၆၆ ကြိမ်မြောက် Miss Universe 2017 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် ဇွန်သံစဉ်က Talent Show ၌ မြန်မာ့စောင်းတူရိယာကို တီးခတ်ပြသသွားမယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ပြိုင်ပွဲမှာ Talent ပိုင်း ပါခဲ့ရင် ညီမက စောင်းတူရိယာကို တီးပြသွားမှာပါ။ စောင်းနဲ့ပတ်သက်ပြီးတော့ ယဉ်ကျေးမှုတက္ကသိုလ်မှာ စောင်းတူရိယာပညာကို ဒီပလိုမာသွားတက်တာ ပြိုင်ပွဲနဲ့တိုက်နေတဲ့အတွက် စာမေးပွဲ မဖြေလိုက်ရဘူး။ သင်ထားလက်စတော့ရှိပေမယ့် ကျောင်းမှာဆရာနဲ့ ပြန်သင်ရမယ်” လို့ ဇွန်သံစဉ်က ပြောပါတယ်။
မကြာခင်မှာ ကျင်ပတော့မယ့် မယ်စကြာဝဠာပြိုင်ပွဲ (Miss Universe 2017) ယှဉ်ပြိုင်ရမယ့် နေ့ရက်နဲ့ နိုင်ငံကိုတော့ အတိအကျမသိရသေးဘူးလို့လည်း သိရပါတယ်။
ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများနဲ့ ပတ်သက်ပြီး ဇွန်သံစဉ်က “ပြိုင်ပွဲအတွက် ခန္ဓာကိုယ်ကို သေချာ လေ့ကျင်နေပါတယ်။ လမ်းလျှောက်ကျင့်တာတွေ အရင်နှစ်က ပြိုင်ခဲ့တဲ့ပွဲတွေကို ကြည့်ပြီးလေ့လာနေပါတယ်။ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာနေပါတယ်။ ပြိုင်ပွဲမှာ အဓိက အကောင်းဆုံး ဖြစ်အောင်ကြိုးစားတယ်။ အကောင်းဆုံးမျှော်လင့်ချက်လည်း ထားထားပါတယ်။ ရလဒ်လည်းကောင်းမယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် ပြိုင်ပွဲရဲ့ကံတရားကလည်း ရှိသေးတော့ အကောင်းဆုံးကြိုးစားပြီး ရလဒ်ကောင်းကို မျှော်လင့်ပါတယ်။ ပြိုင်ပွဲက ရက်သေချာ မထွက်သေးဘူး။ ဘယ်နိုင်ငံမှာပြိုင်ရမလဲဆိုတာလည်း အတိအကျ မသိရသေးပါဘူး” လို့ ဆိုပါတယ်။
Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်အနေနဲ့ ၂ဝ၁၇ ခုနှစ်အတွက်ပြုလုပ်သော Miss Universe Myanmar ပြိုင်ပွဲဟာ ဒုတိယအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် Miss Universe Myanmar ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကာ နောက်ဆုံးဆန်ခါတင် ၅ ဦး အထိ ဝင်ရောက်ခဲ့ဖူးပါတယ်။
ယခု၂ဝ၁၇ ခုနှစ်မှာတော့ အလှမယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြည်တွင်းပြည်ပအလှမယ်ပြိုင်ပွဲများတွင်လည်း ဆုပေါင်း ၁၃ ဆု ရရှိထားသူလည်းဖြစ်ပါတယ်။
ဇွန်သံစဉ်အနေနဲ့ အခြားအနုပညာလှုပ်ရှားမှုတွေကတော့ မန္တလေးမြို့ကို အခြေခံရိုက်ကူးထားတဲ့ “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး စင်ကာပူနိုင်ငံ အခြေစိုက် Kembangan-UHC Hospital ရဲ့သံတမန်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။