ဘယ်တော့မှ မမှိန်ဖျော့မယ့် ဥတ္တရအလင်း
This article has been converted from Zawgyi One to Unicode
စာအုပ်အမည် – ဥတ္တရအလင်း
စာအုပ်အမျိုးအစား – ဘာသာပြန်လုံးခြင်း ဝတ္တု
စာရေးသူ – ဝင်းတင်
ထုတ်ဝေသူ – နေရီရီ စာအုပ်တိုက် (ဒုတိယအကြိမ်)
ထုတ်ဝေသည့် ရက်စွဲ – ၂၀၁၁၊ ဒီဇင်ဘာ
အုပ်ရေ – ၅၀၀
တန်ဖိုး – ၃၀၀၀ ကျပ်
ဥတ္တရအလင်းကို ဒုတိယအကြိမ် ပြန်ဖတ်ချိန်တွင် ကြက်သီးမွေးညင်းများပင် ထမိသည်။ ထိုစာအုပ်ကို ကျမတို့ ဖတ်နိုင်ဖို့ မြန်မာ ဘာသာဖြင့် ပြန်ဆိုပေးခဲ့သူက မနေ့တနေ့ကပင် လောကကမ္ဘာကြီးထဲမှ ထွက်ခွာသွားခဲ့ပြီ။ သို့သော်လည်း သူ၏ စာနယ်ဇင်း ဝိဉာဉ်က စာတွင် ပူးကပ်လျှက် ရှိပါသည်။
ဘဘဦးဝင်းတင် ဘာသာပြန်သော စာအုပ်နှစ်အုပ်ကို ကျမ ဖတ်ဖူးခဲ့ပြီး ထိုစာအုပ်များကြောင့်ပင် စာနယ်ဇင်းသမား တဦး အဖြစ် ရပ်တည်ရသည့် ဘဝကို ကျမ ဂုဏ်ယူခဲ့သည်။ ထိုစာအုပ်များက ကျမကို စာနယ်ဇင်းသမားကောင်း တဦး ထားရှိအပ်သော စိတ်ထား၊ စာနယ်ဇင်းသမား တယောက်အဖြစ် ကိုယ့်ဘဝကိုယ် ကျေနပ်စိတ်များ မွေးမြူတတ်အောင် သင်ပေးခဲ့သည်။
ပထမ စာအုပ်က “ကွိ” (QUEED) ၊ လွန်ခဲ့သော အနှစ် ၂၀ လောက်က ကွိကို ဖတ်ခွင့်ရပြီးနောက် ကျမ စာနယ်ဇင်း သမား တဦး ဖြစ်ချင်ခဲ့သည်၊ ရူးသွပ်ခဲ့ရသည်။ စာနယ်ဇင်းသမား တဦး ဖြစ်ခွင့်ရဖို့ကိုလည်း အပြင်းအထန် ကြိုးစားခဲ့ မိသည်။ ထိုအချိန်က ကွိကို ဘာသာပြန်ပေးခဲ့သော ဘဘဦးဝင်းတင်ကို ကျေးဇူးအထူး တင်ခဲ့မိသည်။ ကျမ ကွိကို စတင် ဖတ်နေချိန်တွင် ဘဘဦးဝင်တင် က နဝတ စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံထားရစဉ် ဖြစ်သည်။
ကွိ အကြောင်းကို စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေး၏ “သူလိုလူ” စာအုပ်ထဲမှ သိရပြီး ဖတ်ချင်မိသောကြောင့် စာအုပ် အဟောင်းဆိုင်များတွင် လိုက်လံ ရှာဖွေခဲ့ရသည်။ စစ်အစိုးရသည် လူကို ချုပ်နှောင်ထားပြီး စာအုပ်များကိုပါ ပိတ်ပင်ထားသောကြောင့် ကွိကို ကျမ စာအုပ် အဟောင်းဆိုင်များတွင် လိုက်လံ ရှာဖွေခဲ့ရသည်။ ရှားရှားပါးပါး ကျမအသိ စာအုပ်အဟောင်းဆိုင် တဆိုင် တွင် ကွိကို ကျမ ရှာတွေ့ခဲ့၏။ ထိုစဉ်က ကျပ် ၅၀၀ တိတိဖြင့် ပထမအကြိမ် ထုတ်ဝေသည့် ကွိကိုကျမ ရခဲ့သည်။ ထိုကွိကြောင့်ပင် အင်ဂျင်နီယာ တဦး အဖြစ်ထက် ထိုအချိန်က ဘဝရပ်တည်ရေး မရေရာလှသော စာနယ်ဇင်းသမား တဦး၏ ဘဝကို ကျေကျေနပ်နပ် ရွေးချယ်ဖြစ် ခဲ့ပါသည်။ ထို့အတွက်လည်း ယနေ့အချိန်အထိ ဘဘဦးဝင်းတင်ကို ကျေးဇူး တင်နေဆဲ။
ဥတ္တရ အလင်း စာအုပ်အညွှန်းကို ရေးစဉ် ကွိ နှင့်ပတ်သက်၍ ဖော်ပြရခြင်းမှာ အကြောင်း ရှိပါသည်။ ဘဘ ဦးဝင်းတင် ဘာသာပြန် ခဲ့သော ထို စာအုပ်နှစ်အုပ်စလုံးက ကျမ၏ စာနယ်ဇင်းသမား ဘဝအတွက် အကျိုးရှိခဲ့၊ ဆက်နွှယ်ခဲ့ကြောင်း ဖော်ပြချင် သောကြောင့် ဖြစ်၏။
ကမ္ဘာကျော် စာရေးဆရာ အေဂျေ ခရိုနင်ကို ဘာသာပြန် စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာထင်လင်း၊ ဆရာ မောင်ထွန်းသူ စသူတို့ မိတ်ဆက်ပေးမှုကြောင့် သိခွင့်၊ နှစ်သက်ခွင့်ရခဲ့သည်။ အေဂျေ ခရိုနင်စာအုပ် ဘာသာပြန်များကို ကျမ အရူးအမူး လိုက်လံ ရှာဖွေ ဖတ်ရှုနေစဉ်က ဥတ္တရ အလင်း (Northern Light) ကို မတွေ့ခဲ့ရ။
ဥတ္တရ အလင်းကို ပထမအကြိမ် ဖြန့်ချိသည့် အချိန်က ၁၉၇၉ ခုနှစ်ဖြစ်သော်လည်း ကျမဖတ်ရချိန်က ပထမအကြိမ်နှင့် နှစ် ၃၀ ကျော် ကွာခြားပြီးမှ ထုတ်ဝေသည့် ဒုတိယ အကြိမ် ဖြန့်ချိသော ၂၀၁၁ ခုနှစ်ကျမှ။ ကွိကို သူလိုလူ (ထိုစာအုပ် သည်လည်း ကျမ စာနယ်ဇင်းသမား ဖြစ်ရန် တွန်းပို့သည့် အားတခုဖြစ်သည်) မှ တဆင့် သိခွင့်ခဲ့ရသော်လည်း ဥတ္တရ အလင်းကို ကျမ မသိခဲ့။ သိအောင် ညွှန်းပေးမည့်သူများ၊ စာအုပ်များနှင့်လည်း မဆုံတွေ့၊ မဖတ်ဖြစ်ခဲ့။ တကယ်တော့ ဥတ္တရ အလင်း ကဲ့သို့သော စာအုပ်က ၁၉၉၅၊ ၉၆ ကာလများ ကတည်းက နှစ်ကြိမ်၊ သုံးကြိမ်မျှ မက ပြန်လည် ရိုက်နှိပ်ပြီး ဖြစ်သင့်သည်။ သို့သော် ထိုကာလများက စာရေးဆရာကော၊ သူ့စာအုပ်များပါ ကန့်သတ်ပိတ်ပင် ချုပ်ချယ် တားဆီး ခံနေရချိန်ဖြစ်၍ ကျမ ဖတ်ခွင့်ရဖို့ အလှမ်းမနီးခဲ့ခြင်းပင်။
ဥတ္တရ အလင်းကို ဖတ်ခွင့်ရစဉ်က ကျမ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်နေစဉ် ဖြစ်သည်။ ပထမအချက် မူရင်း စာရေးဆရာ အေဂျေခရိုနင်၊ ဒုတိယအချက် ဦးဝင်းတင် ဘာသာပြန်သော စာနယ်ဇင်းနောက်ခံ ဝတ္ထု စသည့် အချက် နှစ်ချက်ကြောင့် ကျမ ဥတ္တရ အလင်းကို မှာယူဖတ်ရှု ဖြစ်ခဲ့ခြင်းပင်။
ကွိကို ဖတ်ပြီး စာနယ်ဇင်းသမား တဦး ဖြစ်ချင်ခဲ့သော ကျမသည် ဥတ္တရ အလင်းကို ဖတ်ချိန်တွင် စာနယ်ဇင်းသမား သက်တမ်း ၁၀ နှစ်ကျော်ခဲ့ပြီ။ အချိန်ကာလအားဖြင့် စာနယ်ဇင်းသမား သက်တမ်း ၁၀ နှစ်ကျော်ဟု ဆိုလိုက်သော်လည်း ကျမ၏ စာနယ်ဇင်းသမား အဖြစ် ရင့်ကျက်မှုမှာ ၅ နှစ်ခန့်ပင် မရှိသေးပါ။ ကွိက ကျမကို စာနယ်ဇင်းသမား တဦး၏ ဘဝကို ခံယူဖို့ တွန်းပို့သည် ဆိုလျှင် ဥတ္တရ အလင်း ကတော့ စာနယ်ဇင်းသမားကောင်း တယောက်ဆိုတာ ဘယ်လိုဟု ထပ်ဆင့် သင်ပေးသည်ဟု ဆိုရပေလိမ့်မည်။
ထိုစာအုပ်မှ အဖိုးတန်လှသော အရာတခုမှာ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ အမှာစာဟု ဆိုချင်သည်။ သူ့အမှာတွင်ပင် ဘဘဦးဝင်းတင်၏ စရိုက်လက္ခဏာများနှင့် စာနယ်ဇင်းသမား ဘဝကို မည်မျှ မြတ်နိုးတန်ဖိုးထားကြောင်း ဖော်ပြထား သည်။
“သူဟာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီး ခေါင်းဆောင်ကြီး တယောက် ဖြစ်နေပေမယ့် ကျနော်ကတော့ သူ့ကို အခုထိ နိုင်ငံရေးသမားလို့ မမြင်ဘဲ သတင်းစာဆရာ တယောက်လို့သာ မြင်နေဆဲဖြစ်တယ်။ မူကို အပြုအပြင် မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံအကျဆုံး ကျင့်ဝတ်ဖြစ်တယ်။ သတင်းသမား ဆိုတာ ဖြစ်တာကို ဖြစ်တဲ့ အတိုင်း၊ မြင်တာကို မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရသလို၊ ဖြုတ်တာ ဖျောက်တာလည်း မလုပ်ရဘူး။ သနပ် ခါး လိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင် မကောင်းလို့ ဆိုပြီး ထိန်ချန်တာလည်း မလုပ်ရဘူး။ သတင်းစာ ဆရာ ဗီဇစိတ်နဲ့ နိုင်ငံရေး ဝင်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ မလုပ်ချင်တဲ့ သဘောထား တင်းမာသူလို့ မြင်နေကြ တာ ဖြစ်တယ်။ တကယ်တော့ သူ ကိုယ်တိုင်က နိုင်ငံရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့လည်း သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာ မဟုတ်ဘူး။ မလုပ်ရင် မဖြစ်လို့ အရေးတော်ပုံကြီး အတွင်း ဝင်ရောက်လုပ်ကိုင် ရင်းနဲ့ ဇွတ်အတင်း ပေါ်တာဆွဲသလို အဆွဲခံရလို့ နိုင်ငံရေးသမား ဖြစ်သွားခဲ့ရတာသာ ဖြစ်တယ်”
အထက်ပါ စာစုမှာ ဆရာကြီး လူထုစိန်ဝင်းက ဘဘဦးဝင်းတင်ကို မှတ်ချက်ပေးထားခြင်း ဖြစ်သည်။ ဘဘဦးဝင်းတင်သည် စာနယ်ဇင်းသမား တဦးအဖြစ် ကိုယ်တိုင် အလုပ် လုပ်ခွင့်မရသည့် အချိန်ကာလများတွင် ကွိ ကဲ့သို့သော၊ ဥတ္တရ အလင်း ကဲ့သို့သော စာနယ်ဇင်းသမား အကြောင်း အခြေခံသည့် စာအုပ်များရေးရင်း ရသေ့စိတ်ဖြေ လုပ်နေသည် ဟုလည်း ဆရာကြီး လူထု စိန်ဝင်း က ဆိုသေးသည်။
မူရင်းစာရေးဆရာ၏ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခံ့မှု၊ ဇာတ်ကောင်စရိုက် ပေါ်လွင်မှုတို့ကို ဘဘဦးဝင်းတင်၏ ဘာသာပြန် ကျွမ်းကျင်မှု၊ မြန်မာစကားပြေ အရေးအသား ချောမွေ့မှုတို့နှင့် ပေါင်းစပ်လိုက်သော အခါ ဥတ္တရ အလင်းကို ကျမ လက်မှ မချတမ်း ဖတ်မိ သွားတော့သည်။ ထိုအခါ အဓိက ဇာတ်ကောင် ဟင်နရီပေ့သည် ဦးဝင်းတင်ဖြစ်လိုက်၊ ဦးဝင်းတင်က ဟင်နရီပေ့ ဖြစ်လိုက်နှင့် ကျမ စိတ်ကူးထဲတွင် ပုံဖော်မိသွားသည်။ သူတို့နှစ်ဦးသည် ကျမအတွက်တော့ ကိုယ့်လက်ထဲတွင် ငွေကြေးဥစ္စာ ဓန ဘာဆိုဘာမှ မရှိချိန်၊ ထိုးနှက်တိုက်ခိုက်မှုများ၊ ဖိနှိပ် အနိုင်ကျင့်မှုများ အောက်တွင် ယုံကြည်ချက် အလံကို မလှဲကြတာခြင်း တူညီသည်။ ကိုယ်ယုံကြည်ရာကို ငွေကြေးတန်ဖိုးများစွာဖြင့် မလဲတာ၊ ဂုဏ်သိက္ခာကို ကျော်ကြားမှုနှင့် မလဲကြတာခြင်းလည်း တူညီကြသည်။ အမှန် တရားကို မြတ်နိုးဖက်တွယ်တာ ခြင်းကောပေါ့။
စာနယ်ဇင်းသမား ဘဝကို ဆာဘွဲ့ရ လွှတ်တော်အမတ်တဦး၊ သံအမတ်ကြီး စသည့် ရာထူးရာခံများနှင့် မလဲနိုင်သည့် ဟင်နရီပေ့ သည် ကျမအတွက် ဟီးရိုး ဖြစ်သည်။ တကယ်တော့ ဟင်နရီပေ့သည် နယ်မြို့ကလေး တမြို့မှ မထင်မရှား သတင်းစာတိုက် တတိုက်ကို ထူထောင်သူသာ၊ သို့သော် သူ့သတင်းစာတိုက် ကလေးကို ငွေကြေးတန်ဖိုးများစွာနှင့် လာဝယ်သူ (ထိုသူက အတင်း အဖျင်း သတင်းများဖြင့် စီးပွားရှာနေသော၊ ဂုဏ်သိက္ခာမဲ့သော ငွေကြေးချမ်းသာသူ၊ သတင်းစာသမား အယောင်ဆောင် တဦး) ထံ ထိုးမရောင်းခဲ့။ ငွေကြေးမက်မောသည့် ဇနီးသည်က တိုက်တွန်းသည်ကိုပင် လျစ်လျူရှုခဲ့သည်။ မိသားစု အတွင်းရေးကို ဖော်ထုတ် ရေးသား၊ နာမည်ဖျက်ခံရသည့် အခြေအနေ၊ အာဏာရှိသူ တချို့၏ ဖိအားကြောင့် ဘဏ်တိုက်များမှ ငွေထုတ်ချေးရန် ငြင်းပယ် ခံရသည့် အခြေအနေတွင်ပင် သူက ယုံကြည်ချက်ကို အယိမ်းယိုင် မခံခဲ့။ သူ့သတင်းစာကို အညှီအဟောက်၊ အတင်းအဖျင်း သတင်းစာတိုက်ပိုင်ရှင် လက်ထဲ မရောက်အောင် ရဲရဲရင့်ရင့် ကာကွယ်နိုင်သူ ဖြစ်သည်။
ကွိကို ဖတ်ပြီး စာနယ်ဇင်းသမား တယောက် ဖြစ်ချင်ခဲ့သော ကျမသည် ဥတ္တရ အလင်းကို ဖတ်ပြီး ကျမနေထိုင်ရာ မွေးရပ်ဇာတိ မြို့နယ်ကလေး အတွက် Community သတင်းစာကလေး တစောင် ထွက်ပေါ်ချင်သည့် ချင်ခြင်း ဆန္ဒ ပြင်းပြခဲ့ရပါသည်။ ထိုချင်ခြင်း သည် ကျမကဲ့သို့သော ဘာမှ မဟုတ်သည့် စာနယ်ဇင်းသမား တဦးအတွက် အိပ်မက် တခုသာ ဖြစ်မှန်းလည်း သိပါသည်။ ဒါပေ မယ့် ဟင်နရီပေ့လိုပဲ မူဝါဒတိတိကျကျ ကိုင်စွဲတဲ့၊ လွတ်လပ်တဲ့ သတင်းစာ ပေါက်စလေး တစောင် ဖြစ်ဖို့ ကျမတတ်စွမ်းသမျှ ကြိုးပမ်းကြည့်ချင် ပါသေးသည်။
“ကျနော့်သတင်းစာက ကိုယ့်နယ် ကျဉ်းကျဉ်းကလေးထဲမှာ မူဝါဒ တိတိကျကျ ကိုင်စွဲခဲ့တဲ့ သတင်းစာကြီးတွေရဲ့ ခြေရာကို နင်း တယ်။ တိုင်းသူပြည်သားတွေကို ရှေ့ဆောင်ရှေ့ရွက် ပြုတဲ့ သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကို လိုက်တယ်၊ တိုင်းသူပြည်သား တွေကို ဖိုမကိစ္စတွေ၊ အာရုံလိုက်စားမှုတွေ၊ မကြားဝံ့မနာသာ အတင်းအဖျင်းတွေနဲ့ ကြီးပြင်းရတဲ့ နလပိန်းတုံး အရိုင်းအစိုင်း လူမျိုးအဖြစ် မွေးထုတ်မယ့်အစား ဆင်ခြင်တုံတရားကြီးတဲ့ နိုင်ငံသားကောင်းတွေ အဖြစ် မွေးထုတ်ပေးဖို့ ကြိုးစားတဲ့ သတင်းစာကြီးတွေရဲ့ လမ်းကြောင်းကို လိုက်တယ်”
ဟင်နရီပေ့၏ စကားက သတင်းစာသမားကောင်း တဦး၏ လွတ်လပ်သော အတွေးကို ထင်ဟပ်နေသည်။ နယ်ဒေသမှ သိပ်မကြီး ကျယ်သော သတင်းစာတိုက်ကလေးပင် ဖြစ်သော်လည်း ခိုင်မာသော စိတ်ဓာတ်နှင့် တိုင်းပြည် အတွက်၊ သူ့မြို့နယ်အတွက် ထက်သန်သော စိတ်ရှိသည့် သတင်းစာသမားကောင်း တဦးအဖြစ်က အားကျဖွယ်ကောင်းလှသည်။
ပထမအကြိမ် ထုတ်ဝေမှုတွင် ပါရှိသည့် ဘာသာပြန်သူ၏ အမှာကိုလည်း ယခုစာအုပ်တွင် ထပ်ဆင့်ဖော်ပြထားသည်။
“ဥတ္တရ အလင်းသည် ပြည်သူ့အကျိုးဆောင် သတင်းစာကောင်းနှင့် ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည် သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာသမား၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုး၏ ဝိရောဓိတို့ကို ဇာတ်လမ်းဖွဲ့သည်” ဟူ၍ ဘဘဦးဝင်းတင်က ဥတ္တရ အလင်း၏ အချုပ်ကို ၎င်း၏ အမှာတွင် ရေးထားပါသည်။
ဆရာကြီး လူထုစိန်ဝင်းကတော့ “ဥတ္တရ အလင်းကို လူငယ်တွေဖတ်ပြီး ဟင်နရီပေ့ကို အားကျရုံလောက် ရှိတယ်ဆိုရင်ပဲ ကျနော် တို့ အနေနဲ့ ကျေနပ်နိုင်ပါပြီ” ဟု အဆုံးသတ် ရေးသားထားသည်။
ကျမကတော့ ဟင်နရီပေ့ကို အားကျပါသည်။ ပြီးတော့ စာနယ်ဇင်းသမားများ ဖတ်သင့်သော စာအုပ်များကို ဘာသာပြန် ပေးခဲ့ သည့် ဘဘဦးဝင်းတင်ကို အထူး ကျေးဇူးတင်မိပါသည်။ ။