အနောက်တိုင်းစာ Western Food တွေနဲ့ ထိုင်းအစားအစာတွေကို အရသာရှိရှိ သန့်သန့်ရှင်းရှင်းနဲ့ ကားပါကင် ကျယ်ကျယ်ဝန်းဝန်း နေရာရတဲ့ ဆိုင်မှာ အေးအေးလူလူ စားသုံးချင်သူတွေအတွက် Jeff’s Kitchen ဆိုတဲ့ စားသောက်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Jeff’s Kitchen စားသောက်ဆိုင်က မရမ်းကုန်မြို့နယ်၊ ချော်တွင်းကုန်း၊ ကန်ရိပ်သာလမ်းထဲမှာ ရှိတာပါ။ ကမ္ဘာအေး ဘုရားလမ်းကနေ ကန်ရိပ်သာလမ်းထဲကို ချိုးဝင်လိုက်တာနဲ့ Brave Bar, Escape Bar စတဲ့ ဘားတွေ အနီးမှာ Jeff’s Kitchen စားသောက်ဆိုင်တည်ရှိပါတယ်။
ဆိုင်ဝန်းထဲမှာ ကားထားဖို့ နေရာအကျယ် လုံလုံလောက်လောက်ရှိပြီး ဆိုင်ထဲ ဝင်ဝင်ချင်း သောက်စရာ ဘားတခုရှိပါတယ်။ လေးယောက်ဝိုင်း၊ နှစ်ယောက်ဝိုင်း၊ ခြောက်ယောက်ဝိုင်း စသဖြင့် စီစီရီရီနဲ့ အနောက်တိုင်းဆန်ဆန် ခင်းကျင်းထားတဲ့ ဆိုင်အပြင်အဆင်ကို တွေ့ရပါတယ်။
ဆိုင်မှာ အပေါ်ထပ်နဲ့ အောက်ထပ် နှစ်ထပ်ရှိပြီး အပေါ်ထပ်မှာဆိုရင်း Private ခန်း ၂ ခန်း၊ ဆေးလိပ် သောက်တတ်သူတွေ၊ ဒါမှမဟုတ် လူငယ်တွေ လွတ်လွတ်လပ်လပ် ပြင်ပက သဘာဝလေကို ရှုရှိုက်ရင်း အေးအေးလူလူ ထိုင်စားချင်သူတွေ အတွက် ဝရံတာမှာ Open Air ပုံစံ အမိုးလွတ် စားပွဲဝိုင်းတွေ ခင်းကျင်းထားတာ တွေ့ရပါတယ်။
အပေါ်ထပ်ဟာဆိုရင် Hall Type ပုံစံ အကျယ်အဝန်း ရှိတာကြောင့် မင်္ဂလာဧည့်ခံပွဲတွေ၊ Anniversaryအခမ်းအနားတွေ၊ ကလေးမွေးနေ့ စတဲ့ Events တွေ ပြုလုပ်နိုင်ပါတယ်။ သီးသန့် Private Room တွေမှာတော့ မိသားစု တွေ့ဆုံပွဲတွေ၊ Business သမားတွေအတွက် တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ပါတယ်။ အခန်း ၂ ခန်းကို တံခါးအရှင် လုပ်ထားတာကြောင့် လူများများဆံ့အောင် လိုအပ်ရင် လိုအပ်သလို သီးသန့်ခန်း ၂ ခန်းပေါင်းပြီးလည်း လုပ်နိုင်ပါတယ်။
အစားအသောက်တွေ မှာယူဖို့ Menu ကို ကြည့်တဲ့အခါ အနောက်တိုင်း ဟင်းလျာ (Western Food) ပေါင်း ၆၀ ကျော်နဲ့ ထိုင်းအစားအစား ၇၀ ကျော်၊ သောက်စရာ ဝိုင် Menu, Cocktails Menu စသဖြင့် ရှိတာ တွေ့ရပါတယ်။
ဟင်းပွဲတွေ မမှာခင် ဆိုင်အကြောင်း အနည်းငယ်စပ်စုကြည့်တော့ “Jeff’s Kitchen” ဆိုတာ ဆိုင်ပိုင်ရှင် ကိုဂျက်ဖရီ ခိုင်လင်းရဲ့ ဆိုင်ဖြစ်တာကြောင့် Jeff’s Kitchen လို့ နာမည်ပေးထားတာ ဖြစ်ပြီး ကိုခိုင်လင်းက သြစတြေးလျမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး ဟင်းချက်ပညာကို ဝါသနာပါလို့ ကိုယ်တိုင် စာဖိုးမှုးလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။
Jeff’s Kitchen မှာဆိုရင်လည်း သူကိုယ်တိုင် Kitchen ထဲမှာ ဦးစီးပြီး အဓိက ချက်ပြုတ်သူ စာဖိုမှူး အနောက်တိုင်းစာ အတွက် ၇ ယောက်၊ ထိုင်းအစားအစာအတွက် ထိုင်းစာဖိုမှုး ၇ ယောက်စီ ထားရှိကြောင်း၊ Menu ကိုလည်း သူကိုယ်တိုင် စီစဉ်ရေးဆွဲထားကြောင်း ပြောပါတယ်။
အစားအသောက်တွေကိုတော့ ဆိုင်မှာ အမှာများဆုံး၊ လူကြိုက်များတဲ့ အစားအစားတချို့နဲ့ ကိုဂျက်ဖရီ ကိုယ်တိုင် ညွှန်းပေးတဲ့ အစားအစာတွေကို မှာယူလိုက်ပါတယ်။ Western အစားစာတွေထဲက လူကြိုက်များတဲ့ (Highly Recommended) ဘရာဇီးစတိုင် BBQ, Churrasco ကို ကြက်သားနဲ့၊ ပြီးတော့ Grilled လုပ်ထားတဲ့ သြစတြလျ အမဲ (မိုးခိုသား) နဲ့ ပြည်တွင်း ပုဇွန်ထုတ်ကင်တို့ ပါဝင်တဲ့ Surf And Turf, ပြီးတော့ Pizza ထဲက Margherita တို့ မှာလိုက်ပါတယ်။
Thai Food အနေနဲ့ Chefs Specials ထဲက Seafood Yellow Curry ဟင်းကို ဂဏန်းသားနဲ့ တပွဲ၊ ကော်ပြန့်ကြော်၊ ဆာတေး၊ Fish Cake, Prawn Cake စတာတွေ ပါဝင်တဲ့ Thai Pu Pu Platter နဲ့ တုံယမ်းဟင်းရည်၊ ငါးဟင်းအနေနဲ့ အရိုးထွင်ထားတဲ့ ငါး Fillet Fish ကို Three Flavor Sauce နဲ့ ပြီးတော့ Dessert အဖြစ် မြည်းစမ်းဖို့ လူကြိုက်များတဲ့ Sticky Rice with Mango ကို မှာလိုက်ပါတယ်။
အစားအသောက်တွေ မှာယူထားတုန်း ဟင်းတွေချက်ပြုတ်ရာ Kitchen ထဲကို သွားရောက် လေ့လာခဲ့ပါတယ်။ Kitchen ကို စိတ်ကြိုက် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထားတယ်ကို ကိုဂျက်ဖရီ က ရှင်းပြပါတယ်။ အစားအသောက် ကုန်ကြမ်းတွေကို ပြင်ဆင် သိမ်းဆည်းတဲ့နေရာ၊ ချက်ပြုတ် ပြင်ဆင်တဲ့နေရာ သက်သက်စီ ခွဲထားတဲ့ Jeff’s Kitchen က သန့်ရှင်းသပ်ရပ်မှု အမှတ်ပြည့် ပေးချင်စရာပါပဲ။
မိနစ် ၂၀ ခန့်ကြာတော့ မှာယူထားတဲ့ အစားအစာတွေ တပွဲပြီးတပွဲ လာချပေးပါတယ်။ အစားအစာတွေ မရောက်ခင် မြည်းစမ်းထားတဲ့ Summer Passion Mocktail က အခုလို ပူပြင်းတဲ့ နွေရာသီမှာ အမောပြေစေပါတယ်။ Strawberry Frappe ကတော့ ရာသီပေါ်သီးနှံ စတော်ဘယ်ရီနဲ့ ဖျော်စပ်ထားတာကြောင့် သောက်လို့ကောင်းပြီး အရသာလည်းရှိ၊ အာဟာရလည်း ရှိစေပါတယ်။
အစားအသောက်တွေရဲ့ အရသာတွေကို အသေးစိတ် ပြောရမယ်ဆိုရင်တော့ ပထမဆုံး မြည်းစမ်းကြည့်တဲ့ Surf And Turf မှာ Grilled လုပ်ထားတဲ့ အမဲသားက အနံ့ရော အရသာကပါ စားကြည့်တာနဲ့ စွဲမက်စရာကောင်းပြီး အမဲသား စားလေ့မရှိတဲ့ ကျနော်တောင် တော်တော်လေး ခံတွင်းတွေ့မိပါတယ်။ ပုစွန်ထုတ်ကင်ကတော့ နဂိုတည်းက ပုစွန်ကြိုက်ပြီးသား ကျနော့် အတွက်တော့ အသင့်ပါပဲ။
အမဲသားနဲ့ ပုစွန်ကင် တွဲစပ်ထားပြီး အီတလီထမင်းကို ပင်စိမ်းနှစ်နဲ့ ချက်ထားတဲ့ ဒီဟင်းပွဲက ၁၉၉၀၀ ကျပ်နဲ့ အရသာရှိရှိ၊ အာဟာရ ပြည့်ပြည့်စုံစုံ စားသုံးနိုင်ပါတယ်။ Margherita ပီဇာကတော့ ပါဝင်ပစ္စည်း ရိုးရိုးရှင်းရှင်း ဆိုပေမယ့် ဖန်တီးထားတဲ့ပုံက မြင်နေကျ ပီဇာအဝိုင်း ပုံစံမဟုတ်ဘဲ လေးထောင့်ပုံမျိုးပါ။ အရသာကလည်း ပီဇာကောင်းကောင်း အရသာမျိုးပါပဲ။
နောက်ထပ်တခု ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ အစားအစာ တခုကတော့ Churrasco လို့ ခေါ်တဲ့ ဘရာဇီး BBQ ပါ။ ဒီအစားအစာ ဖြစ်ပေါ်လာပုံကတော့ ရှေးယခင်က ဘရာဇီးလူမျိုးတွေ တောထဲမှာ အမဲလိုက်ပြီး သားကောင်ရလာရင် အသားတွေကို သစ်တုံး၊ တုတ်ချောင်းပေါ်မှာ သွပ်သွင်းကင်ပြီး အသားကျက်သွားတဲ့အခါ ဘေးကနေ ခြစ်စားရာခဲ့နေ ဒီနေ့ခေတ်မှာ ခေတ်နဲ့အညီ အဲဒီလိုပုံစံ ပြန်ထွင်ပြီး စားလာကြတာလို့ သိရပါတယ်။
ပုံသဏ္ဍာန်က ထူးခြား စိတ်ဝင်စားစရာကောင်းပြီး အရသာကလည်း အထူး ကောင်းမွန်ပါတယ်။ Churrasco က ကြက်၊ ဝက်၊ အမဲ၊ ပင်လယ်စာ ကြိုက်နှစ်သက်ရာနဲ့ မှာယူနိုင်သလို Combination အနေနဲ့ ကြက်၊ ဝက်၊ အမဲ ကြိုက်နှစ်သက်သလို ပေါင်းစပ်ပြီးလည်း မှာယူနိုင်ပါတယ်။
ရိုးရိုးရှင်းရှင်း ထိုင်းအစားအစာတွေက အရသာ အထွေအထူး ပြောစရာ မရှိပေမယ့် Seafood Yellow Curry ဂဏန်းဟင်းကို အထူးပဲ နှစ်ခြိုက်မိပါတယ်။ ဂဏန်းသားတွေနဲ့ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားပြီး အဝါရောင် ဂဏန်းသား ဟင်းလျာထဲမှာ အနီရောင် ဂဏန်းခွံကြီးတွေနဲ့ အလှဆင်ထားပုံလည်း စားချင်စဖွယ်ပါပဲ။
ဆိုင်မှာရှိတဲ့ အစားအစာတွေက ဆိုင်အနေအထားအရ ဈေးကြီးမယ်လို့ ထင်ရပေမယ့် ဟင်းပွဲ အားလုံးနီးပါးရဲ့ ဈေးနှုန်းတွေက အသင့်အတင့်ပါပဲ။ အစားအစာတွေရဲ့ ဈေးနှုန်းတွေက အနိမ့်ဆုံး ကျပ် ၃ ထောင်ကျော်ကနေ ၆ ထောင်ကျော်၊ ၇ ထောင်ကျော်၊ ၁ သောင်းကျော်နဲ့ အမြင့်ဆုံး ၂ သောင်း ကျော်ထိ အစားစားရှိပါတယ်။
ကားထားဖို့ ပါကင်အကျယ် လုံလုံလောက်လောက်ရှိပြီး ဆိုင်က မိသားစု၊ သူငယ်ချင်းတွေ အေးအေးလူလူနဲ့ ကျယ်ကျုယ်ဝန်းဝန်း ထိုင်ပြီး စားသောက်နိုင်တာမို့ ဈေးနှုန်းသင့်သင့်နဲ့ အရသာ ကောင်းကောင်း စားချင်သူတွေအတွက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က စတင် ဖွင့်လှစ်ထားတဲ့ ကန်ရိပ်သာလမ်းထဲက Jeff’s Kitchen စားသောက်ဆိုင်ကို ညွှန်းဆိုပေးလိုက်ပါတယ်။
ဆိုင်လိပ်စာ – အမှတ် 4A၊ ကန်ရိပ်သာလမ်း (ချော်တွင်းကုန်း)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်၏ website လိပ်စာမှာ – https://goo.gl/Lcujyy