ပြီးခဲ့တဲ့ရက်က ကျနော် ကားမောင်းရင်း ခြေတွေ၊ လက်တွေ နာကျင်မှု ခံစားရသူတွေအတွက် ကိုယ်လက်တွေ မနာအောင် ဘယ်လိုမောင်းသင့်တယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပြောခဲ့တာက လေ့ကျင့်ခန်းတွေလုပ်ဖို့ အပါ အဝင် ကိုယ်ခန္ဓာပိုင်းကနေ မနာကျင်အောင် ပြင်ဆင်မောင်းနှင်ဖို့ နည်းလမ်းတွေပါ။
အခုတော့ ကားပိုင်းကနေ ပြင်ဆင်မှုတွေ လုပ်ပြီး မနာကျင်အောင် မောင်းနှင်ဖို့အတွက် ပြောပါမယ်။
(၁) ယာဉ်မောင်းထိုင်ခုံနဲ့ လက်ကိုင်ဘီးကို နေရာကျပါစေ
ဒီနေ့ခေတ် မော်ဒယ်နိမ့်ကားတွေ နည်းသွားချိန်မှာ အများစုသော ကားတွေမှာ ထိုင်ခုံကိုရော လက်ကိုင်ဘီးကိုပါ ချိန်ညှိနိုင် မှုစနစ် ပါလာပါတယ်။ Auto နဲ့လည်း ဖြစ်နိုင်သလို Manualပုံစံနဲ့လည်း ချိန်ညှိရတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခရီးဝေးမောင်းတော့မယ်ဆိုရင် ပိုပြီး ဂရုပြုရမှာကတော့ ယာဉ်မောင်းရဲ့ထိုင်ခုံနဲ့ လက်ကိုင်ဘီး နေသားတကျ အကောင်းဆုံး ပုံစံ ရှိနေဖို့ ဖြစ်ပါတယ်။
မှတ်သားထားရမယ့် အချက်ကတော့ ယာဉ်မောင်းဟာ လက်ကိုင်ဘီးကနေ ၁၀လက်မကနေ ၁၂လက်မ (၂၅စင်တီမီတာ ကနေ ၃၀စင်တီမီတာ) အတွင်း ရှိနေအောင် ထိုင်ခုံကို ချိန်ညှိ စီးနင်းပါ။ ဒါက လက်ကိုင်နဲ့ ထိုင်ခုံ(ယာဉ်မောင်း) အကြား ပမာဏ ဖြစ်ပြီးတော့ ထိုင်ခုံရဲ့နောက်မှီစောင်းနှုန်းကတော့ ၁၀၀ ဒီဂရီကနေ ၁၁၀ ဒီဂရီအကြားထားရှိ မောင်းနှင်တာ အကောင်းဆုံး ပါ။
စိတ်မှန်းနဲ့ ထိုင်ခုံရဲ့စောင်းနှုန်းကို ချိန်မယ်ဆိုရင် ၉၀ ဒီဂရီဟာ အမတ်ဆုံးအနေအထားမှာ ရှိနေရမှာဖြစ်ပြီး အဆိုပါထောင့် မတ်အနေအထားကနေ ၁၀ ဒီဂရီကနေ ၂၀ ဒီဂရီအတွင်း စောင်းပြီး စီးနင်းသင့်တာပါ။
(၂) အသက်ကယ် ခါးပတ်မှာ ခါးပတ်စွပ် ထည့်ပြီး အသုံးပြုပါ
အသက်ကယ်ခါးပတ်ဟာ မော်တော်ယာဉ်မောင်းနှင်စီးနင်းမှုအတွက် အရေးပါဆုံးအချက်တွေထဲက တခုပါ။ တချို့မော်ဒယ် တွေမှာ ယာဉ်ပေါ်ပါ ခရီးသည်အနေနဲ့ အသက်ကယ်ခါးပတ်မပတ်ရင် စက်နှိုးလို့ မရတာမျိုး တွေ့ဖူးပါတယ်။ ပြည်တွင်းမှာ သုံးနေတဲ့မော်ဒယ်တွေကတော့ အသက်ကယ်ခါးပတ် မပတ်ထားရင် အသံပြုအချက်ပြမယ့် စနစ်လောက်ပဲပါရှိပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် မော်တော်ယာဉ်မှာ ပါရှိတဲ့ အသက်ကယ်ခါးပတ်ဟာ မတော်တဆဖြစ်ရပ်နဲ့ နောက်ဆက်တွဲ အသက်ဆုံးရှုံး နိုင်မှုကို ကာကွယ်ပေးဖို့ပါ။ ခိုင်ခံ့အောင် ဦးစားပေး ဖန်တီးထားတာပါ။ သက်တောင့်သက်သာ ရှိဖို့ မဟုတ်ပါဘူး။
အချိန်ကြာမောင်းနှင်မှုမှာ ခါးပတ်ပတ်ထားချိန်ကြာလာရင် အဆိုပါ ခါးပတ်ပတ်ထားတဲ့နေရာတွေက နာကျင်မှု ဖြစ်လာ စေတတ်ပါတယ်။
ဒီအတွက် အကောင်းဆုံးကာကွယ်မှုကတော့ အသက်ကယ်ခါးပတ်စွပ် ထည့်သွင်းစီးနင်းပါ။ သားရေသားနဲ့ အများဆုံး လာ ပြီး အတွင်းပိုင်းမှာ ရေမြှပ်သားထည့်ထားလို့ ခန္ဓာကိုယ်ကို နာကျင်မှု လျော့နည်းစေပါလိမ့်မယ်။
(၃) Power Steering ဆီ အမြဲရှိနေပါစေ
Power Steeringဆီ နည်းပါးနေပါက သင့်ရဲ့ကားမှာ အဆိုပါအကူစနစ် ပါရှိသည့်တိုင်အောင် လက်ကိုင်က လေးနေပါလိမ့် မယ်။ မောင်းနှင်မှုအတွက် ပိုမို အားစိုက်နေရပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ သင်လည်း ခြေတွေ၊ လက်တွေ နာကျင်မှု ခံစားရလာနိုင်ပါတယ်။
Power Steering ဆီဟာ မရှိတော့တဲ့ အနေအထားမှာတင် မဟုတ်ဘဲ သတ်မှတ်အနည်းဆုံး Level ထက် နိမ့်သွားရင်ကိုပဲ ပုံမှန် အလုပ်မလုပ်ချင်တော့ပါဘူး။ အဆိုပါ ဆီကို ခရီးဝေး မသွားခင်တိုင်း ဖြစ်စေ၊ ၃လကို တကြိမ်ဖြစ်စေ အမြဲ စစ်ဆေးပါ၊ လိုအပ်ရင် ထပ်ဖြည့်ပေးပါ။
(၄) Auto ဂီယာစနစ် ကားတွေကို သုံးပါ
ခရီးဝေးသွားလာဖို့အတွက် အကောင်းဆုံးဂီယာစနစ်ပါပဲ။ Manualလို ဂီယာချက် တချက်ပြောင်းဖို့ တကြိမ် လှုပ်ရှားရတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။
လှုပ်ရှားမှု နည်းသွားပြီး ကားပေါ်ထိုင်လျက် မောင်းနှင်နေရင်း သွေးလည်ပတ်မှု အနည်းငယ်နှေးသွားခြင်းကြောင့် ခံစားရတဲ့ ခန္ဓာကိုယ်နာကျင်မှု ပြဿနာကို အကောင်းဆုံး လျော့နည်း လာစေနိုင်ပါတယ်။
တကယ်လို့ မိမိမှာ Manual ဂီယာနဲ့ ကားပဲ ရှိတယ်ဆိုရင်တောင်မှ ခရီးဝေးသွားဖို့အတွက်ကတော့ Auto ဂီယာစနစ်ကို ဦးစားပေး စဉ်းစားပြင်ဆင်ရွေးချယ်ပြီးမှ အဆိုပါ Auto ကားနဲ့ သွားဖို့ သင့်ပါတယ်။
Ref: www.wikihow.com