ယနေ့၊ ဇွန်လ ၁၆ ရက်နေ့ (တနင်္ဂနွေနေ့) ဟာ အဖေများနေ့ပါ။ အဖေများနေ့နဲ့ ပတ်သက်ပြီး အဖေနဲ့ အမှတ်တရတွေ အကြောင်း ပြည်သူချစ် အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင် နန်းဆုရတီစိုး၊ ယဉ်လက်၊ ထက်ထက်ထွန်းတို့ရဲ့ စကားသံများကို ဧရာဝတီက မေးမြန်း ဖော်ပြလိုက်ပါတယ်။
သရုပ်ဆောင် နန်းဆုရတီစိုး
“တကမ္ဘာလုံးမှာရှိတဲ့ အဖေများနေ့လေးပေါ့။ အဲ့လို နေ့လေးမှာ အဖေ့ကျေးဇူးကိုလည်း အမှတ်ရ အောက်မေ့ပါတယ်။ အဖေ့ကို အဖေများနေ့မှာ ပြောချင်တဲ့ စကားဆိုရင်တော့ ဒီလိုမျိုး ကိုယ့်ကို ပြုစု၊ ပျိုးထောင်ပေးခဲ့ပြီး လမ်းညွှန်ဆုံးမပေးခဲ့ပြီး လမ်းကြောင်းပေါ်တင်ပေးနိုင်တဲ့ အဖေ့ကို ကျေးဇူးတင်ပါတယ်။ ဂုဏ်ကျေးဇူးတွေကိုလည်း ဂါဝရ ပြုပါတယ်”
“နန်းစုနဲ့ မောင်လေးနဲ့ အဖေနဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်အောင် ဆိုဖြစ်တဲ့ သီချင်းလေးပေါ့။ အဲ့သီချင်းလေးကတော့ နန်းစု ငယ်ငယ်ကတည်းက အဖေက သားသမီးတွေရဲ့ ပညာရေးတွေ၊ လူမှုရေးတွေ အဆင်ပြေအောင် အဝေးမှာနေပြီး အလုပ်လုပ်ရတာ ။ တနှစ်မှတခါ ၂ နှစ်မှတခါ ပြန်လာတာ။ အခုနောက်ပိုင်းကတော့ အဖေက အချိန်ပိုပြီးပေးနိုင်တော့ ကိုယ်က ပြုစုစောင့်ရှောက်နေရတဲ့အချိန် ပြန်ရောက်လာပြီပေါ့”
“အဲ့သီချင်းကတော့ အဖေအဝေးမှာ စီးပွားရှာနေတုန်းက သိပ်မတွေ့ရတဲ့ အချိန်မျိုးမှာ လွမ်းလို့ ဆိုဖြစ်တဲ့သီချင်းလေးပါ။ အဲ့သီချင်းလေးကတော့ နန်းစုတို့ မောင်နှမအတွက် အမြဲတမ်း အမှတ်တရ ရှိနေစေမှာပါ။ နန်းစုအတွက်ကတော့ နေ့တိုင်းက အဖေများနေ့ပါပဲ။ အဖေ၊ အမေကို အရမ်း ရိုသေလေးစားပြီး ဂရုစိုက်တတ်တဲ့ သားသမီးတယောက်ပေါ့နော်။ အဖေများနေ့ရယ်မှ မဟုတ်ဘူး။ နေ့တိုင်းအဖေ့ကို စိတ်ချမ်းသာအောင် ထားတယ်။ အဖေများနေ့ဆိုပြီး လက်ဆောင် ရည်ရွယ်ပြီးတော့ ပေးတာတော့ မရှိဘူး။ အဖေ လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးတယ်”လို့ နန်းဆုရတီစိုးက ဧရာဝတီကို ပြောပါတယ်။
သရုပ်ဆောင် ယဉ်လက်
“သမီးက အဖေချစ် သမီးပေါ့။ ကမ္ဘာမှာရှိတဲ့သူတိုင်းက အဖေကို ပိုချစ်တယ်ဆိုပြီး ပြောလေ့ ရှိကြတယ်။ တကယ်တော့ အဖေရော၊ အမေရောက ကိုယ့်အတွက် ကျေးဇူးရှင်တွေပါ။ သမီးအတွက်ကတော့ အဖေက အဖေလိုရော၊ အမေလိုရော၊ အစ်ကိုလိုရော ဖြစ်တဲ့အတွက် အဖေက သမီးအတွက် အကောင်းဆုံးလက်ဆောင်ပါ”
“အဖေများနေ့ရယ်မှ မဟုတ်ပါဘူး။ ဖေဖေက အမြဲတမ်း သမီးနဲ့ အတူတူ ရှိနေတာဆိုတော့ နေတိုင်းက အဖေများနေ့ပါပဲ။ လက်ဆောင်တွေကိုတော့ ဖေဖေ့ မွေးနေ့မှပဲ ပေးဖြစ်တယ်။ တကယ်တမ်း သမီး ခံယူထားတာက အဖေ့ကို စိတ်ချမ်းသာအောင်ထားတာက အဖေ့အတွက် အကောင်းဆုံးလက်ဆောင်ပါပဲ။ အဖေက တခါတလေ သူငယ်ချင်း၊ တခါတလေ မာမီ။ ဘက်စုံပေါင်းလို့ရတဲ့ အဖေမျိုးပေါ့။ အမြဲတမ်း သမီးနားမှာနေပြီး သမီးကို ထောက်ပံ့ပေးတယ်။ သမီး ဘဝတလျှောက်လုံးကို Plan တွေ ချပေးတယ်။ အဖေက သမီးအတွက် အရာရာပါပဲ”လို့ ယဉ်လက်က ဆိုပါတယ်။
အလှမယ် ထက်ထက်ထွန်း
“အဖေများနေ့ရယ်လို့ ထွေထွေထူးထူး ဖြတ်သန်းဖြစ်တာ မရှိဘူး။ နေ့စဉ်၊ နေ့တိုင်းကတော့ အဖေနဲ့ လူချင်း မတွေ့ရင်တောင် ဖုန်းနဲ့ စကားတွေ ပြောဖြစ်တယ်။ နေ့တိုင်းက အဖေများနေ့။ နေ့တိုင်း အဖေ့ကို ဂရုစိုက်တယ်။ ထွေထွေထူးထူး လုပ်ပေးတာတော့ မရှိဘူး။ ထက်လုပ်နေတာတွေ အကုန်လုံးက ထက်ရဲ့ မိဘ နှစ်ပါးအတွက် ထက်မိဘတွေကို စိတ်ချမ်းသာအောင် ထားတယ်။ မိဘကွယ်ရာမှာလည်း မိဘ မကြိုက်တာ မလုပ်ဘူး”
“ထက်အဖေက ထက်ကို အရမ်းချစ်ပေးပြီး ထက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော ယောကျာ်းတယောက်ပေါ့။ ထက်ကို သန်မာတဲ့ ထက်ထက်ထွန်းဖြစ်အောင် ပုံသွင်းပေးခဲ့တဲ့ သူတယောက်ပါ။ စီးပွားရေး အသင့်တင့်ရှိတဲ့ မိသားစုမှာ ထက်ကို လိုလေးသေး မရှိအောင် ဖြည့်ဆည်းမပေးခဲ့ဘူး။ ဖြည့်ဆည်း မပေးခဲ့တာတွေက ထက်ထက်ထွန်းဆိုတဲ့ သူကို ပိုပြီး သန်မာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်အောင် ကိုယ်အရည်အချင်းကို ချပြနိုင်အောင် ပုံစံသွင်းပေးလိုက်တယ်လို့ ထင်တယ်။ အဲ့အတွက် အဖေက ထက်ဘဝကို ပုံသွင်းပေးတဲ့ ကျေးဇူးရှင်ပါ”လို့ ထက်ထက်ထွန်းက ပြောပါတယ်။