မင်းသမီး ဆောင်းဟေဂိုနဲ့ မင်းသား ဆောင်းဂျွန်ကီတို့ရဲ့ ကွာရှင်းမှုနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ဖြန့်ချိနေတာနဲ့ မလိုမုန်းထားတဲ့ မှတ်ချက်တွေကို ရေးသားနေကြတဲ့ အင်တာနက် အသုံးပြုသူတွေကို ရဲတပ်ဖွဲ့ထံ ဇူလိုင်လ ၂၅ ရက်နေ့မှာပဲ တိုင်ကြားလိုက်ပါတယ်။
ဆိုးလ်မြို့ တောင်ဘက်မှာရှိတဲ့ ဆောင်နမ်မြို့က ဘွန်ဒန်ရဲစခန်းထံ တိုင်ကြားချက်ထဲမှာ UAA အင်တာတိန်းမန့်ဟာ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း အသိုက်အဝန်း အသီးသီးမှာ ကောလာဟလတွေကို ဖြန့်ဖြူးပြီး မင်းသမီးကို အသရေ ဖျက်နေတယ်လို့ သံသယရှိသူတွေကို အပြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
UAA က “ကျနော်တို့ဟာ ထင်ရှားတဲ့ ကောလာဟလ သတင်းအမှားတွေကို ဖြန့်ဖြူးပြီး ရန်လိုတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ လူတော်တော်များများကို တိုင်ကြားချက် ကနဦးမှာ လျှောက်ထားခဲ့ပါပြီ။ သူတို့အတွက် ကျနော်တို့ဟာ သက်သေတွေ စုဆောင်းမှု ပြီးစီးခဲ့ပါပြီ”လို့ ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
အေဂျင်စီကတော့ သက်သေတွေကို စုဆောင်းခဲ့ပြီးတဲ့နောက်မှာ မင်းသမီးကို နာမည်ဖျက်နေတဲ့အတွက် Youtube နဲ့ အွန်လိုင်း အသိုင်းအဝန်းတွေထဲက အသုံးပြုသူတွေကို ရာဇဝတ်မှုဆိုင်ရာအရ တရားစွဲဖို့ စီစဉ်နေပြီး ဇွန်လ ၂၈ ရက်နေ့မှာ တရားရေးရာ ကိုင်တွယ်ဖို့ ဥပဒေကုမ္ပဏီ Kim & Chang ကိုလည်း ခန့်အပ်ထားပြီလို့ သိရပါတယ်။
သတင်းအမှားတွေနဲ့ ကောလာဟလတွေ ဖြန့်ချိ ရေးသားနေသူတွေကို သနားငဲ့ညှာမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့တုန်းကတော့ မိသားစု တရားရုံးကနေ မင်းသားနဲ့ မင်းသမီး ကွာရှင်းဖို့ လျှောက်ထားချက်ကို အတည်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာတော့ သူတို့နှစ်ဦးရဲ့ တရားရေးဆိုင်ရာ ကိုယ်စားလှယ်တွေကနေ ၂ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်ပြီး ကွာရှင်းခွင့် လျှောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် မင်းသား ဆောင်းဟာ သူ့ထက် အသက် ၄ နှစ်ကြီးတဲ့ မင်းသမီး ဆောင်းနဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာတော့ နာမည်ကျော် ပုဂ္ဂိုလ်တွေကို အွန်လိုင်းမီဒီယာတွေပေါ်မှာ အသရေဖျက်နေသူတွေ၊ အပုပ်ချနေသူတွေ၊ ကောလာဟလ လွှင့်သူတွေကို တရားစွဲဆိုတာ၊ တိုင်တန်းတာတွေကို လုပ်ဆောင်ပြီး နစ်နာသူ အနုပညာရှင်တွေကို ကာကွယ်ပေးလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း Facebook လူမှုကွန်ရက်မှာ အနုပညာရှင်တွေကို အပုပ်ချတာတွေ၊ အသရေဖျက်တာတတွေ၊ သတင်းအမှား လွှင့်တာမျိုးတွေကို ပြုလုပ်ကြသူတွေရှိပြီး အဲဒီလို ပြုလုပ်ရင်တော့ အနုပညာရှင်များက ဥပဒေ ပုဒ်မ ၆၆ ဃ ဒါမှမဟုတ်၊ အသရေဖျက်မှုနဲ့ ပြုလုပ်သူများကို ပြန်လည် တရားစွဲဆို တိုင်ကြားလေ့ ရှိပါတယ်။
Ref. Yonhap News
You may also like these stories:
မင်းသား ဆောင်းဂျွန်ကီနဲ့ မင်းသမီး ဆောင်းဟေဂိုတို့ တရားဝင် ကွာရှင်းပြီးစီး
ဇာတ်လမ်းတွဲ မရိုက်ဖြစ်တာ ကွာရှင်းမှုနဲ့ မဆိုင်ဘူးလို့ ဆောင်းဟေဂိုရဲ့ အေဂျင်စီ ပြောကြား