အလှမယ် မိုးစက်ဝိုင်ရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့ပွဲကို မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့ရှိ Novotel Hotel Max မှာ အနုပညာ မောင်နှမတွေနဲ့ အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။ မိုးစက်ဝိုင်က မွေးနေ့အလှူအနေနဲ့ မိဘမဲ့ ကလေးကျောင်းမှာ Indoor ကလေးကစားကွင်း ဆောက်လုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“မိုးစက် ခါတိုင်းဆို မွေးနေ့မလုပ်ဖူးပါဘူး။ ဒီတခေါက်မွေးနေ့ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေရော ကိုယ်ချစ်ရတဲ့ သူတွေရော စုပြီးမွေးနေ့ ကျင်းပချင်တယ်။ တချိန်တည်းမှာပဲ Celebrate လုပ်ချင်တယ်။ မိုးစက်မွေးနေ့တိုင်းမှာ ရှိတဲ့ ထုံးစံအတိုင်း ပရဟိတအလုပ်တခုလေးနဲ့ပါ ပူးပေါင်းလုပ်ဆောင်ထားတာပါ။ မွေးနေ့မှာ မိဘမဲ့ကလေး တွေကို နှစ်တိုင်း တခုမဟုတ်တခုလုပ်ပေးတယ်”
“ဒီနှစ်မှာတော့ မိဘမဲ့ကလေးကျောင်းတခုကို လှူတယ်။ မိဘမဲ့ ကလေးကျောင်းလေး တခုမှာ သတိထားမိတာက ဆော့တဲ့အချိန်ဆို ကစားစရာတွေလည်း မရှိဘူး။ ဆရာမတွေနဲ့ပဲ ဆော့တာတွေလည်းရှိတယ်။ အဲ့တော့ Indoor ကလေးကစားကွင်း တခု နေပူပူမိုးရွာရွာ ကလေးတွေနေရိပ်ထဲမှာ ဆော့နိုင်ဖို့ အတွက်ရည်ရွယ်ပြီး လုပ်ပေးထားတာပါ”
“YGW တိုက်ကြီးဘက်က ကျောင်းနဲ့ အရင်ချိတ်ပြီး လှူပါတယ်။ ကလေးတွေကို ပျော်ရွှင်စရာ အချိန်လေးတွေကို ရစေချင်လို့ လှူဖြစ်တာပါ” လို့ အလှမယ် မိုးစက်ဝိုင်က ဆိုပါတယ်။
မိုးစက်ဝိုင်ဟာ သူမရဲ့ မွေးနေ့ပွဲကို “Let’s Party With Wine” လို့ နာမည်ပေးထားတာဖြစ်ပြီး မွေးနေ့ပွဲမှာ သူမ ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “Mozey Collection” အသစ်တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
“မိုးစက် မွေးနေ့ပွဲမှာ မှတ်မှတ်ရရအနေနဲ့ “Y Collection” ဆိုပြီး ထုတ်ဖို့ စီစဉ်ထားတာပါ။ “Y Collection” ဆိုတဲ့ အတိုင်း မိုးစက်ဝိုင်ဆိုတော့ အနုပညာ စလုပ်တဲ့ ၂၀၁၃ ကတည်းက ဝိုင်ဝိုင် ဆိုပြီး စကြတယ်။ ဘာဝိုင်လည်း စကြတော့ မိုးစက်အနေနဲ့ ဒါကို ဝိုင်ပုလင်းလေးတွေနဲ့ Shower Gel ရယ်၊ နောက် နှုတ်ခမ်းနီ ကလည်း ဝိုင်နာမည်လေးတွေနဲ့ ထုတ်ထားပါတယ်” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။
မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင် နေသူ တဦး ဖြစ်ပါတယ်။ Myanmar Heart’s Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့ သူလည်း ဖြစ်ပါတယ်။
မိုးစက်ဝိုင်ကတော့ ၂၀၁၃ ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီဖြစ်သလို Mozey ဆိုတဲ့ Brand ကိုလည်း ကိုယ်တိုင်ဦးစီးပြီး ထုတ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။
You may also like these stories:
အလှအပအတွက် မျက်နှာ ခွဲစိတ်ကုသမှု လုပ်ရမှာ ကြောက်တဲ့ နန်းသူဇာ
သီချင်းဆိုတာအပြင် အိမ်မှုကိစ္စပါ နိုင်နင်းတဲ့ အဆိုတော် ပိုပို
တေးရေးဆရာတဦးနဲ့ အကြားက ပြဿနာအကြောင်း ပြောပြတဲ့ ခွန်းဆင့်နေခြည်
မိဘမဲ့ကလေး အယောက် ၁၀၀ ကို ကစားကွင်း လိုက်ပို့ခဲ့တဲ့ ရွှေပိုးအိမ်