မြန်မာနိုင်ငံမှာရှိတဲ့ အလှမယ်များထဲမှာ ပုံစံတမျိုးနဲ့ အမြဲတမ်းလှပနေတဲ့ အလှမယ်ရွှေအိမ်စည်ကတော့ လှရတဲ့အလုပ်က မလွယ်တဲ့အတွက် တခါတလေကျရင် မလှချင်တော့ဘဲ လှရတာပင်ပန်းတယ်လို့ ပြောပါတယ်။
“တနေ့နဲ့တနေ့တော့ ပိုပြီးတော့ လှအောင်နေနေရတာပေါ့။ တခါတလေကျရင်လည်း မလှချင်တော့ဘူး။ လှရတာ ပင်ပန်းလို့လေ။ တကယ်တော့လှရတာ ပင်ပန်းတယ်။ ဒီအလုပ်က မလွယ်ဘူး။ အလှအပတရားကလေ ပြင်မယ်ဆိုရင် ခေါင်းအစခြေအဆုံးပြင်ရတာ။ ဆံပင်တခုတည်းမှာတင် အမျိုးမျိုးလုပ်နေရတာ”
“ခြေသည်းဆိုရင်အမျိုးမျိုးပဲ Keep Up တော့လုပ်နေရတာပဲ။ ဘယ်လောက်ကြာကြာ လုပ်ရမလဲ ကြည့်ရတာပေါ့” လို့ အလှမယ် ရွှေအိမ်စည်ကပြောပါတယ်။
အလှအပနဲ့ပတ်သက်ပြီးတော့ သူမကိုအားပေးနေတဲ့ ပရိသတ်တွေထဲမှာ ကျောင်းတက်တဲ့အရွယ် ဆယ်ကျော်သက်တွေ ပါဝင်နေတာကြောင့် သူတို့အတွက် သဘာဝမဆန်တဲ့ အလှတရားတွေကို မဖော်ပြချင်ဘဲ တကယ့်အစစ်အမှန်ကိုပဲ အားပေးစေချင်တယ်လို့ ဆိုပါတယ်။
“အိမ်စည်ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေဖတ်တဲ့အခါမှာ ဘယ်မှာဆိုက်ကိုဖောက်လဲဆိုရင် ခြေသလုံးပေါ့။ မော်ဒယ်မလေး တွေက သွယ်သွယ်လေးနဲ့ဖြစ်နေတယ်။ ငါ့ခြေသလုံးကြီးက မည်းတော့ မမည်းပါဘူး။ သူတို့လိုမဖြစ်ဘူးပေါ့ ။ ဒါပေမယ့် သူတို့ကိုပုံထဲမှာကြည့်တော့ အရမ်းချောပြီး အပြင်မှာ မရှိနိုင်လောက်အောင် လှပလွန်းလှတယ်”
“ အဲဒါနဲ့သူတို့ကိုကြည့်ပြီး ဆိုက်ကိုဖောက်တဲ့အချိန်လေးတွေရှိတော့ နောက်ပိုင်းမှာ အနုပညာလောကထဲက မဟုတ်ဘဲ အပြင်က အိမ်စည်တို့ကို အားပေးနေတဲ့ ကလေးတွေ ရှိတယ်။ ဆယ်ကျော်သက်လေးတွေရှိတယ်။ သူတို့တွေကို သဘာဝမဆန်တဲ့အလှတရားတွေကို မဖော်ပြချင်ဘူး။ တကယ့်အစစ်အမှန်ကိုပဲ အားပေးစေချင်တယ်” လို့ ရွှေအိမ်စည်ကပြောပါတယ်။
တချို့လူများက အပြင်မှာရှိနေတဲ့ ရုပ်နဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မြင်တွေ့ရတဲ့ရုပ်ဟာ မတူညီတဲ့အခါမျိုးမှာ ဆိုရင်လည်း မမှတ်မိတဲ့အတွက် ခေါင်းစားရတယ်လို့ ဆိုပါတယ်။
“တချို့က ဆယ်ဖီရိုက်လိုက်တဲ့အခါ ရုပ်ဆိုးသွားတယ်လို့ပြောတာ မဟုတ်ဘူး။ မတူတော့တာ လူ ၂ယောက်ကြီး ဖြစ်သွားတာ။ Facebook ပေါ်မှာ Add ထားတယ်။ ကြည့်လိုက်တော့ ဒီလူငါ့အကောင့်ထဲမှာ ရှိမနေဘူး။ ရှိလို့လားပေါ့။ ပြီးတော့မှရှိနေတယ်။ ကိုယ့်အနေနဲ့ အပြင်ကလူရယ် Facebook ထဲကလူရယ်ကို တွဲပြီးမှတ်ရတာ ခေါင်းနည်းနည်း စားတယ်။ မှတ်ရတာတွေများနေတော့ တူရင်တော့ ပိုကောင်းတာပေါ့။ အိမ်စည်က မှတ်မိတာမဟုတ်ဘူး” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ဆက်လက်ပြီး “ ပြီးတော့ အိမ်စည်က ပုံတင်ရင် ကာလာ Tone ကိုအရမ်းကြည့်တယ်။ အဲဒါပဲပြင်တာ များတယ်။ ပြီးရင် Face Smooth တွေအရမ်းမလုပ်ဘူး။ အဖုလေးတွေဖျောက်တယ်။ အရမ်းကြီးလုပ်တာတို့ မဖြစ်နိုင်တာတွေနဲ့ သူများကိုစိတ်ဒုက္ခမပေးချင်ဘူး”
“ကိုယ်လည်းအဲ့လောက်လှနေတာ မဟုတ်ဘူး။ အရုပ်မလိုဖြစ်နေတာ မဟုတ်ဘူးလေ။ အားပေးတဲ့ပရိသတ်ကို ကိုယ့်ရဲ့အစစ်အမှန်အတိုင်း အားပေးစေချင်တယ်” လို့ပြောပါတယ်။
ရွှေအိမ်စည်ကတော့ သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ်းလှမ်းခဲ့ပြီးနောက်ပိုင်း ရိုက်ကူးခဲ့တဲ့ “ကြိုးဖုန်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်ပြသခဲ့ပြီး မကြာခင်မှာလည်း “မာယာရထားမောင်းတဲ့ မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ဗီလိန်ကာရိုက်တာနဲ့ မြင်ရမှာဖြစ်ပါတယ်။