၂၀၁၁ ခုနှစ်က စတင်ခဲ့ရာမှာ ယခုဆိုလျှင် ၇ နှစ်ပြည့်ပြီဖြစ်တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ဝဇီရာရုပ်ရှင်ရုံမှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီနှစ်ကတော့ အရှေ့တောင်အာရှက ရုပ်ရှင်ကားတွေကို အထူးပြုပြသထားတယ်။ ဇာတ်ကား ၂၃ ကား ရွေးချယ် ပြသထားတယ်။ မြန်မာနိုင်ငံက လူငယ်ဒါရိုက်တာတွေက အရှေ့တောင်အာရှက လူငယ်ဒါရိုက်တာတွေ ဘာတွေလုပ်နေလဲဆိုတာ လေ့လာလို့ရမယ်။ ဖလှယ်လို့ရမယ်။ ဒါရိုက်တာအချို့လည်း လာကြမှာပါ။ ဒီပွဲကို လာတက်မှာပါ” လို့ ဝဿန်ရုပ်ရှင်ပွဲတော် စီစဉ်သူတဦးဖြစ်တဲ့ ကိုသိဒ္ဓိက ပြောပါတယ်။
ဝသန်ရုပ်ရှင်ပွဲတော်အတွင်း ပြိုင်ပွဲဝင် ရုပ်ရှင်ကား ၉ ကား အရှေ့တောင်အာရှမှ ရုပ်ရှင်ကား ၂၃ ကား နိုင်ငံတကာ မှတ်တမ်းရုပ်ရှင်ကား ၅ ကားနှင့် အခြားဇာတ်လမ်းတိုရုပ်ရှင်ကားများလည်း ပြသသွားမှာဖြစ်ပြီး ရုပ်ရှင် ကားပေါင်း ၇၈ ကားကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲဝင်မယ့် ဇာတ်ကားများကို အကဲဖြတ်ပေးမယ့်သူများကတော့ ဂျာမဏီ၊ ဂျပန်နဲ့ မြန်မာနိုင်ငံတို့မှ ဒိုင်တဦးချင်းစီက အကဲဖြတ်အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဝဿန်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲတွင် သတင်းစာဖိုး ၊ ငါးရာကျပ်၊ မမြင်ရသော နှောင်ကြိုး စတဲ့ ဇာတ်လမ်းတို ၃ ကားကို ပြသခဲ့ပါတယ်။
ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲအစီအစဉ်ကို စက်တင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံတွင် ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီမှမှ စတင်ကာ ဇာတ်ကားများကို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။