Subaruဆိုတာ စွမ်းဆောင်ရည် ဦးစားပေး Sport ဆန်ဆန် ဆီဒင်တွေကို ထုတ်လုပ်လေ့ရှိတဲ့ ဂျပန် ကုမ္ဗဏီတခု ပါ။ ဒါပေမယ့် အဲဒီလို မော်ဒယ်တွေ သီးသန့် ထုတ်လုပ်နေရုံနဲ့ ဈေးကွက်ရဲ့ နေရာအများစုကို ထိန်းထား နိုင်ဖို့တော့ မလွယ်ပါဘူး။ အကြောင်းကတော့ တခြား ကုမ္ဗဏီတွေ အနေနဲ့လည်း သူတို့ရဲ့ မော်ဒယ်တွေကို တတ်နိုင်သလောက် စွမ်းဆောင်ရည်မြင့်မားအောင် ဖန်တီးလာကြလို့ပါ။
ဒီတော့ အခု Subaruလည်း Legacyမှာ နဂိုပုံစံ စွမ်းဆောင်ရည်ကောင်းကိုလည်း မပျောက်၊ ဒီဇိုင်းလည်း ဆန်း၊ ဈေးနှုန်းလည်း သင့်ပြီး ဇိမ်ခံ အနေနဲ့ပါ သုံးနိုင်အောင် ဖန်တီးလာတာ တွေ့ရတာကြောင့် မြင်နေကျ မဟုတ်တဲ့ မော်ဒယ် တစ်ခုရဲ့ ဆွဲဆောင်မှုက တော်တော်လေး ကောင်းနေတာပါနော်။ အားသာချက်အနေနဲ့ လေးဘီး ယက် စနစ်နဲ့ ရနိုင်တယ်၊ အမြန်နှုန်းမြှင့်တင်နိုင်မှုရော လမ်းကြမ်းပိုင်းမှာပါ စိတ်ကြိုက် မောင်းနှင်နိုင်မယ်၊ ရုပ်ထွက်ပိုင်းမှာ ဆွဲဆောင်မှု ကောင်းတယ်၊ အသက်ကယ် စနစ်နဲ့ လုံခြုံစိတ်ချရမှု အပိုင်းမှာ အားကောင်းတယ်၊ ကိုယ်ထည်ပိုင်း တည်ဆောက်မှု ကောင်းမွန်ပြီး အပျက်စီးပိုင်းဆိုင်ရာ တိုက်ခိုက် စစ်ဆေးမှုတွေ အရ Legacyက တန်းတူ မော်ဒယ်တွေထဲမှာ ရမှတ် အကောင်းဆုံး တန်းဝင် အနေနဲ့ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။
အားနည်းချက် အနေနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှုက မော်ဒယ်ခွဲ အပေါ် မူတည်ပြီး မတူညီတာတွေ တွေ့ရပါတယ်။ လေးဘီးယက် စနစ်နဲ့ မော်ဒယ်ခွဲတွေ ဆိုရင် စွမ်းဆောင်ရည် ကောင်းပေမယ့် တခြား နောက်ဘီးယက်နဲ့ ရှေ့ဘီး ယက် မော်ဒယ်တွေဆိုရင် ရုန်းအား ကောင်းပေမယ့် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အားနည်းချင်တာ တွေ့ရ ပြန်ပါတယ်။ ပြီးတော့ Limited အနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ်ခွဲကလွဲလို့ ကျန်တဲ့ မော်ဒယ်တွေရဲ့ လိုက်ပါ စီးနင်းရမှု အပိုင်းက သက်တောင့်သက်သာ ရှိမှု အားနည်းချင်တာပဲ ဖြစ်ပါတယ်။ အလတ်တန်းစား ဆီဒင် ဖြစ်ပြီးတော့ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ကာ ကိုယ်ထည် အလျားက ၁၅ပေနဲ့ ၈ ဒသမ ၈လက်မ၊ မျက်နှာစာ အကျယ် ၆ပေနဲ့ ၀ ဒသမ ၄လက်မ ရှိမှာ ဖြစ်ကာ အမြင့်ကတော့ Sportဆန်အောင် ၄ပေနဲ့ ၁၁လက်မထိအောင် နှိမ့်ထားတာပါ။ အတွင်းခန်းက ရှေ့ဖက်ခန်းက ၅၈ ဒသမ ၁လက်မနဲ့ နောက်ဖက်ခန်းက ၅၇ ဒသမ ၃လက်မ ရှိမှာ ဖြစ်ပါတယ်။
အင်ဂျင်ပိုင်း ၂ ဒသမ ၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်နဲ့လည်း ရနိုင်သလို ၃ ဒသမ ၆လီတာသုံး ခြောက်လုံးထိုး အင်ဂျင် အနေနဲ့လည်း ရနိုင်ပါတယ်။ ၂ ဒသမ ၅လီတာသုံး အင်ဂျင်ကတော့ Base မော်ဒယ် အနေနဲ့ ထုတ်လုပ်ထားတာကြောင့် အားနည်းချက် များပါတယ်။ အဆိုပါ အင်ဂျင်က ရုန်းအား ၂၄၇ပေါင်-ပေ ရှိမှာ ဖြစ်ပြီး စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၅၆ကောင်အား ရှိမှာ ဖြစ်ကာ မော်ဒယ်ရဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်း အတွက် အချိန် ၈ ဒသမ ၆စက္ကန့်လောက်ပဲ ယူမှာပါ။
ဂီယာပိုင်းက CVTတစ်မျိုးတည်းပဲ ရနိုင်ပြီး ဆီစားနှုန်းက ၂ ဒသမ ၅လီတာသုံး အင်ဂျင်နဲ့ ဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ မိုင် ၃၀ကျော်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပေမယ့် ၃ ဒသမ ၆ လီတာသုံး အင်ဂျင်နဲ့ ဆိုရင်တော့ ပျမ်းမျှ ၂၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Legacyနဲ့ ပတ်သတ်ပြီး စိတ်ကြိုက် ဖြစ်စရာ အချက်က ကိုယ်ထည်ပိုင်း မာကျော ကောင်းမွန်မှုလား၊ မော်ဒယ်ရဲ့ လက်ကိုင်ပိုင်း တည်ငြိမ် စိတ်ချ ရမှုလား၊ ဈေးနှုန်း ချိုသာမှုလား။
သေချာတာကတော့ ဆီစားနှုန်းနဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေက စိတ်ကြိုက် အနေအထား မဟုတ် ပါဘူး။ ဒါပေမယ့် ကိုယ်ထည်ပိုင်း ကောင်းမွန်မှုက ပြိုင်ဖက် မော်ဒယ်တွေထက် အပြတ်အသတ်ကိုပါ အားကောင်းနေတာပါ။ ဒီလိုပဲ လက်ကိုင်ပိုင်း တည်ငြိမ်မှုကလည်း ထိပ်တန်းအဆင့် ဖြစ်နေပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ဈေးနှုန်း အပိုင်းပါ။ ပြိုင်ဖက်မော်ဒယ်တွေထက် နှစ်စီး တစ်စီးဖိုးလောက်ထိအောင် ဈေးကွာ တယ်လို့ မဆိုနိုင်ပေမယ့် သိသာလောက်တဲ့ ပမာဏကိုပဲ ဈေးနှုန်း ချိုသာတာ တွေ့နိုင်ပါတယ်။