သင်္ကြန် အကြို ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲကို မလေးရှားမှာ သွားနွှဲဖို့ အမျိုးသမီး တေးသံရှင်တချို့ ပြင်ဆင်နေပါတယ်။ မေခလာ၊ ရတနာဦး၊ ချောစုခင်၊ မို့မို့ဇော်ဝင်း၊ မို့မို့လွင်၊ ခင်စုစုနိုင်၊ ဗန်သော့ဒ်ကျင်း တို့က ကီးဘုတ် player ဇေယျာမင်းနဲ့ အတူတူ မလေးရှားနိုင်ငံက မြန်မာတွေကို ဧပြီ ၁၂ မှာ ဖျော်ဖြေကြမှာဖြစ်ပါတယ်။
တေးသံရှင်ချောစုခင်က “သင်္ကြန်ပျော်ပွဲရွှင်ပွဲ အနေနဲ့မြန်မာတွေကို သီးသန့်ဖျော်ဖြေရမယ်။ ၁၁ရက်နေ့ထွက်မယ်၊ ၁၂ ရက်နေ့ဆိုမယ်၊ ၁၃ ရက်နေ့ အစောကြီး မနက် ရန်ကုန်ပြန်ရောက်ရင် သင်္ကြန်ပွဲဆိုဖို့ညနေ ပဲခူးဆက်သွားကြမယ်’’ လို့ပြောတယ်။ ချောစုခင်က မလေးရှားကို အရင်က ၃ ခါ သွားရောက်ဖျော်ဖြေခဲ့ဘူးတယ်လို့ သိရပြီး ခရီးသွား ရတာ ပျော်တယ်လို့ ပြောတယ်။
“ပြည်ပ ဖျော်ဖြေရေးတွေက တော်တော်များနေပြီ။ ခရီးသွားရတာ ပျော်တယ်။ မိသားစုနဲ့ ခွဲရတာတော့ မကြိုက်ဘူး။ ခရစ္စမတ်မှာ အမေရိကားကို သွားဖူးတယ်။ အဲ့ဒါမျိုးကိုတော့ စိတ်ညစ်တယ်။ ကိုယ့်မိသားစုနဲ့ သွားနေရရင်တော့ ပိုပျော်တယ်။ ဒါပေမယ့် အမက ခရီးသွားနေရရင် ကြိုက်တယ်။ အမတို့ လူရယ်လို့ ဖြစ်လာပြီး အခုလိုနိုင်ငံပေါင်းစုံ သွားခွင့်ရဖို့ သာမာန် လူတယောက်အတွက် ခက်ခဲတဲ့ အရာတခုလေ။ အမတို့ကျတော့ ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်တွေက ခေါ်တယ်။ အမတို့ကလည်း ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကို ဆိုပြရတဲ့အတွက် ဒီလို ခရီးသွားရတာကို ကျေနပ်တယ်။ စိတ်ရော အမြင်ရော အသစ် အသစ်တွေဖြစ်တဲ့အတွက် အမတော့ ခရီးသွားရတာကြိုက်တယ်” လို့ချောစုခင်က ပြောတယ်။
ဖျော်ဖြေပွဲမှာ တကိုယ်တော် တီးခတ်ပေးမယ့် ဇေယျာမင်းက ဒီပွဲနဲ့ဆို ပြည်ပဖျော်ဖြေရေးက ၈ ပွဲမြောက်လို့သိရပါတယ်။ “ဒီပွဲက တခြားဖျော်ဖြေပွဲတွေနဲ့ မတူဘူး၊ သင်္ကြန်အတွက် လုပ်ပေးတဲ့ပွဲဆိုတော့ ပိုပျော်ပါတယ်” လို့ ဇေယျာမင်းက ပြောတယ်။
တေးသံရှင် ရတနာဦးကတော့ ဘုရားကျမ်းစာ ကိစ္စတွေနဲ့ ဥရောပနိုင်ငံ တွေကို သာသနာပြု သွားလာနေရတာမို့ ရန်ကုန်မှာ တွေ့ဆုံရခဲပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းကတော့ ရတနာဦး၊မီမီဝင်းဖေနဲ့ မေဆွိတို့ ၃ ဦးရဲ့ အတွဲခွေတခွေဖြန့် လိုက်ပါသေးတယ်။ ၁၉၉၀ အကျော် ကြော်ငြာခေတ်ဦးပိုင်းမှာ နောက်ခံသီချင်းတွေတိုင်းလိုလိုကို ရတနာဦးကပဲ သီဆိုပေး ခဲ့ရတာ သတိရပါတယ်။ လက်ရှိ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကို စီးရီး စီစဉ်ဖို့ ကြိုးစားနေပြီး ဓမ္မတေး သီချင်းခွေလည်း စီစဉ်နေတယ်လို့သိရပါတယ်။
ဒီပွဲကို မေခလာက ကမ်းလှမ်းခဲ့တာဖြစ်ပြီး သင်္ကြန်သီချင်းတွေ အများဆုံး ဆိုမယ်လို့ပြောပါတယ်။ “အမက မငယ်နဲ့ပထမဆုံး ပြည်ပကို အတူသွားဖူးတာပါ။ အမက အနောက်နိုင်ငံတွေ သွားသလို ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် တကယ် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေလည်း သွားချင်သေးတယ်။ နိုင်ငံတိုင်းမှာ သူ့အဆင့်အတန်းနဲ့သူတော့ ရှိကြပါတယ်” လို့ ရတနာဦးကပြောတယ်။
အဆိုတော်တွေ မှိုလိုပေါလာတဲ့ ဒီဘက်ခေတ်မှာ ပြည်ပကိုသွားပြီး ဖျော်ဖြေခွင့်ရတာဟာလည်း ဂုဏ်ယူစရာတစ်ခုပါ။ ဝါရင့်အနုပညာရှင်တွေအတွက်တော့ မထူးဆန်းတော့ပေမယ့် တက်သစ်စ တေးသံရှင်တွေဖြစ်တဲ့ ခင်စုစုနိုင်၊ မို့မို့လွင်နဲ့ ဗန်သော့ဒ်ကျင်းတို့အတွက်ကတော့ သွားခွင့်ရတာ ကံကောင်းတာပေါ့လို့ အနုပညာ အသိုင်းအဝိုင်းက သုံးသပ်နေကြတယ်။
မြန်မာ တေးသံရှင်တွေ ပြည်ပဖျော်ဖြေပွဲတွေ သွားကြတယ်ဆိုတာ ပြည်ပမှာရှိတဲ့ မြန်မာတွေကို သီးသန့် သွားဖျော်ဖြေ ပေးကြတာပါ။ ပြည်ပကမြန်မာတွေကပဲ ပွဲကိုစီစဉ်ပေးပြီး
လက်မှတ်ရောင်းကြတယ်။ ပြည်ပရောက်နေတဲ့ တိုင်းရင်းသားတွေက ကိုယ့်ရိုးရာပွဲတွေကိုလည်း ပြည်ပမှာပဲ စုပေါင်းပြီး ကျင်းပကြတယ်။ ဥပမာ စင်ကာပူမှာဆို နှစ်တိုင်း ရှမ်းနှစ်သစ်ကူးပွဲကို ရှမ်းတွေစုပြီး ကျင်းပကြတယ်။
အဲလို အနုပညာရှင်တွေကို ဖိတ်ခေါ်ပြီး ရိုးရာမပျက်စေဖို့ တိုင်းတပါးကနေ အလွမ်းသယ်ကြတဲ့သဘောနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေက
အလွမ်းပြေ နားထောင်ချင်တဲ့ သီချင်းတွေ ဆိုပေးကြရင်း မြန်မာအချင်းချင်းဆုံကြတဲ့ပွဲလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။