ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန်အတွက် ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ လူမင်းက စတင်ရိုက်ကူးခြင်း အခမ်းအနားကို မကြာခင် ကျင်းပတော့မယ်လို့ ပြောပါတယ်။
“ကျနော်တို့ စက်တင်ဘာ ၂၄ ရက်နေ့၊ ရွှေတိဂုံဘုရားမှာ ကန်တော့ပွဲပေးပြီးတော့ နေ့လယ်ပိုင်း နိုဗိုတယ်မှာ စတင်ရိုက်ကူးခြင်း အခမ်းအနားကို စတင်တော့မှာပါ။ ရုပ်ရှင်က ရိုက်ဖို့ အစပြုခဲ့တာ ၇ နှစ်၊ ၈ နှစ်ဖြစ်သွားပြီဆိုတော့ ပရိသတ်တွေက မျှော်တဲ့သူလည်း မျှော်တယ်၊ မယုံကြည်တော့တဲ့ ပရိသတ်တွေလည်းရှိတယ်၊ မမျှော်လင့်တော့ဘူးဆိုပြီး လက်လျှော့သွားတဲ့သူတွေလည်း ရှိတယ်”
“ဗိုလ်ချုပ် ဘဝတလျှောက်လုံးမှာ ခက်ခက်ခဲခဲနဲ့ နိုင်ငံအတွက် ပင်ပင်ပန်းပန်း ရုန်းကန်သွားရသလိုပဲ အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံနဲ့ ဆောင်ရွက်နေရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့်လည်း ကြန့်ကြာနေခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေ့၊ ဒီအချိန်မှာတော့ စတင်ရိုက်ကူးခြင်း အခမ်းအနားကို မကြာခင် ကျင်းပနိုင်တော့မှာဖြစ်လို့ ဆုံးခန်းတိုင်အောင်လုပ်ဖို့အတွက် ပံ့ပိုးကူညီမှုတွေရော၊ ပြင်ဆင်မှု အနေအထားတွေရော အားရကျေနပ်မှု နေရာတခုကို ရောက်နပါပြီ”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်မှာ အပိုင်းတွေ အများကြီးမို့ တပိုင်းနဲ့ တပိုင်းကို အချက်အလက် မှားယွင်းမှု မရှိရေး တိတိကျကျ ပြင်ဆင်နေတယ်လို့ ဒါရိုက်တာ လူမင်းက ဆိုပါတယ်။
“အပိုင်းတွေ အများကြီးမို့ တပိုင်းပြီး တပိုင်း ရိုက်သွားမှာပါ။ ကားတကားလုံးရဲ့ ရှေ့အပိုင်းကိုတော့ ကျနော်တို့ မြန်မာနိုင်ငံကြီးဆိုတာ ကိုယ့်ထီးကိုယ်နန်း ကိုယ်ယဉ်ကျေးမှု၊ ဘာသာ သာသနာနဲ့ နေထိုင်တဲ့သူတွေ နေထိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ရှေ့ပိုင်းလေးမှာ နည်းနည်းလေး ပါဖို့ရှိတယ်။ အဲ့အပိုင်း အရင် စရိုက်ပါမယ်”
“ရိုက်ကူးရေး ကာလကတော့ အောက်တိုဘာမှာ စရိုက်တယ်ပဲထား၊ ဖေဖော်ဝါရီလလောက်အထိ လျာထားပါတယ်။ ဂျပန်သရုပ်ဆောင် ရွေးချယ်မှု အပိုင်းတွေလည်း ပြီးပါပြီ။ လိုအပ်တဲ့ သရုပ်ဆောင်ပိုင်းတွေလည်း အားလုံးရပါပြီ။ ဗိုလ်ကြီး ဆူဇူကီး နေရာမှာ သရုပ်ဆောင်ဖို့လည်း ဂျပန်နိုင်ငံမှာ လက်ရှိသရုပ်ဆောင်လုပ်နေတဲ့ သူကို ဆက်သွယ် ငှားရမ်းထားပြီး ဖြစ်ပါတယ်”လို့ လူမင်းက ဆိုပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်ရုပ်ရှင်အတွက် အချက်အလက် မှားယွင်းမှု မရှိအောင်လည်း တိတိကျကျ ပြင်ဆင်နေတယ်လို့ လူမင်းက ပြောပါတယ်။
“ဝတ်စုံတွေ၊ ဓားတွေ၊ သေနတ်တွေကအစ တိတိကျကျကို ပြင်ဆင်ထားပါတယ်။ အချက်အလက် မှားယွင်းမှု မရှိရေးကိုလည်း ကျနော်တို့ဘက်က တိတိကျကျ ပြင်ဆင်နေပါတယ်။ ကျနော် အလုပ်နဲ့ တဆင့်ချင်း သက်သေပြသွားပါမယ်။ အရမ်းလည်း စိုးရိမ် ပူပန်နေတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခက်ခဲတဲ့ အလုပ်တခု ဖြစ်တဲ့အတွက် ကျနော်တို့ အမြန်ဆုံး ရိုက်ကူးပြီး နောက်နှစ်ထဲမှာ ရုံတင်နိုင်အောင်လည်း လက်တွေ့ကျကျ ကြိုးစားနေပါတယ်။ ကျနော်တို့ ကြိုးစားမှုတွေကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို စက်တင်ဘာလကုန် စတင်ရိုက်ကူးမှာဖြစ်ပြီး အကြမ်းဖျဉ်းအားဖြင့် ၂၀၂၀ ဇန်နဝါရီလကုန်မှာ အပြီးရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ရဲ့ ငယ်ဘဝကနေ စတင်ရိုက်ကူးသွားမယ့် ရုပ်ရှင်မှာ ဇာတ်ဝင်ခန်း ၁၁၆ ခန်း ပါဝင်သွားမှာ ဖြစ်ပြီး သမိုင်းထဲက နေရာတွေကို ရှာဖွေပြီး ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ပုံငွေ ကျပ်သိန်းပေါင်း ၁ သောင်းခွဲ အကုန်ကျခံ ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ လူမင်းက ဒါရိုက်တာအဖြစ် ဦးဆောင် ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ သရုပ်ဆောင် ဘုဏ်းသိုက်က တာဝန်ယူထားတယ်လို့ သိရပါတယ်။
You may also like these stories:
“ညစ်တွန်း”ရုပ်ရှင်က အိန္ဒိယဇာတ်ညွန်းကို တရားဝင် ဝယ်ယူပြီး ရိုက်ခဲ့တာလို့ လူမင်းပြော
“ရုပ်ရှင်ကားတိုင်းက Message တွေ ပေးနေမယ်တော့ မရည်ရွယ်ဘူး”လို့ လူမင်း ပြော
“ဗိုလ်ချုပ်ရုပ်ရှင်”ကို စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မယ် လို့ လူမင်းပြော