မကြာသေးခင်က အိမ်ထောင်ကျသွားပေမယ့် လှနေဆဲ ရွှေမှုံရတီက သရုပ်ဆောင်ကောင်းရုံတင်မက သူမ ကိုယ်တိုင် သီဆိုထားတဲ့ သီချင်းကိုလည်း ပရိသတ်တွေ သဘောကျနေကြပါတယ်။ ရွှေမှုံရတီက ရှေ့ဆက် သီချင်းတွေ တောက်လျှောက်ဆိုမှာဖြစ်သလို အကယ်ဒမီအတွက်လည်း ရင်ခုန်သံငြိမ်နေတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
“အနုပညာလှုပ်ရှားမှုကတော့ ကြော်ငြာတွေ ရိုက်နေတယ်။ ခရီးကပြန်ရောက်ခါစ ဆိုတော့ ကြော်ငြာတွေ လက်ခံထားပြီးသားဖြစ်နေလို့ အဲဒါတွေ အရင်ဖြတ်ပြီးမှ ကားရိုက်တွေဘက် လှည့်မယ်။ သီချင်း ဆိုဖြစ်တာက ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေ အဆန်းအပြားလေး၊ အပျင်းပြေလေး ပရိသတ်တွေ အတွက် ထုတ်ပြတဲ့ သဘောပါပဲ”
“၂၀၁၈မှာ အကြီးမားဆုံး အပြောင်းအလဲက ယောကျာ်းရသွားတယ်။ ဒါပါပဲ။ အကယ်ဒမီ ရင်ခုန်သံကတော့ ကိုယ့်ထက်ကောင်းနေတဲ့ ကားတွေ ရှိနေတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် အရည်အချင်း မပြည့်သေးဘူးလို့ ခံစားရတယ်။ အဲ့တော့ ရင်ခုန်သံကတော့ ငြိမ်နေဆဲပဲ”လို့ ရွှေမှုံရတီက ပြောပါတယ်။
အမြဲတမ်း အချစ်ပိုနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို ပရိသတ်အချို့ကလည်း အားကျနေကြပါတယ်။ ယောကျာ်းက မျက်နှာမညှိုးအောင်ထားတာကြောင့် တအားရယ်နေလို့ အရေးအကြောင်းတွေတောင်ပေါ်တော့မယ်လို့ ရွှေမှုံရတီက ပြောပါတယ်။
“မိန်းမကို မျက်စိရှေ့ကနေ ၁၀ စက္ကန့်တောင် အပျောက်မခံဘူး။ ကိုယ့်ယောကျာ်း ပိုပိုပြီးချစ်လာတော့ ဝမ်းသာတာပေါ့။ စိတ်ချမ်းသာလို့ ပြည့်လာတယ်။ ယောကျာ်းက မျက်နှာမညှိုးအောင်ထားလို့ တအားရယ်နေလို့ အရေးအကြောင်းတွေတောင်ပေါ်တော့မယ်။ ရည်းစားဖြစ်ကတည်းက မျက်နှာကို မညှိုးအောင်ထားတဲ့ သူဆိုတော့ အိမ်ထောင်ကျပြီးမှ ပိုချစ်တယ်လို့ ခံစားရတယ်။ သူကအရမ်းလည်း ဂရုစိုက်တယ်”
“ကိုယ်ယောကျာ်း ကိုယ့်ကို ယူပြီးတော့မှ ပိုပိုပြီးချစ်လာလို့ ဝမ်းသာတယ်။ ညီမအသက်ကတော့ ငယ်သေးတယ်။ ဒါပေမဲ့ အကောင်းဆုံး အိမ်ထောင်မှု နိုင်နင်းတဲ့ မိန်းမဖြစ်အောင် အိမ်ရှင်မတယောက်ဖြစ်အောင် ညီမကြိုးစားနေပါတယ်။ အိမ်ထောင်ပြုပြီးတာနဲ့ အပျိုနဲ့ ဘာကွာလဲဆို အပျိုလိုတော့ မဟုတ်တော့ဘူး။ စည်းကမ်းလေးတော့ ပိုရှိလာတယ်”လို့ ရွှေမှုံရတီက ဆိုပါတယ်။
အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်တတ်တဲ့ ရွှေမှုံရတီက အကောင်းဆုံး ကြိုးစားနေသရွေ့ အကောင်းဆုံးတွေ ပရိသတ်ကို ချပြနိုင်နေမှာလို့ ပြောပါတယ်။
“အိမ်ထောင်ပြုပြီးမှ စန်းတက်လာတယ်ဆိုတာကို သိပ်ပြီး Serious မဖြစ်ဘူး။ ဘဝမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရဖို့အရေးကြီးတယ်။ အဲ့တော ပျော်စရာပဲ။ ညီမအတွက် အရမ်းစိတ်ချမ်းသာစရာပဲ။ ကိုယ်လုပ်တဲ့ အလုပ်ကို မှားမှားမှန်မှန် ခံရဲတဲ့ သတိရှိရမယ်။ ညီမလုပ်တာ မှားနေလည်း ခံနိုင်တယ်။ မှန်နေလည်း ပျော်တယ်။ မှန်နေရင်တော့ အကောင်းဆုံးပေါ့”
“အကောင်းဆုံးဖြစ်အောင် ဘဝကို လျှောက်မယ်။ စန်းတက်တာတွေ ကျတာတွေ ညီမ မသိဘူး။ အဓိကက ညီမရဲ့ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုပေါ်မှာ မူတည်ပြီး ဒီစန်းတွေဘာတွေက ဖြစ်လာတယ်လို့ ညီမထင်တယ်။ အရာအားလုံးက ညီမပေါ်မှာပဲ မူတည်တယ်။ ညီမအကောင်းဆုံး ကြိုးစားနေသရွေ့ အကောင်းဆုံးတွေ ပရိသတ်ကို ချပြနိုင်မှာပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။
ရွှေမှုန်ရတီနဲ့ ရွှေထူး သီဆိုထားတဲ့ “အမှား” ဆိုတဲ့ သီချင်းက လက်ရှိ ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အောက်တိုဘာ ၃၀ ရက်နေ့က နေပြည်တော် Park Royal Hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာပဲ Inya Lake Hotel မှာ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါတယ်။ ဥရောပနိုင်ငံတွေကို ဟန်းနီးမွန်းထွက်ခဲ့တဲ့ သူတို့စုံတွဲကတော့ အခုဆိုရင် အနုပညာအလုပ်တွေ ကိုယ်စီ ပြန်လုပ်နေကြနေတာ တွေ့ရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ကိုယ်ချစ်တဲ့ သူနဲ့အတူတူ နေချင်တာတော့ မမှားဘူးထင်တာပဲ