“အချစ်ဖြင့် လွမ်းစေ” ဇာတ်ကားမှာ ဥပဒေကျောင်းတက်နေတဲ့ ကျောင်းသား တယောက်အနေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် မာန်ဟိန်းခန့်က သရုပ်ဆောင်မှုတွေကို ပြန်ကြည့်ရချိန်မှာ ကျေနပ်မှုရှိတယ်လို့ ဆိုပါတယ်။
“အချစ်ဖြင့် လွမ်းစေ ဇာတ်ကားထဲမှာ ဥပဒေကျောင်းတက်နေတဲ့ ပန်းချီဆရာ၊ ကဗျာဆရာ ထင်လင်းနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ကျနော့် ကာရိုက်အတွက် ကျနော်တို့ Training တွေ ဆင်းပြီးတော့ ဒီကာရိုက်တာကို မွေးယူရတယ်။ ကိုဒေါင်းနဲ့ တွဲဖက် သရုပ်ဆောင်ရတာ ပညာတွေလည်း ရပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း လေ့လာရတယ်။ သူကိုယ်တိုင်လည်း ကာရိုက်တာပေါ်မှာ ဘယ်လို မွေးယူ သရုပ်ဆောင်လဲဆိုတာကို အနီးကပ် သင်ယူနိုင်ခဲ့တယ်”လို့ မာန်ဟိန်းခန့်က ပြောပါတယ်။
ဆက်လက်ပြီး မာန်ဟိန်းခန့်က ဒီဇာတ်ကား ရိုက်ကူးချိန်မှာလည်း ဝါရင့် သရုပ်ဆောင်တွေနဲ့အတူ ရင်းရင်းနှီးနှီး ရှိနေတဲ့အတွက် ရိုက်ကူးရေးမှာ အဆင်ပြေတယ်လို့ ပြောပါတယ်။
“သရုပ်ဆောင်တွေ အကုန်လုံးက ရိုက်ကွင်းပြင်ပမှာလည်း ရင်းရင်းနှီးနှီးနဲ့ ဖြစ်နေတော့ သရုပ်ဆောင် တဲ့အခါမှာလည်း ရှိန်နေတာမျိုး မဖြစ်တော့ဘဲနဲ့ ဇာတ်ကားထဲမှာ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော့် သရုပ်ဆောင်မှုတွေကို ပြန်ကြည့်ရချိန်မှာ ကျေနပ်မှုရှိတယ်။ ကြိုးစားပြီးတော့ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ကျနော်ဖြစ်ချင်တဲ့ သရုပ်ဆောင်ဆိုတာကို လုပ်ခွင့်ရတယ်။ ဝမ်းသာတယ်။ ကျနော့် ကာရိုက်တာလေးကိုလည်းကြည့်ရှု ဝေဖန်ပေးကြပါဦး”လို့ မာန်ဟိန်းခန့်က ပြောပါတယ်။
“အချစ်ဖြင့် လွမ်းစေ” ဇာတ်ကားကြည့်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အမှတ်ရစေမှာပါလို့ မာန်ဟိန်းခန့်က ဆိုပါတယ်။
“ဒီကားမှာ မပိုင်ဖြိုးသု ကာရိုက်တာ အရမ်းကောင်းတယ်။ ကျနော်တို့လည်း သဘောကျတယ်။ မိုးမူ ဆိုတဲ့ ကာရိုက်တာလေးနဲ့ လိုက်ဖက်တယ်။ သနားဖို့ကောင်းတယ်။ နောက်ဆုံးမှာ မိုးမူကြောင့် လွမ်းပြီး ကျန်ခဲ့တဲ့ ရသကို ရရှိစေတယ်။ အချစ်ဖြင့်လွမ်းစေကားလေးကလည်း ရန်ကုန်တက္ကသိုလ်ရဲ့ နှစ်တရာ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရိုက်ထားတာမို့ အမှတ်တရကျန်ခဲ့မယ့် ကားလေးတကားပါ”
“ကျနော့်အနေနဲ့လည်း ဒီကျောင်းကြီးနဲ့ ပတ်သက်ပြီး အမှတ်တရ တခု ကျန်ခဲ့တာမို့ ဝမ်သာပီတိ ဖြစ်မိပါတယ်။ အချစ်ဖြင့် လွမ်းစေ ဇာတ်ကားကြည့်ရင် တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို အမှတ်ရစေမှာပါ။ ဒီကားလေးက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ အဲ့အတွက် တဖွဲ့လုံးကို အားပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ မာန်ဟိန်းခန့်က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသမယ့် “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသုနဲ့ အတူ မာန်ဟိန်းခန့်၊ အိန်ဂျယ်လမုန်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။