါ။ နောက်ပြီး ဘိန်းအစားထိုး စိုက်ပျိုးရေး နည်းပညာတွေလည်း ပို့ချပေးစေချင်တယ်။ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ အစိုးရတွေ အနေနဲ့ ပံ့ပိုးမှုတွေ၊ ဈေးကွက် ရှာပေးတာမျိုးတွေ ဆက်လက် လုပ်ဆောင်ပေးစေချင်တယ်” လို့ ဒါရိုက်တာ မိုင်းအိုက်နွေ (တအာင်းချစ်သူ) က ပြောပါတယ်။
“ကျွဲကျောင်းသားလေး” ရုပ်ရှင်ကို အသက် ငါးနှစ်လောက်သာ ရှိဦးမယ့် ကျွဲကျောင်းသား ကလေးငယ်လေးရဲ့ သီချင်းလို ရေရွတ် လိုက်တဲ့ စကားသံနဲ့ စဖွင့်ပါတယ်။
“ကျနော့်ဘဝက ဘာကြောင့်များ ကျွဲကျောင်းသား ဖြစ်နေရသလဲ” တဲ့။ ကြည့်ရှုသူရဲ့ စိတ်အာရုံကို စပြီး ဆွဲဆောင်လိုက်တဲ့ စကားသံလေးပဲ ဆိုပါတော့။ နောက်ထပ် ပြကွက်တွေမှာတော့ တောတောင်ထဲမှာ သစ်ပင်တွေထက် တွယ်ကပ်ပေါက် ရောက်တဲ့ သစ်ခွပင်ကို ခွာဖို့ တိုက်တွန်းတဲ့ အမျိုးသမီး၊ ငြင်းဆန်ရာက နောက်ဆုံး သစ်ခွပင် တက်ခွာပေးတဲ့ အမျိုးသားကို မြင်ရပါတယ်။ အမျိုးသားဟာ သစ်ခွလည်း ခွာပြီးရော ဘိန်းယင်းထလာလို့ အမြန်ပြန်ပြေးတော့တာပါပဲ။
သစ်ခွပင် ခွာခိုင်းတုန်းကသာ ငြင်းဆန်ပေမယ့် သစ်ခွ ဝယ်သူလည်း ရောက်လာရော သူက ရှေ့ဆုံးက ပြေးရောင်းပါတယ်။ ၃၀၀၀ ရရာမှာ အမျိုးသမီးကို ငွေ ၁၀၀၀ သာ ပြန်ပေးပြီး ဘိန်းဝယ်ဖို့ ပြေးပါရော။ တထောင်တန် တရွက် ကိုင်ပြီး ကျန်ခဲ့ရှာတဲ့ အမျိုးသမီးက ဒီငွေလေးနဲ့ စားစရာ ဘယ်လို ဝယ်မလဲလို့ စိတ်ပူရှာတယ်။ အိမ်ထောင်ဦးစီးက ဘိန်းသုံးဖို့သာ စိတ်ဝင်စားနေတာမို့ ဝင်ငွေနည်းပါးလှတယ်။ ကလေးကိုလည်း ကျောင်းမထားနိုင်ပါဘူးတဲ့။ ကလေးဆိုတာကတော့ ဇာတ်ကားစဖွင့်ဖွင့်ချင်း မိတ်ဆက်ခဲ့တဲ့ ကျွဲကျောင်းသားလောင်းလျာ လေးပါ။
မိသားစု စားသောက်ဖို့ရာ ဆန် ရှာပြီး ပြန်လာတဲ့ အမျိုးသမီးက ထမင်းအိုးတည်တော့ ထမင်းအိုးအဖုံးဟာ လျှောကနဲကျ၊ မီးဖိုမှာ အပူပေးတဲ့ ဘိန်းခွက်ပေါ် ကျတော့ ဘိန်းခွက် မှောက်ပါရော။ ဘိန်းတခုသာ သိတော့တဲ့ အမျိုးသားဟာ ထမင်းအိုးကို ဆွဲချလိုက်ပါတယ်။ ဆန်စေ့တွေဟာ ကြမ်းပေါ် ပြန့်ကျဲလို့။ အမျိုးသမီးကသာ ဆန်အတွက် နှမြောတသပေမယ့် အမျိုးသားကတော့ ဘိန်းကိုသာ မရအရ ပြန်ရှာခိုင်းတာပါ။ နောက်ထပ် ပြကွက်တွေမှာတော့ သစ်ခွဝယ်သူနဲ့ အိမ်နီးချင်းတို့ ပြောစကားအရ ပရိသတ် နားလည်လိုက်ရတာက ဘိန်းဝယ် ထွက်ရင်း ရဲတွေ့လို့ အမျိုးသမီး အဖမ်းခံလိုက်ရပြီ ဆိုတာပါပဲ။ ဗိုက်ဟောင်းလောင်းနဲ့ မိုးလင်းလာတဲ့ ကလေးငယ်ဟာ အိမ်ရှေ့မှာ ထိုင်ရင်း ငေးမျှော်။ ဒါပေမယ့် အမေကတော့ ပြန်မလာနိုင်တော့ဘူးလေ။ သူ့မှာ အားမကိုးရတဲ့ အဖေသာ ကျန်ရစ်တော့တာပါ။
ဒီအဖေဟာ အားမကိုးရရုံတင် မဟုတ်ပါဘူး။ သူ ဘိန်းစားနိုင်ဖို့ တခုသာ သိတော့ နောက်ဆုံး ငွေရဖို့လမ်းဟာ ကလေးပဲလို့ တွေး လိုက်ပုံပါပဲ။ ကလေးကို လက်ဆွဲလို့ ငွေရှိသူအိမ်မှာ သွားထားပါတယ်။ ပေးလိုက်တဲ့ အခကြေးငွေကို လက်ခံယူပြီး သားကို နောက်ပြန် တချက်တောင် ငဲ့မကြည့်ဘဲ ထွက်သွားပါတော့တယ်။ ဒါနဲ့ပဲ ကလေးလေးဟာ ကျွဲကျောင်းသားလေး ဖြစ်လာ၊ ကလေးလေးကို ကျွဲအုပ်အကြား ဝိုးတဝါး တွေ့မြင်ရပုံနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။
“ရိုက်ကူးစဉ်က အခက်အခဲတွေကတော့ အများကြီးပဲ။ လူ့အခွင့်အရေးဆိုတာ ဘာလဲ နားမလည်တဲ့ အခါကျတော့ နိုင်ငံရေးကားထင်ပြီး ဆက်မရိုက်တော့ဘူးလို့ ဆိုတာနဲ့ ခြောက်လလောက် ကြာသွားတယ်။ ဒါပေမယ့် ကျနော် ဇွဲမလျှော့ဘဲ ခဏခဏ သူတို့နဲ့ သွားတွေ့တယ်။ ကျနော် သိသလောက် မှတ်သလောက် လူ့အခွင့်အရေး အကြောင်းတွေ သူတို့ကို ပြောပြ ရှင်းပြရင်း နောက်ပိုင်းတော့ ပြန်ရိုက်ဖြစ်ခဲ့တယ်” လို့ “ကျွဲကျောင်းသားလေး” ရိုက်ကူးစဉ် အတွေ့အကြုံကို ဒါရိုက်တာ မိုင်းအိုက်နွေ (တအာင်းချစ်သူ) က ပြန်ပြောင်း ပြောပြပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတိုမှာ ထိထိခတ်ခတ် ခံစားရတဲ့ အခန်းတွေကတော့ အလုပ်ရှင်ဆီ ပို့ဖို့ အဖေက လက်ဆွဲခေါ်သွားတဲ့အခါ အဖေ နောက် လိုက်ရင်းက စာသင်ကျောင်းဆီ လည်ပြန်ငေးနေတဲ့ အခန်း၊ အလုပ်ရှင်ဖြစ်လာမယ့် သူဆီ အဖေက ငွေတခုအတွက်ပဲ ကြည့်ပြီး ထားခဲ့ဖို့ ပြောဆိုနေတဲ့အချိန်မှာ မျှော်လင့်ချက်မဲ့ဟန် ငေးနေတဲ့အခန်းတွေပါ။ ကလေးရဲ့ မျက်လုံးတွေဟာ အသက်ပါလှပါတယ်။ ညှိုးငယ်နေတဲ့ မျက်နှာလေးထက်က မျက်လုံးလေးတွေဟာ အသက်နဲ့မမျှ ဒဏ်သင့်ခဲ့တဲ့ မျက်လုံးတွေ၊ ဖြစ်ချင်တိုင်း ဖြစ်လာတော့တဲ့ သူ့ကံကြမ္မာကို စိတ် ပျက်အားလျော့သွားတဲ့ မျက်လုံးလေးတွေပါပဲ။ ဒီကလေးကို ဘယ်လိုများ သင်ကြားခဲ့ရပါလိမ့်လို့ ဒါရိုက်တာကို ကျမ မေးကြည့်ပါတယ်။
“အဓိကကတော့ ကလေးကို ရင်းနှီးမှု တည်ဆောက်ရတာပေါ့။ တော်တော်လေး ရင်းနှီးလာတဲ့အခါကျတော့ အဆင်ပြေလာတယ်။ လိုချင်တဲ့ အမူအရာတွေ အသေးစိတ် ရှင်းပြချော့မော့ပြီး ပြောရတဲ့အခါတွေလည်း ရှိခဲ့ပါတယ်” လို့ ဒါရိုက်တာက ဖြေပါတယ်။
ဇာတ်လမ်းရဲ့ အဓိက နောက်ခံပုံရိပ်ဖြစ်တဲ့ မူးယစ်ဆေးရဲ့ ဆိုးကျိုးဆိုတာဟာ ကျမတို့ ဒီနေ့ဒီအချိန်အထိ ကြုံတွေ့နေရဆဲ ပြဿနာ တရပ်ပါ။ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ရာခိုင်နှုန်း အများစုဟာ ရှမ်းပြည်နယ်မှာ ရှိနေပါတယ်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲသူ အရေအတွက်ဟာ တနိုင်ငံလုံးမှာရှိတဲ့ သုံးစွဲသူ ပျမ်းမျှ အရေအတွက်ထက် ပိုတယ်လို့ သိရပါတယ်။ ဆင်းရဲမွဲတေမှုဆီက လွတ်မြောက်ဖို့ရာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ ခေတ်ဝန်းကျင်ကများ ဒီလို မူးယစ်ဆေး သုံးစွဲသူအဖြစ်ကို ရောက်အောင် တွန်းပို့ လိုက်လေ သလား။ သေချာတာကတော့ ကျမတို့ နိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်း ရှိပေမယ့်လည်း ဘိန်းစိုက်ပျိုးမှုက လျော့ကျ မသွားသလို ထုတ်လုပ်မှုကလည်း မြင့်မားနေတုန်းပါ။
အနုပညာဟာ အစွမ်းထက်တဲ့ လက်နက်တရပ်မို့ ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဒီ “ကျွဲကျောင်းသားလေး” ရုပ်ရှင်ဇာတ်တမ်းတို ကိုများ ကျမတို့ ကြည့်စေချင်သူတွေ ကြည့်မိကြမယ်ဆိုရင် တစုံတခုသော အဖြေကို တွေးနိုင်လောက်ပါရဲ့၊ အဖြစ်အပျက်တွေကို မြင်နိုင်လောက်ပါရဲ့၊ ကလေးတွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ် တခု ဖော်ဆောင်နိုင်ပါရဲ့လို့ မျှော်လင့်မိတာပါပဲ။
“ခုလို ထင်မှတ်မထားဘဲ ဆုရတဲ့အတွက် အတိုင်းမသိ ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဒီဆုဟာ ကျနော့်အတွက်ပဲ မဟုတ်ပါဘူး။ တအာင်း တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အောင်မြင်မှု တခုဖြစ်တယ်လို့ ယူဆပါတယ်” လို့ ဒါရိုက်တာ မိုင်းအိုက်နွေ (တအာင်းချစ်သူ) က ပြောပြခဲ့ပါတယ်။
ကျမ ဆိုခဲ့သလိုပါပဲ။ “ကျွဲကျောင်းသားလေး” ဟာ တဦးတယောက်၊ မိသားစုတခုကို ကိုယ်စားပြုနေတာ မဟုတ်ပါဘူး။ တကယ့် ပြင်ပ လောကမှာ ရှိနေတဲ့ လူများစွာ၊ မိသားစုများစွာကို ကိုယ်စားပြုနေတာပါ။ ဇာတ်ကောင် ကလေးတယောက်ရဲ့ အနာဂတ်လေး မှုန်ဝါးသွား တာကို ရုပ်ရှင်မှာ ကျွန်မတို့ မြင်ကြရတယ်။ အပြင်ကမ္ဘာမှာရော ဝေဝေဝါးဝါး အနာဂတ်ကို ပိုင်ဆိုင်လိုက်ရတဲ့ ကလေးငယ်ပေါင်း ဘယ် လောက်ရှိနေပါပြီလဲ။ ရုပ်ရှင်ကြည့်ပြီးတဲ့နောက် ဒီအတွေးကိုသာ ကျမ ဆက်တွေးနေမိပါတယ်။ ။