တောင်ကိုရီးယား ပေါ့ပ်အဆိုတော် Baek Ji-young ရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Jung Suk-won ကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်၊ မင်းသား Jung ဟာ သြစတေးလျးနိုင်ငံမှာရှိတဲ့ အရက်ဆိုင်တခုမှာ စိတ်ကြွ မူးယစ်ဆေးသုံးစွဲနေတာကို တွေ့ရှိခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်း၊ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း နိုင်ငံတကာလေဆိပ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ Seoul Metropolitan ရဲတပ်ဖွဲ့အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ “မင်းသား Jung ရဲ့ နိုင်ငံခြားခရီးစဉ်အတွင်းမှာ မူးယစ်ဆေးသုံးစွဲခဲ့တာ ဖြစ်နိုင်ချေရှိတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတခုကို ရရှိခဲ့ပြီးနောက် ဖမ်းဆီးခဲ့တာဖြစ်တယ်”လို့ဆိုပါတယ်။ မင်းသား Jung အနေနဲ့ မူးယစ်ဆေးသုံးခဲ့တယ်လို့ ဝန်ခံထားပြီလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ မင်းသားနဲ့အတူ ကြံရာပါတွေ ရှိ၊ မရှိ ဆိုတာနဲ့ အဲဒီတရားမဝင်ဆေးဝါးကို ဘယ်လိုကိုင်ဆောင်ရရှိခဲ့လဲ ဆိုတာကို ယနေ့၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ ထပ်မံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေး မေးမြန်းမှုပြီးရင်တော့ “ဖမ်းဝရမ်း ထုတ်မယ်၊ မထုတ်ဘူး” ဆိုတာကို ဆုံးဖြတ်မယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မင်းသား Jung ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူရဲတပ်ဖွဲ့ထံကနေ စစ်ဆေးမေးမြန်းချက် ရလာဒ် ရရှိပြီးတဲ့အခါ ယခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေညာချက်တခု မကြာခင် ထုတ်ဖို့ရှိတယ်လို့ မင်းသားရဲ့ အေဂျင်စီက ပြောပါတယ်။

မင်းသား Jung ဟာ သူ့ရဲ့ အနုပညာလုပ်ငန်းကို စတန့်သမားတဦးအနေနဲ့ စတင်ခဲ့တာဖြစ်ပြီး အဲဒီကနေ မော်ဒယ်အဖြစ် ရောက်ရှိလာပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်မင်းသားအဖြစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူဟာ တောင်ကိုရီးယား ပေါ့ပ်အဆိုတော် Baek နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။
Ref ; Yonhapnews