မန္တလေးမြို့ရဲ့ လက်ရှိ ရာသီဥတုကတော့ မိုးလေးတစိမ့်စိမ့်၊ လေကလေး တဖြူးဖြူးနဲ့မို့ နေလို့တော့ အတော်ကောင်းသား။ ဒါပေမယ့်လည်း ထုံးစံအတိုင်းပါပဲ။ မန္တလေးက မိုးဘယ်လောက်ရွာရွာ မိုးစဲ၊ လေကွဲရင်တော့ ကြောက်စရာကောင်းတဲ့ နေလုံးကြီး က ပြူးတူးပြဲတဲ ထွက်လာတော့တာ ပါပဲ။ ယပ်တောင်မှာ ပါလာတဲ့ မစို့မပို့ အအေးဓာတ်ကို မရမက ဖမ်းယူနေရ တဲ့ဘဝ။
မကြာခင်ကမှ ပြီးသွားတဲ့ အယ်လ်နီညို ရာသီဥတုကို ခံစားထားရတော့ အခု နေပူရှိန်ကို နည်းနည်းတော့ ခံနိုင်ရည် ရှိလာ သလိုပါပဲ။ အရင်လ အပူချိန်တွေ အဆမတန် မြင့်တက်ခဲ့တုန်းက မန္တလေး လမ်းမတွေဆိုတာ မီးဟုန်းဟုန်းထတောက် တော့မယ့်အလား၊ တံလျှပ်ထနေတဲ့ လမ်းမတွေထက်မှာ ကားတွေ၊ ဆိုင်ကယ်တွေကထွက်တဲ့ မီးခိုးတွေက တလူလူ၊ ဆီနံ့ တသင်းသင်း၊ စက်အပူရှိန်တွေကြောင့် သွားရလာရတာ အတော်မသက်မသာ ဖြစ်ခဲ့ရတယ်။
မန္တလေးမြို့က ပူပြီလားဆို အလွန်အကျွံ၊ အေးပြန်ပေါ့ဆိုရင်လည်း `မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့`ဆိုတဲ့ စာချိုးက ရှိထားပြီးသား။ အခုလည်း ပူလိုက်တာမှ ဝက်ဝက်ကွဲပါပဲ။ အပူလေးသက်သာအောင် နားနေရမယ့် အရိပ်ကောင်း တဲ့ သစ်ကြီးဝါးကြီး ဆိုတာကလည်း အရင်လို မပေါများတော့။ လမ်းမလွတ်လို့ ခုတ်ရတာနဲ့၊ မြို့ကွက်သစ်ချဲ့လို့ ပါသွား တာ နဲ့၊ လေကြီးမိုးကြီးကျလို့ အမြစ်က ကျွတ်ထွက်ကုန်တာနဲ့ပဲ အတော်လေး ရှားပါးကုန်ပါပြီ။ ကုန်ဆို မရှိတော့သလောက် ပါပဲ။
အပူရှောင်ရမယ့် နေရာ ကောင်းကောင်းလေးကိုများ ဖန်တီးမပေးခဲ့လေခြင်းလို့ ဘယ်သူ့ကို ဘယ်လိုရှာ အပြစ်ဖို့ရမယ် မသိတော့။ လက်တွေ့မှာတော့ အရမ်းပူလာပြီဆိုရင် အချိန်ပြည့် အအေးလွှတ်ထားတဲ့ ပလာဇာတွေထဲ ပြေးဝင်လိုက်ကြ တာ ပါပဲ။
လူကြီး သူမတွေ စကားလက်ဆုံကြတိုင်း ပြောပြောနေကြတဲ့ မန္တလေးဟာ နေလို့သိပ်ကောင်း ဆိုတဲ့ စကားကို ဘယ်လို ယုံရ မယ်မသိ။
သူတို့ပြောတဲ့ အောင်ပင်လယ်ကန် ဆိုတာကြီးက ရေတွေမရှိ၊ လယ်တွေအတိပြီးရာကနေ အခုဆို လယ်တွေပါပျောက်လို့ အုတ်တံတိုင်း မြင့်မြင့်ကြီးတွေကာပြီး မြေတွေ ဖို့နေလိုက်တာများ မြင်ရက်စရာမရှိ။ ၃၅ လမ်းမကြီးအတိုင်း အရှေ့ဘက်ကို သွားရင် အရင်ကဆို လယ်ကွင်း စိမ်းစိမ်းတွေက တမျှော်တခေါ်ကြီး၊ ဖြတ်တိုက်လာတဲ့ လေနုအေးကြောင့် အသက်ရှူ ချောင်ပြီး မောသမျှ ပြေခဲ့ရပါသေးတယ်။ အခုတော့ အောင်ပင်လယ်လည်း ဘဝဆုံးခဲ့ပေါ့။
နောက်ထပ် အပူရှောင်လို့ရမယ့် နေရာတခုရှိခဲ့သေးသည်တဲ့။ မန်းသီတာဥယျာဉ်လို့ ပြောလိုက်တာနဲ့ လူကြီးလူငယ် လူလတ် ၊ မန္တလေးသားတိုင်း ကြိုက်နှစ်သက်တဲ့နေရာ၊ မန္တလေးကို လာတဲ့ ဧည့်သည်တိုင်း မရောက်မဖြစ်တဲ့ နေရာ၊ တကယ့်အရိပ်ကောင်းပြီး သွားလမ်းလာလမ်းသာတဲ့ နေရာမို့ အရမ်းလှပပြီး အရမ်းအေးချမ်းတဲ့ ဥယျာဉ်ကြီးတခုရှိခဲ့တယ် ဆိုတာ ဘယ်လိုမှ မယုံနိုင်လောက်အောင်ပါပဲ။
ဒန်းတွေ၊ လျှောစင်တွေ၊ ပေါင်းကူး တံတားလေးတွေ ၊ ပန်းပင်လှလှလေးတွေနဲ့ ကြိုးတံတားလေးတွေ ပါတယ်ဆိုတာ ကိုတော့ ကိုယ်တွေငယ်ငယ် မိဘတွေလိုက်ပို့တုန်းက အရမ်းကို ပျော်စရာကောင်းတဲ့ နေရာတခုမှန်း ကောင်းကောင်း မှတ်မိနေသေးတယ်။ မန်းသီတာ ဥယျာဉ်ဆိုတာ ၂၆ လမ်းမကြီး ၊ ၇၉ လမ်းကနေ ၇၃ လမ်းအထိ ပေ ၂၀၀ ဝန်းကျင်လောက် ကျယ်တဲ့စတုရန်းပုံ ဥယျာဉ်ကြီးတခုပါပဲ။
`အထဲမှာ လျှောက်လမ်းတွေ၊ ထိုင်ခုံတွေ၊ ဈေးဆိုင်တွေ၊ ကလေးကစားဖို့နေရာ၊ အလှပင်တွေစိုက်ပျိုးထားတဲ့ အပင်တွေနဲ့ လှမှလှ၊ မေတ္တာပေါင်းကူးတံတား ဆိုတာကလည်း တကယ်ကိုမှ ကြည်နူးစရာ၊ အလယ်ဗဟိုချက်လို နေရာမှာ ဆောက် ထား တာဆိုတော့ မြို့နေလူတိုင်း လွယ်လင့်တကူ သွားလို့လာလို့ရခဲ့တယ်။ အေးမှအေး၊ စိမ့်မှစိမ့်၊ တကယ့်ကို နားနေစရာ စိမ်းစိမ်းစို ဥယျာဉ်ကြီးတစ်ခုပေါ့`လို့ လူကြီးသူမတိုင်းက ပါးစပ်ဖျားက တသသနဲ့ ပြောနေခဲ့ကြတယ်။
အခုတော့ အဲဒီဥယျာဉ်ကြီးလည်း မရှိတော့ပါဘူး။ ဖျက်သိမ်းလိုက်လို့ အစားနေရာအသစ်တခု ဖြည့်ဆည်းပေးသလား ဆိုတော့ လည်း ဘာတခုမှ လောက်လောက်လားလား မရှိခဲ့။
ဒီကနေ့ ရှိနေတဲ့ ကန်တော်ကြီးဆိုတာ ငွေမပါ မလာနဲ့ ဆိုတဲ့နေရာ၊ ပတ်လမ်းတလျှောက် လုံးချင်းတဲလေးတွေနဲ့ တူတူပုန်း တမ်း ကစားနိုင်တဲ့ စီးပွားရေးဈေးကွက် နေရာ၊ ရေပေါ်ခြံခတ်လို့ တဆက်ရှင်ကို ဘယ်လောက် ဆိုတဲ့နေရာပါပဲ။ မြို့လူထု အပန်းပြေဖို့မဆိုထားဘိ၊ အပန်းဖြေဖို့တောင် ငွေရှိမှဖြစ်မယ့် စီးပွားရေး နေရာကြီး ဖြစ်နေတာလည်း ကြာခဲ့ပါပြီ။
ဒီကနေ့ မန္တလေးကတော့ လမ်းမကျယ်ကြီးတွေနဲ့ဖြစ်နေပြီ၊ မိုးမျှော်တိုက်ကြီးတွေ ပေါ်နေပြီ၊ ဘီယာ စတေရှင်ကြီးတွေ ဟီးဟီး ထနေပြီ၊ ဆေးရုံသစ်ကြီးတွေ ရှိနေပြီ၊ ပြည်ပထွက်ခွာဖို့ ပတ်စ်ပို့ကို ကိုယ့်မြို့မှာတင် လုပ်လို့ရနေပြီ၊ ဒစ်ဂျစ်တယ် မီးပွိုင့်ကြီးတွေနဲ့ ဖြစ်နေပြီ၊ သိန်း ၃၀၀၀ လောက် အကုန်ခံထားတဲ့ ရေပန်းကြီးလည်း ရှိနေပြီ။
ဒါတွေ တိုးတက်လာတာနဲ့အမျှ မြို့ခံတွေရဲ့စိတ်တွေကတော့ ဟိုးအောက်ဆုံးအထိ ကျနေခဲ့တယ်။ အပန်းဖြေနားနေစရာ ၊ အပူရှောင်စရာ နေရာမရှိတော့လို့ စိတ်ဓာတ်ကျတယ်၊ အရင်က ရာပြည့်ကွင်းကြီးကလည်း အခုတော့ အခကြေးငွေပေးဝင် ရ တဲ့ တိရစ္ဆာန် ဥယျာဉ်ဖြစ်သွားလို့ စိတ်ဓာတ်ကျတယ်။
အောင်ပင်လယ်ကန်ကြီးလည်း မရှိ၊ လယ်ကွင်းစိမ်းစိမ်းတွေလည်း ကုန်သလောက်ဖြစ်နေလို့ စိတ်ဓာတ်ကျတယ်။ နန်းတွင်း မှာ အဝင်ခက်၊ အထွက်ခက်မို့ နောင်လာနောက်သားတွေ နန်းတွင်းကိုမရောက်ဘူးကြတာတွေ ဖြစ်လာလို့လည်း စိတ်ဓာတ် ကျတယ်။ သမိုင်းတွင်တဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ စက်ရှင်တံတားကြီး မရှိတော့လို့လည်း စိတ်ဓာတ်ကျတယ်။
ဈေးချိုနာရီစင်က မူလလက်ဟောင်း နာရီကြီး ဘယ်မှာသိမ်းထားမှန်းမသိလို့ စိတ်ဓာတ်ကျတယ်။ ဈေးချိုမှာ မန္တလာသား ဈေးဆိုင်ပိုင်ရှင်တွေ နည်းသွားလို့ စိတ်ဓာတ်ကျတယ်။
မြေအိုးမြီးရှည်၊ မာလာငါး၊ မာလာ ကြက်ခြေထောက်၊ ငါးသံပုရာဆိုတဲ့ အစားအသောက် အပြောင်းအလဲတွေကို ကြည့်ရင်း မျိုးရင်းစားစရာတွေ ပျောက်သွားတော့မှာလား ဆိုပြီး စိတ်ဓာတ်ကျတယ်။
အရင်က ရှိခဲ့တဲ့ အထင်ကရတွေ ပျောက်ဆုံးကုန်လို့ လူကြီးသူမတွေ စိတ်ဓာတ်ကျတယ်။ ဒီကနေ့မှာ ဖြစ်ချင်တာ၊ ဖြစ်သင့် တာ တွေ ဖြစ်မလာလို့ မန္တလေးသားတွေ စိတ်ဓာတ်ကျတယ်။
ဒီကနေ့ မန္တလေးမှာ အသစ်တက်လာတဲ့ မြို့တော်ဝန် ဒေါက်တာကြီးကတော့ ကနဦးကြွေးကြော်လိုက်တာက ကျုံးနံဘေး မှာ ဥယျာဉ်ဆောက်မယ် ဆိုတာပါပဲ။ မစားရ ဝခမန်း ပြောတာမဟုတ်ဖို့ မန္တလေးသားတွေ မျော်လင့်ရင်း ပျော်နေကြ ပါတယ်။ ပြည်ထောင်စုအဆင့်ကို တင်ပြရဦးမယ်လို့တော့ လျှောမသွား လိုက်ပါနဲ့။
မြို့လူထု တကယ်လိုချင်နေတဲ့ အရာဟာ ဘာလဲဆိုတာကို သေချာသိအောင် ကြိုးစားပြီး တကယ်ဖြစ်အောင် လုပ်ပေးသင့် တယ်လို့ မြင်မိတယ်။
အပူရှောင်လို့ရမယ့် အခကြေးငွေ ကင်းလွတ်ခွင့်ရ၊ နားနေစရာ နေရာလေးတခုကိုများ ဖြစ်ဖြစ်မြောက်မြောက် စွမ်းဆောင် ပေးလိုက်ပါတော့လား ဆိုတဲ့ အသံတွေ လျှံလာတယ်။
ဒါပေမယ့် မန္တလေးကတော့ စိတ်ဓာတ်ကျနေတုန်းပါပဲ။
မန္တလေးသားတွေကို စိတ်ဓာတ်ကျအောင် စနစ်တကျလုပ်သွားသလား လို့တောင် သံသယဝင်လောက်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြသူတွေ လက်က လူထုက တခဲနက် ရုန်းထွက်လို့ လွတ်မြောက်ခဲ့တာ မကြာသေး။
အနာတွေများတော့ လက်ရှိကုနေရတဲ့ အစိုးရသစ်ကိုလည်း အားနာရင်း ကျနေတဲ့ စိတ်ဓာတ်တွေနဲ့ပဲ အားပေးနေ ရပါတယ်။ ။
(သင်းသင်းသော်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာ တဦး ဖြစ်သည်)