အဆိုတော် Lဆိုင်းဇီကတော့ သူ့ရဲ့ အဒေါ်ဖြစ်သူ L ခွန်းရီရဲ့ တချိန်က အောင်မြင်ခဲ့တဲ့ သီချင်းများကို Version ပြောင်းကာ “မိုးကောင်းကင်ခရီး” ဆိုတဲ့ နာမည်နဲ့ အခွေပြန်လည် ထွက်ရှိမှာဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ သီချင်းများ မြှုပ်ကွယ်သွားမှာ ကြောက်တာကြောင့် ပြန်ဆိုဖြစ်တာလို့ ပြောပါတယ်။
“အန်တီခွန်းရီရဲ့ သီချင်းတွေက အရမ်းကောင်းတယ်။ ပြန်ဆိုတဲ့သူတွေဆိုရင် မဆုန်းသင်းပါရ် ရှိမယ်။ မချောစုခင် ရှိမယ်။ ချမ်းချမ်း ရှိမယ်။ ညီမလေး လိမ္မော်သီးတို့လည်း ဆိုထားတယ်။ ဒါပေမယ့်လည်း သီချင်းတွေအကုန်လုံးကို ဆိုတာ မရှိဘူးပေါ့။ အဲဒါကြောင့် ဆိုင်းဇီအဒေါ်ရဲ့သီချင်းတွေ မြှုပ်ကွယ်သွားမှာကိုကြောက်တယ်။ အဲဒါကြောင့်ပြန်လည်ဖော်ထုတ်ပြီး သီဆိုတာပါ။ အဒေါ်ကလည်း ခွင့်ပြုတယ်။ တေးရေးဆရာတွေကလည်း ခွင့်ပြုတယ်” လို့ Lဆိုင်းဇီက ပြောပါတယ်။
အခွေထဲမှာတော့ Lဆိုင်းဇီနဲ့အတူ L ခွန်းရီလည်း ပါဝင်သီဆိုထားပြီး အဆိုတော် ငယ်ငယ်နဲ့ မိုးသောက်တို့ လည်း ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။
“ဒီအခွေလေး နာမည်ကတော့ “မိုးကောင်းကင်ခရီး”လို့ အမည်ရပါတယ်။ ဆိုင်းဇီရဲ့အဒေါ် Lခွန်းရီရဲ့ အရမ်းအောင်မြင်ခဲ့တဲ့ သီချင်းတွေကို ဒီခေတ်ပုံစံ ဆိုင်းဇီရဲ့ပုံစံနဲ့ Version ပြောင်းပြီးသီဆိုထားတာပါ။ ဒီအခွေထဲမှာ သီချင်း ၁၁ပုဒ်ပါမယ်။ Lခွန်းရီရေးပေးတဲ့သီချင်းတွေလည်း ပါမယ်။ နောက်ပြီး အန်တီနဲ့ Duet ပါတယ်။ အဆိုတော် ငယ်ငယ်နဲ့ Rap ပါမယ်။ မိုးသောက်ပါမယ်။ ပြီးရင် ဆိုင်းဇီရဲ့အစ်ကိုပါမယ်” လို့ Lဆိုင်းဇီကပြောပါတယ်။
“မိုးကောင်းကင်ခရီး” အခွေကိုတော့ ၂၀၁၆ ခုနှစ်က စတင်စီစဉ်ခဲ့တာဖြစ်ပြီး ၂၀၁၈ မှာ CD အနေနဲ့ထွက်လို့ရပေမယ့် မထွက်ခဲ့ဘဲ ယခု ၂၀၁၉ခုနှစ်ရဲ့ အောက်တိုဘာလ ၅ ရက်နေ့မှသာ DVD အဖြစ် ထွက်ရှိမှာဖြစ်ပါတယ်။
“ဒီအခွေကို ၂၀၁၆လောက်ကတည်းက စီစဉ်တယ်။ ၂၀၁၇ မှာ တီးတယ်။ ၂၀၁၈ လောက်မှာ ကတည်းက CD ထွက်လို့ရပြီ။ ဒါပေမယ့် CD နဲ့ DVD တခါတည်း ထွက်လိုက်ချင်တယ်။ အဲဒါကြောင့် ၂၀၁၈ မှာတော့ အွန်လိုင်းကနေ တပုဒ်ပြီးတပုဒ်တော့ ထွက်တယ်။ အခု ၂၀၁၉ အောက်တိုလာမှာတော့ အခွေထွက်မှာပါ” လို့ Lဆိုင်းဇီက ပြောပါတယ်။
အဒေါ်ဖြစ်သူရဲ့သီချင်းများကို ပြန်ဆိုရတဲ့အခါမှာ အခက်အခဲရှိခဲ့လားဆိုတာကိုလည်း L ဆိုင်းဇီက အခုလိုဆိုပါတယ်။
“တာဝန်ကြီးလားဆိုတော့ တပုဒ်ပဲပေါ့။ မှားလားဆိုတဲ့ သီချင်းကို ဒီအခွေမှာ မထည့်သေးဘူး။ ဒုတိယအခွေကျမှပဲ ထည့်ရင်ကောင်းမလား မသိဘူးပေါ့။ ဒါပေမယ့် ဆရာမြင့်မိုးအောင်က သမီးဒီသီချင်းအရမ်းကောင်းတယ်။ သီချင်းက အရမ်းအေးတာကြောင့် စင်ပေါ်မှာ အိပ်ပျော်သွားမှာစိုးလို့ ဆရာက သီချင်းကို Arrange လုပ်ပေးတယ်။ နောက်ပိုင်းမှာ တန်ပိုမြင့်ပေးတယ်။ ဒီသီချင်းတပုဒ်လောက်ပဲ တာဝန်ကြီးတယ်။ အကောင်းဆုံးတော့ လုပ်ထားပါတယ်” လို့ ပြောပါတယ်။
အဆိုပါ L ခွန်းရီရဲ့ သီချင်းများကိုတော့ ၃ ခွေတိုင်တိုင် ထွက်သွားမှာဖြစ်ပြီး L ဆိုင်းဇီရဲ့အဖေဖြစ်သူကလည်း တေးရေးဆရာတဦး ဖြစ်တဲ့အတွက် ဖခင်ဖြစ်သူရဲ့သီချင်းများကိုလည်း အမှတ်တရအဖြစ် ၁ ခွေထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။