တချိန်က ဂီတလောကမှာ ပရိတ်သတ်အားပေးမှုအများကြီး ရရှိခဲ့ပြီး နာမည်ကျော်ကြားခဲ့တဲ့ အမျိုးသမီးအဆိုရှင်သုံးဦးရှိပါတယ်။ တယောက်နဲ့တယောက် ဖန်တီးသီဆိုကြတဲ့ ဂီတ ပုံစံတွေ မတူညီကြပေမယ့် သူတို့သုံးယောက်ရဲ့ တူညီမှုကတော့ ပြည်ပရပ်ခြားမှာ သွားရောက် အခြေချ နေထိုင်နေကြတာပဲဖြစ်ပါတယ်။
သူတို့သုံးယောက်ကတော့ အဆိုတော် မေဆွိ၊ မီမီဝင်းဖေနဲ့ ရတနာဦးတို့ပဲ ဖြစ်ကြပါတယ်။ အဝေးရောက် သူတို့သုံးဦး ရောက်ရှိနေတဲ့ အမေရိကားမှာ ပြန်လည်ပေါင်းစည်းပြီး “အဝေးတနေရာမှ” ဆိုတဲ့ Show ကိုပြုလုပ်ခဲ့ကာ သီချင်းခွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့အတွက် “အဝေးတနေရာမှ” ဆိုတဲ့ Show ကိုလည်း မြန်မာနိုင်ငံမှာလုပ်ဖို့ ရည်ရွယ်ထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် နှစ်ကြိမ်တိုင် ပျက်ခဲ့ရပါတယ်။ နောက်ဆုံး အခက်အခဲတွေကြားထဲက ကျင်းပဖို့ စီစဉ်တဲ့အခါမှာ အခုတခါမှာတော့ သူတို့သုံးယောက်ရဲ့“အဝေးတနေရာမှ” ဆိုတဲ့ Live Show ကိုကျင်းပဖို့ သေချာခဲ့ပါပြီ။
အဝေးတနေရာမှလို့ အမည်ပေးထားတဲ့ ဒီ Live Show ကို လာမယ့် မတ်လ ၆ ရက်နေ့မှာ ရန်ကုန်မြို့ Gandamar Hotel မှာရှိတဲ့ Gandamar Ballroom မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်တေး သီချင်းများစွာနဲ့ ပရိတ်သတ်ကြား အောင်မြင်ခဲ့တဲ့ အဆိုတော် မီမီဝင်းဖေက “ကျမက ဒီပွဲမှာ သီချင်း ၁၀ ပုဒ် ဆိုပါမယ်။ ကျန်တာ အတွဲသီချင်းတွေကို မဆွေတို့၊ ရတနာဦးတို့နဲ့ဆိုပါမယ်။ ဒီပွဲလေးက အဓိက ပွဲစတာနဲ့ အားလုံးပျော်ပျော်ပါးပါးနဲ့စမယ်။ ပျော်ပျော်ပါးပါးနဲ့ဆိုမယ် ပျော်ပျော်ပါးပါးနဲ့ အဆုံးသတ်မယ်။ သိပ်ပြီး ဖိအားများတဲ့ ပွဲမဖြစ်အောင် မမီတို့စဉ်းစားထားပါတယ်။ ဝတ်စုံကိုတော့ လောလောဆယ်မှာ တယောက်ကို သုံးစုံစီ ဝတ်ကြမယ်လို့တော့ စဉ်းစားထားတယ်။ မမီဆိုမယ့်သီချင်း ၁၀ပုဒ်မှာ ရွေးရင်းနဲ့ ရုပ်ရှင်သီချင်း ၄ ပုဒ်လောက် ဆိုဖြစ်ဖို့ ဖြစ်နေတယ်။ ပရိတ်သတ်တောင်းဆိုတဲ့သီချင်းတွေလည်း ဆိုပေးသွားမှာပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဒီပွဲကို TV Channel များမှာ Live ပြသသွားမှာမဟုတ်တဲ့အတွက် အဝေးတနေရာမှ ပရိတ်သတ်များအနေနဲ့ Live Show မှာသာ သွားရောက်အားပေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ လက်မှတ်များကို ဈေးနှုန်းအနေနဲ့ ကျပ် ၃၀၀၀၀၊ ၂၀၀၀၀ နဲ့ ၁၀၀၀၀ ကျပ်သတ်မှတ်ပေးထားပြီး အဆိုတော်မေဆွိကတော့ လာရောက် ကြည့်ရှုမယ့် ပရိတ်သတ်များ ကျေနပ်မှုအပြည့်ရရှိပြီး အိမ်ပြန်ရမယ့် ပွဲတပွဲဖြစ်စေရပါမယ်လို့ ပြောထားပါတယ်။