ဆောင်းရာသီကာလမှာ အနွေးထည်ကမရှိမဖြစ် လိုအပ်ပါတယ်။ ရာသီအလိုက် ဖက်ရှင်ကျဖို့ လုံးပန်းနေကြတဲ့ လူငယ်တွေအနေနဲ့လည်းအနွေးထည်၊ ဦးထုပ်၊ မာဖလာစတဲ့ ဆောင်းရာသီအသုံးအဆောင်တွေဘက်ကို လှည့်လာကြပါပြီ။ ရာသီဥတုနဲ့ ကိုက်ညီတဲ့ ဝတ်စားဆင်ယင်မှုဖြစ်ဖို့ ဒီလိုရာသီမှာလိုက်ဖက်တဲ့ အနွေးထည်လေးတွေ ဝတ်ဆင်ရပါမယ်။ ဒီရာသီမှာခရီးသွားကြသူတွေလည်းရှိတာမို့ ဆောင်းရာသီဖက်ရှင်ဖြစ်တဲ့ အနွေးထည်နဲ့ ဦးထုပ်စတာတွေအတွက် ခေါင်းစားကြပါဦးမယ်။
အထာကျဖို့ကို ဦးစားပေးလာတဲ့ ဒီဖက်ခေတ်မှာ လူငယ်တွေဟာဒီဇိုင်းမိုက်မိုက် ကလေးတွေကို ရွေးချယ်လာတတ်ကြပါတယ်။ ဘယ်လိုနေရာမှာ ဘာဝတ်ရမယ်ဆိုတာကို သိရှိဝတ်စားလာတတ်ကြပါပြီ။ ရုံးသွားကျောင်းသွားလူငယ်တွေအနေနဲ့ အနွေးထည် ခပ်ပါးပါးလေးတွေကိုအိတ်ထဲထည့်ပြီးဆောင်ထားဖို့ လိုပါလိမ့်မယ်။
ဖက်ရှင်ကိုရွေးချယ်ရာမှာ အရမ်းကြီးဟော့ဟော့ရမ်းရမ်းမဖြစ်ဘဲ အထာကျကျလေးဖြစ်နေဖို့လည်း လိုပါလိမ့်မယ်။ ထင်ပေါ်တဲ့ ဖက်ရှင်တခုကိုဖန်တီးပေးနိုင်မယ့် Hoody အနွေးထည်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခပ်လန်းလန်းဖက်ရှင်တွေကိုသဘောမကျဘဲ ဒီဇိုင်းရိုးရိုးနဲ့ အထာကျချင် သူများအတွက် Hoody အနွေးထည်လေးတွေက ထင်ပေါ်စေမှာပါ။ အရမ်းမလန်းပဲအထာကျတဲ့ ဒီဇိုင်းလေးတွေမို့ လူငယ်တွေအနေနဲ့ နှစ်သက်မှုရှိမှာပါ။
ခေါင်းစွပ်ပါတဲ့ Hoody အနွေးထည်လေးတွေဟာဦးထုပ်သတ်သတ် ဆောင်းစရာမလိုလို့ သွားလေရာဦးထုပ်သယ်ရတဲ့ ဒုက္ခကိုလည်းကင်းဝေးစေမှာပါ။ ခဲရောင်၊ မီးခိုးရောင်၊ အနက်ရောင်၊ အဖြူရောင်စတဲ့ အရောင်ခပ်ခပ်နုနုတွေရောအရုပ်ကလေးတွေကို နှစ်သက်သူတွေအတွက် အရုပ်ပါတဲ့ အနွေးထည်လေးတွေလည်းရှိတာမို့ မိမိကြိုက်နှစ်သက်ရာဒီဇိုင်းကိုရှာဖွေ ဝတ်ဆင်နိုင်ပါတယ်။ ခုနောက်ပိုင်းမှာစတစ်ကာအကြီးတွေပါတဲ့ အနွေးထည်လေးတွေ ခေတ်စားလာပြီး အဝတ်များလာကြပါတယ်။ ရင်ဘတ်နေရာမှာ စတစ်ကာကြီးကြီးတွေပါတဲ့ အနွေးထည်ဖက်ရှင်ဟာလည်းဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတမျိုးပါပဲ။
Hoody တွေကိုရှေ့ခွဲဇစ်ဆွဲ၊ ရှေ့ခွဲကြယ်သီး၊ ခေါင်းစွပ်စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ကိုယ်ရဲ့ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ ဆင်တူဝတ်ဆင်နိုင်မယ့် Couple hoody လေးတွေလည်းရှိတာမို့ အနွေးထည် ဆင်တူဝတ်ချင်ကြတဲ့ ချစ်သူစုံတွဲများအတွက် အဆင်ပြေစေမှာပါ။ ကလေးငယ်တွေအတွက်ရော၊ လူငယ်တွေအတွက်ပါ ဒီဇိုင်းစုံဆိုဒ်စုံရှိတဲ့ Hoody လေးတွေဟာ တကယ့်ကိုချစ်စရာကောင်းလှပါတယ်။
လူငယ်တွေအနေနဲ့ သူငယ်ချင်းချင်းမွေးနေ့လက်ဆောင်နဲ့ အခြားအမှတ်တရလက်ဆောင်အဖြစ်လဲ ပေးလို့ရပါတယ်။ ဒီလိုဆောင်းတွင်းကာလမှာ ကိုယ်ချစ်တဲ့သူတွေကို အနွေးထည် လက်ဆောင်ပေးခြင်းက နွေးထွေးမှုကို ကိုယ်စားပြုတာမို့ ရင်းနှီးမှု ပိုတိုးစေမှာပါ။ ကိုရီးယားဒီဇိုင်းဆန်တဲ့ Long hoody တွေပါ ခေတ်စားလာတာကိုခုနောက်ပိုင်းတွေ့လာရပါတယ်။ ကိုယ်ကျပ်အရှည်ဒီဇိုင်းလေးနဲ့မို့ တမျိုးလေးဆန်းပြီး အထာကျပါတယ်။ ကိုရီးယားဒီဇိုင်းလေးတွေကို နှစ်သက်သူတွေ သဘောကျမယ့်ဒီဇိုင်းလေးပါ။
ဒီလိုဆောင်းတွင်းကာလမှာခရီးသွားကြမယ့်သူတွေ၊ ညဘက် ရှိုးပွဲတွေ သွားကြည့်ကြမယ့် သူတွေ အနေနဲ့ လည်း Hoody လေးတွေနဲ့ စတိုင်ထုတ်နိုင်ပြီပေါ့။ Hoody တွေရဲ့ဈေးနှုန်းဟာများသောအားဖြင့် (၁၂၀၀၀) ကနေ (၂၀၀၀၀) ကျော်အထိရှိပြီးဖက်ရှင်ဆိုင်တွေနဲ့ Shopping center တွေမှာဝယ်ယူရရှိနိုင်ပါတယ်။