ကျန်းမာတဲ့ ပျော်ရွှင်စရာ ဖြစ်တဲ့ လိင်မှုဘဝကို (အရွယ်ရောက်ပြီးသူတွေ အနေနဲ့) ဘယ်လိုအသက်အရွယ် မှာ မဆိုရရှိ နိုင် ပါတယ်။ တကယ်လို့ ကျန်းမာရေးကြောင့် ဖြစ်စေ၊ ရိုးရိုးတန်းတန်း စိတ်အားထက်သန်မှုလျော့ကျနေတာပဲ ဖြစ်စေ အောက် မှာ ဖော်ပြထားတဲ့ အကြံပေးချက်တွေကို စဉ်းစားကြည့်သင့်ပါတယ်။
၂၀၁၀ ခုနှစ်မှာ အမေရိကန်နိုင်ငံက AARP လို့ ခေါ်တဲ့ အငြိမ်းစားများအသင်းက စစ်တမ်းတခု ကောက်ယူကြည့်တဲ့ အခါ အသက် ၄၅ နှစ်နဲ့ အထက် အမျိုးသား အမျိုးသမီးတွေရဲ့ တဝက်လောက်က လိင်မှုကိစ္စမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ရရှိခဲ့တဲ့ ကျေနပ်နှစ်သိမ့်မှုမျိုးကို မရကြတော့ဘူးလို့ ပြောခဲ့ကြပါတယ်။
လူတွေဟာ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိသလို လိင်စိတ်ဆန္ဒ ခံစားချက်နဲ့ စွမ်းဆောင်ရည် ကျဆင်း လာတယ်လို့ ယူဆဖို့ ဖြစ်လာရတဲ့ အကြောင်းအရာတွေ ကတော့
အမျိုးသမီးများ သွေးဆုံးခြင်း။ သွေးဆုံးတဲ့ အသက်အရွယ် အပိုင်းအခြားကိုရောက်လာတဲ့ အခါ အမျိုသမီးတွေရဲ့ ဟိုမုန်း ထုတ်လုပ်မှု ကျဆင်းသွားပါတယ်။ လိင်ဆက်ဆံတဲ့ လမ်းကြောင်း (မွေးလမ်းကြောင်း)က ပိုတိုသွားပြီးတော့ ကျဉ်းမြောင်း လာပါတယ်။ မွေးလမ်းကြောင်း နံရံတွေကလည်း ပျော့ပြောင်းမှုမရှိတော့ဘဲ တောင့်တင်းလာပါတယ်။ လိင်ဆက်ဆံစဉ်မှာ အမျိုးသမီး အင်္ဂါက အရည်ထုတ်ပေးမှုလည်း လျော့ကျသွားစေပါတယ်။ ဒီလို အပြောင်းအလဲတွေက အမျိုးသမီး တယောက် အတွက် လိင်ဆက်ဆံစဉ်မှာ သက်တောင့်သက်သာ မရှိတာတွေကို ခံစားရတတ်သလို နာကျင်မှုကို ၂ ယောက် လုံး တောင်ခံစားရနိုင်ပါတယ်။
အမျိုးသားများ လိင်အင်္ဂါတောင့်တင်းနိုင်မှု လျော့ကျသွားခြင်း။ အသက်အရွယ်ရလာတဲ့ အမျိုးသားတွေမှာ လိင်အင်္ဂါ တင်းမာ လာဖို့ ဒါမှမဟုတ် တင်းမာမှုကို ထိန်းထားနိုင်ဖို့ အခက်အခဲ တွေ့ရလေ့ ရှိပါတယ်။
နာကျင်ခြင်း၊ သက်တောင့်သက်သာ မရှိခြင်း။ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာ မျိုးက လိင်ဆက်ဆံရာမှာ အနှောင့် အယှက်ဖြစ်စေပါတယ်။ စွမ်းဆောင်ရည် ကျဆင်းသွားတာ ဒါမှမဟုတ် ကျဆင်းသွား မှာကို စိုးရိမ်နေရတာက ပျော်စရာ လိင်မှုဘဝတခု ရရှိရေးကို အခက်တွေ့စေတတ်ပါတယ်။
အခြား ကျန်းမာရေး အခြေအနေများ။ ဆီးချို၊ နှလုံးနဲ့ လေဖြတ်တာ အစရှိတဲ့ရောဂါတွေ ဖြစ်နိုင်ချေက အသက်အရွယ် ရလာတာနဲ့အမျှ ပိုတိုးလာပါတယ်။ ဒီလို ရောဂါတွေ ရှိလာတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ပျော်ရွှင်ကျေနပ်စရာ လိင်မှု ဘဝကိုရဖို့ အခက်အခဲရှိလာတတ်ပါတယ်။
ဆေးဝါးများ။ တချို့ဆေးဝါးတွေ ဥပမာ သွေးတိုးရင်သောက်တဲ့ သွေးကျဆေးတွေ၊ ဓာတ်မတည့်တဲ့ ရောဂါကိုကုသတဲ့ ဆေးတွေကြောင့် အမျိုးသားတွေမှာ လိင်အင်္ဂါတင်းမာနိုင်မှု မရှိတဲ့ ပြဿနာဖြစ်နိုင်သလို အမျိုးသမီးတွေရဲ့ လိင်စိတ် ဆန္ဒကို လျော့နည်းစေပါတယ်။
စိတ်ခံစားမှု ပြဿနာများ။ အသက် အရွယ်ကြောင့် ကိုယ်ခန္ဓာက ပြောင်းလဲလာပါတယ်။ ရုပ်ရည် အသွင် အပြင်လည်း ပြောင်းလဲလာပါတယ်။ ကိုယ့် ရုပ်သွင် ကျဆင်းလာတာကို စိတ်ပျက်ခြင်းကလည်း လိင်ကိစ္စမှာ ကျေနပ်နှစ်သိမ့်မှုရဖို့ အခက်အခဲ ဖြစ်စေပါတယ်။ ကျန်းမာရေးကို စိုးရိမ်တာနဲ့ လူမှုဆက်ဆံရေး ပြဿနာတွေ၊ မိသားစု အရေး၊ လုပ်ငန်းကိစ္စ တွေကလည်း စိတ်ခံစားမှု အပေါ်သက်ရောက် နိုင်တာတွေ ဖြစ်ပါတယ်။
တကယ်လို့ အထက်ဖော်ပြပါ အခြေအနေတွေကို ကြုံတွေ့နေရပြီးတော့ ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝ ပြန်လည်ရရှိ နိုင် မယ့် နည်းလမ်းတွေကို ရှာဖွေချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အကြံပေးချက်တွေကို လိုက်နာကြည့်သင့်ပါတယ်။
ဖန်တီးမှုရှိပါစေ။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ချဉ်းကပ်ပုံ ပြောင်းလဲပြီး ကြိုးစားကြည့်ခြင်းက ဆက်ဆံရေး ပြန်ပြီး စိုစိုပြည်ပြည် ဖြစ်လာဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တခုပါပဲ။ AARP က ကောက်ယူခဲ့တဲ့ လိင်မှုဆိုင်ရာ စစ်တမ်းကို ဖြေဆိုပေး ခဲ့တဲ့ သူတွေရဲ့ ၂၉ ရာခိုင်နှုန်းကသာ ဒီလိုလုပ်ကြည့်ကြောင်း ဖြေကြားခဲ့ကြပါတယ်။ ဥပမာ ကိုယ်စမ်းသပ်ကြည့်ချင်တဲ့ ပုံစံ အနေအထား သစ်မျိုး ရှိမယ်ဆိုရင် ဒီအချိန်မှာ ကြိုးစားကြည့်သင့်ပါတယ်။
ရှာဖွေ စူးစမ်းကြည့်ပါ။ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ပုံမှန် အလေ့အထတွေကို ပြောင်းလဲကြည့်ခြင်းကလည်း စိတ်လှုပ်ရှားစရာ တွေ ပြန်ရနိုင်ပါတယ်။ တကယ်လို့ များသောအားဖြင့် ညပိုင်းမှာ လိင်ဆက်ဆံလေ့ ရှိတယ်ဆိုရင် မနက်ခင်းကို ပြောင်းပြီး ကြိုးစားကြည့်သင့်ပါတယ်။ တကယ်လို့ အိပ်ခန်းထဲမှာပဲ လိင်ကိစ္စကို ဆောင်ရွက်လေ့ ရှိတယ်ဆိုရင် တခြားတနေရာကို ပြောင်းပြီး ကြိုးစားကြည့်ပါ။
ကြည်နူးစရာကိစ္စတွေကို ပြန်ပြောပါ။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးဖို့က တချို့တွေအတွက် ခက်ခဲမှု ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် အိပ်ခန်းထဲမှာ စိတ်ကျေနပ်မှုမရတာ သက်သက်ကိုပဲ အာရုံစိုက်နေမယ့် အစား အရင်က ရခဲ့တဲ့ သာယာကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့ ကြိုးစားကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း အရင်က ကိုယ်နဲ့ လိင်ဆက်ဆံရာမှာ ရခဲ့ဖူးတဲ့ ကျေနပ် နှစ်သိမ့်စရာတွေ ရှိရင်ပြောပြပေးဖို့ တောင်းဆိုပါ။ ဒီလို ခံစားချက် အကြောင်းတွေကို ပြန်ပြောကြတာကလည်း အကြိုနှိုးဆွမှု(foreplay)နည်းလမ်းကောင်းတခုပါပဲ။
အကြိုနှိုးဆွမှုကို အချိန်ပေးပါ။ ကာလ ရှည်ကြာစွာ လက်တွဲခဲ့ကြသူတွေက အဲဒီ အဆင့်ကို ကျော်ပစ်လိုက်တတ်ကြပါ တယ်။ ဒါပေမယ့် လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွဖို့ အခက်အခဲ ကြံုနေရသူတွေ အနေနဲ့တော့ အကြိုနှိုးဆွမှု(foreplay) ကို အချိန်ပိုပေးခြင်းက စိတ်ကျေနပ်မှု ပိုပြီးရဖို့ အထောက် အကူဖြစ်စေပါတယ်။
တကယ်လို့ အထက်ပါနည်းလမ်းတွေနဲ့ ကြိုးစားကြည့်ခဲ့ပေမယ့် မပြေလည်ဘဲ ကိုယ့်ရဲ့ လိင်မှုဘဝမှာ ပျော်ရွှင်ကျေနပ်မှုရဖို့ ခက်ခဲနေဆဲ ပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။ တခါတလေကျရင် သာမန် ရိုးရိုးရှင်းရှင်း ကုသမှု လေးတွေ နဲ့ တောင်မှ ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပြန်ရနိုင်ပါတယ်။
Source: everydayhealth.com