သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုဖြင့် ပုဇွန်တောင်မြို့နယ်တရားရုံးက ထောက်ဒဏ် ၅နှစ်အမိန့်ချခဲ့တဲ့ ပြစ်မှုအတွက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် အယူခံဝင်ထားခြင်းကို ယနေ့ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ပယ်ချကြောင်းအမိန့်ချမှတ်ခဲ့ပါတယ်။
အဆိုပါ ပယ်ချခံရတဲ့အကြောင်းအရာကတော့ ပုဇွန်ေတောင်မြို့နယ်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅ ၊ ၁၆ (ဂ) ဖြင့် ထောင်ဒဏ် ၅နှစ်တွက် ထောင်ဒဏ်လျော့ချခြင်း ၊ မလျော့ချခြင်းအတွက် အယူခံတင်ထားခြင်းကို ပယ်ချလိုက်ခြင်းဖြစ်ပါတယ်။
မူလအမိန့်ချမှတ်ခဲ့တဲ့ ပုဇွန်တောင်မြို့နယ်တရားရုံးရဲ့ ချမှတ်ခဲ့တဲ့ အမိန့်မှန်ကန်ပြီး ရဲသက်သေရှာဖွေသက်သေ များထဲမှ မိုးအောင်ရင်ရဲ့လွယ်အိတ်ထဲမှ အိုက် ၁ဂရမ်ကို တွေ့ရှိခဲ့တာကြောင့် တရားရုံးကအမိန့်မှန်ကန်ကြောင်း အတည်ပြုကာ အယူခံကိုပယ်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ပုဇွန်တောင်မြို့နယ်တရားရုံးတို့မှ ထောင်ဒဏ် ၅နှစ်နဲ့ ၁၂နှစ် စုစုပေါင်း ၁၇နှစ်ကျခံစေမှုကို ဒီဇင်ဘာလ ၂၇ရက်နေ့က အယူခံဝင်ထားတာဖြစ်ပါတယ်။
အရှေ့ပိုင်းခရိုင်ရုံးမှ ထောင်ဒဏ် ၁၂နှစ်ချမှတ်ခဲ့တဲ့ အမိန့်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးတိုင်း လွှတ်တော်တရားရုံးမှာ အယူခံတင်ထားခြင်းကိုတော့ မတ်လအတွင်းမှာ အမိန့်ချမှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ နိုဝင်ဘာလ ၂၆ရက်နေ့က ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးတွင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်မိုးအောင်ရင်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် အိုက်စ်မူးယစ်ဆေးဝါး ၁ဂရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်များအရ သိရပြီး မိုးအောင်ရင်ရဲ့နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်ရှိနေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းများအရ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းဖြစ်သူ လူလူသန်းဦး နဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ် တို့နှစ်ဦးကို ဆေးခြောက် ၁၃၃၄ ဒဿမ ၃၃ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ်ဖတ်ရှုရန်သတင်းလင့်ခ်များ – အရှေ့ပိုင်းခရိုင်တရားရုံးမှ သရုပ်ဆောင် မိုးအောင်ရင်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်
မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်