ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Robin Bissell ကိုယ်တိုင် ရေးသား ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Taraji P.Henson နဲ့ မင်းသား Sam Rockwell တို့ ပါဝင်ထားတဲ့ Biography, Drama, History အမျိုးအစား ရုပ်ရှင်ကားဖြစ်တဲ့ “The Best of Enemies” ပဲ ဖြစ်ပါတယ်။
ပြသချိန် ၁၃၃ မိနစ် ကြာမြင့်ပြီး ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Green Book ဇာတ်ကားကို ကြိုက်နှစ်သက်မယ်ဆိုရင် အခုရုပ်ရှင်ကားကိုလည်း ကြိုက်နှစ်သက်ကြမှာပါ။
ဇာတ်လမ်း အကျဉ်းကတော့ ၁၉၇၈ ခုနှစ်၊ Durham မြို့၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နောက်ခံနဲ့ ရုပ်ရှင်ကို အသက်သွင်းထားပြီး Ann Atwater ဟာ Single Mother တယောက် ဖြစ်တဲ့အပြင် အာဖရိကန် – အမေရိကန်တွေတိုင်းရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ တဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်မှာတော့ C.P.Ellis ဆိုသူက အသားအရောင် ခွဲခြား ဆက်ဆံသူ၊ လူမည်းတွေကို နိမ့်ကျတဲ့လူမျိုးလို့ ခံယူထားသူတဦးအဖြစ် ရပ်တည်နေပါတယ်။
မြို့မှာရှိတဲ့ လူမည်းတွေချည်း တက်ရောက်ရတဲ့ ကျောင်းတကျောင်းဟာ ပြင်းထန်တဲ့ မီးလောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်မှာတော့ မြို့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လူမျိုးဖြစ်ဖြစ် အတူတကွ ပညာသင်ယူဖို့ ဆုံးဖြတ်ချက်ကို ချကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ကော်မတီတခု ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်တွေအနေနဲ့ Atwater နဲ့ Ellis တို့ကို ရွေးချယ် ခန့်အပ်လိုက်ပါတော့တယ်။
သူတို့ နှစ်ယောက်ကြားက တဖက်နဲ့ တဖက် လူတန်းစား ရပ်တည်ချက်တွေနဲ့အတူ တယောက်အပေါ် တယောက်မြင်တဲ့ အမြင်တွေ တင်းမာလာမလား၊ အချိန် အကန့်အသတ်ရှိတဲ့ ဆုံးဖြတ်ချက် တခုအတွက် လူမည်း ကလေးတွေရဲ့ ပညာရေးဟာ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်မှုအပေါ် မူတည်နေတာကြောင့် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ ရှိခဲ့တဲ့ လူဖြူလူမည်း ခွဲခြားဆက်ဆံမှုတွေ၊ လူတန်းစား တိုက်ပွဲတွေဟာ ဒီရုပ်ရှင်မှာ တစိတ်တဒေသ ထင်ဟပ်နေတာဖြစ်ပြီး ခွန်အားရှိလှတဲ့ ဒိုင်ယာလော့တွေ၊ အသက်ဝင်လှတဲ့ သရုပ်ဆောင် ပီပြင်မှုတွေနဲ့အတူ IMDB Rating (6.8) အထိ ရရှိထားတဲ့ “The Best of Enemies” ကို ခံစားကြည့်ရှုကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။
Ref. IMDB
You may also like these stories:
ရှားလော့ဟုမ်းအဖြစ် မြင်တွေ့ရမယ့် မင်းသား Henry Cavill
ပြည့်တန်ဆာ ဝန်ဆောင်မှုကိစ္စနဲ့ ပတ်သက်ပြီး အဆိုတော် Psy စစ်ဆေးမေးမြန်းမှု ခံခဲ့ရ
ဟောလိဝုဒ်နဲ့ ခေတ္တခဏသာ အကြောင်းပါခဲ့ကြတဲ့ သရုပ်ဆောင်များ
ဆောင်းဟေဂိုနဲ့ ကွာရှင်းခွင့်ကို မင်းသား ဆောင်းဂျွန်ကီ လျှောက်ထား